Thursday, September 3, 2026

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂

မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရအနေဖြင့် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ ၁၀၈၆ ဦးကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းကာ မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။

ယခုအခါ အလားတူ မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁၄၇၆ ဦးအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရအနေဖြင့် မလေးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

သို့ရာတွင် မလေးရှားနိုင်ငံဘက်မှ အထက်ပါနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန် အဆင်ပြေမှုမရှိပါကြောင်းနှင့် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြန်လည်စီစဉ်ရန် အဆိုပြုလာပါသဖြင့် မြန်မာအစိုးရသည် မလေးရှားနိုင်ငံဘက်မှ အဆိုပြုသည့်နေ့ရက်များတွင် ခရီးစဉ်အား ပြန်လည်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရသည် ပြည်ပရောက်မိမိနိုင်ငံသားများ၏အရေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများနှင့် ဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရေးတို့အတွက် သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် လိုအပ်သော ကောင်စစ်ရေးရာကူညီစောင့်ရှောက်မှုများကို အစဉ်တစိုက်အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment