Saturday, September 12, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ


နေပြည်တော် စက်တင်ဘာ ၁၂

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဆီရမ်ရိမြို့ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသည်။

 

 

 

 

နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. PRAK Sophoan နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. CHENG Manith ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးမင်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဝင်းနှင့် သံရုံး၊ စစ်သံရုံးမိသားစုဝင်များက လေဆိပ်၌ ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် ကမ္ဘောဒီးယားအမျိုးသမီးငယ်တစ်ဦးက ဂုဏ်ပြုပန်းစည်းကမ်း၍လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်လေးများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီတို့၏ ဓာတ်ပုံများနှင့် နှစ်နိုင်ငံအလံငယ်များကိုင်ဆောင်ဝှေ့ယမ်း၍လည်းကောင်း ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။

နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရများအကြား၊ လွှတ်တော်များအကြားနှင့် ပြည်သူများအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ကိစ္စရပ်များ၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံရှိ သမိုင်းဝင်အထင်ကရနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို ကြည့်ရှုလေ့လာခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင်ရင်းနှီးနွေးထွေးစွာကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment