ငြိမ်းငယ်
မြန်မာနိုင်ငံတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပလာခဲ့ပါသည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကြောင်းအမျိုးမျိုးဖြင့် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်တွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ
နေထိုင်ကြသည့်အလျောက် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပါသည်။
မြန်မာတိုင်းရင်းသားတို့တွင် ဒေသအလိုက်၊ လူမျိုးအလိုက် ယဉ်ကျေးမှုအမွေအနှစ်များ ရှိကြပါသည်။
ယင်းအမွေအနှစ်များသည် မိမိတို့၏ “ဘယ်သူတွေဖြစ်သည်” ဆိုသည့်အဓိပ္ပာယ်ကို ဖော်ညွှန်းနိုင်သကဲ့သို့
မိမိတို့လူမျိုး၏ အစဉ်အလာသမိုင်းတို့ကို ကိုယ်စားပြုနေပါသည်။ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၊
မိမိတို့လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများကို အစဉ်ထိန်းသိမ်းလေ့ရှိကြပါသည်။
ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်၍ ယူနက်စကိုက
“ရိုးရာယဉ်ကျေးမှုဆိုသည်မှာ လူမျိုး၊ ဒေသ သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုတွင် ရှေးယခင်ကတည်းက
ပေါ်ပေါက်ဖွံ့ဖြိုးလာပြီး မျိုးဆက်အလိုက် လက်ဆင့်ကမ်းထိန်းသိမ်းလာသော တန်ဖိုးထားမှုများ၊
ယုံကြည်ချက်များ၊ ဓလေ့ထုံးတမ်းများ၊ အသိပညာနှင့် ကျွမ်းကျင်မှုများ၊ အနုပညာနှင့် ဖျော်ဖြေရေးများ၊
လူမှုရေးအလေ့အထများနှင့် ပွဲတော်များ၊ ရိုးရာလက်မှုပညာများနှင့် နေထိုင်မှုပုံစံများအား
စုစည်းထားသည့် လူမှုအမွေအနှစ်တစ်ရပ်ဖြစ်သည်” ဟု ဖွင့်ဆိုပါသည်။
ယူနက်စကို၏ ၂၀၀၃ ခုနှစ် ကွန်ဗင်းရှင်းအရ
ထိတွေ့ကိုင်တွယ်၍မရသော ယဉ်ကျေးမှုအမွေ အနှစ်ဆိုသည်မှာ လူမှုအဖွဲ့အစည်းများက မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်အဖြစ်
အသိအမှတ်ပြုထားသောအလေ့အကျင့်များ၊ ကိုယ်စားပြုမှုများ၊ ဖော်ပြချက်များ၊ အသိပညာနှင့်ကျွမ်းကျင်မှုများနှင့်
ယင်းတို့နှင့်ဆက်စပ်နေသည့် တူရိယာများ၊ ပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းများနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများများကို
ဆိုပါသည်။ ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်၍ အရေးကြီးဆုံးမှာ ယင်းတို့ကို မျိုးဆက်တစ်ဆက်မှ
နောက်မျိုးဆက်တစ်ဆက် ဆီသို့ ဆက်လက်လက်ဆင့်ကမ်းပေးနေခြင်း ဖြစ်ပါသည်။
ယူနက်စကို၏ ၂၀၂၃ ကွန်ဗင်းရှင်းအရ ရိုးရာဂီတ၊
အကနှင့် ပြဇာတ်ကဲ့သို့သော performing arts များသည် intangible cultural heritage
(ICH)၏ အဓိကနယ်ပယ်များထဲတွင်ပါဝင်ပြီး ထိုအမွေအနှစ်များကို ထိန်းသိမ်းခြင်းဆိုသည်မှာ
ပုံစံတစ်ခုကို ရုပ်တုတစ်ခုကဲ့သို့ မပြောင်းမလဲထားရှိခြင်းမဟုတ်ဘဲ အသိပညာ၊ ကျွမ်းကျင်မှုနှင့်
အဓိပ္ပာယ်များကို မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ဆက်လက်လက်ဆင့်ကမ်းနိုင်အောင် ပြုလုပ်ခြင်းဟု
ဆိုထားပါသည်။
သို့ဖြစ်ရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည်
ဖျော်ဖြေရေး သို့မဟုတ် အနုပညာကျွမ်းကျင်မှုကို ယှဉ်ပြိုင်ပြသသည့် အစီအစဉ်တစ်ခုသာမဟုတ်ဘဲ
နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်၊ အမျိုးသားရေးအမှတ်သညာနှင့် မျိုးဆက်အလိုက်
ယဉ်ကျေးမှုလက်ဆင့်ကမ်းမှုတို့နှင့် ဆက်စပ်နေသည့် ရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်သည့်
နည်းလမ်းတစ်ရပ်အဖြစ် ကျင်းပလျက်ရှိပါသည်။ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲများသည် မြန်မာနိုင်ငံကဲ့သို့
အခြားသောနိုင်ငံများတွင်လည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို လက်ဆင့်ကမ်းရန် ကျင်းပလျက်ရှိကြပါသည်။
ထိုအထဲတွင် တောင်ကိုရီးယားနိုင်ငံ၌ ကလေးများကို
gugak (ကိုရီးယားရိုးရာဂီတ) စိတ်ဝင်စား မှုမြှင့်တင်ရန်နှင့် ယဉ်ကျေးမှုလွှဲပြောင်းခြင်းကို
အားပေးရန် ရည်ရွယ်ချက်ဖြင့် Grand Gugak ပွဲတော်ကို ၂၀၀၁ ခုနှစ်မှစ၍ ကျင်းပပေးခဲ့ပါသည်။
ကလေးများအတွက် ရိုးရာသီချင်းသီဆိုပြိုင်ပွဲအဖြစ်စတင်ခဲ့သော ဤပြိုင်ပွဲသည် တဖြည်းဖြည်းတိုးချဲ့လာခဲ့ရာ
လက်ရှိတွင် အမျိုးအစားခုနစ်မျိုးဖြစ်သည့် ရိုးရာသီချင်းများ၊ လေမှုတ်ဂီတ၊ ကြိုးတပ်တူရိယာ၊
ပန်ဆိုရီ (pansori)၊ ပန်မူလ် (pungmul)၊ ဂါယာဂမ် ဗျိုင်းချန်း (gayageum
byeongchang) (singing to the accompaniment of a gaya- geum - ဂါယာဂမ်နှင့်အတူသီဆိုခြင်း)နှင့်
အကတို့ ပါဝင်လာခဲ့ပါသည်။ ဤပြိုင်ပွဲမှတစ်ဆင့် ကလေးများသည် ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်များတွင်
၎င်းတို့၏ ကျွမ်းကျင်မှုများကို မြှင့်တင်နိုင်သည့်အပြင် ရိုးရာယဉ်ကျေးမှုကို ရိုးရာမပျက်
လက်ဆင့် ကမ်းနိုင်ကြပါသည်။
ယင်းသို့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းသည်
ရိုးရာအနုပညာများကို လူကြီးများထံတွင်သာ ထားရှိခြင်းမဟုတ်ဘဲ ကလေးများနှင့် လူငယ်များထံသို့
ပြိုင်ပွဲမှတစ်ဆင့် လက်ဆင့်ကမ်းခြင်းလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျင်းပလျက်ရှိသော
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများသည လည်း မိမိတို့၏ ရိုးရာအနုပညာကို လက်တွေ့လေ့ကျင့်ရန်နှင့်
မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းရန် အားပေးခြင်းဖြစ်ပါသည်။
ယူနက်စကိုက traditional performing
arts များကို ထိန်းသိမ်းရာတွင် အသိပညာနှင့် နည်းစနစ်များကို လက်ဆင့်ကမ်းပေးခြင်း၊ လက်ဆင့်ကမ်းပေးသူနှင့်
လက်ခံပေးသူအကြား ဆက်ဆံရေးကို ခိုင်မာစေခြင်း၊ ယှဉ်ပြိုင်မှုများကို သုတေသနပြုခြင်း၊
မှတ်တမ်းတင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့သည် အရေးကြီးသော ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်း
လုပ်ငန်းစဉ်များဖြစ်သည်ဟု ဆိုပါသည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် ပြိုင်ပွဲတစ်ခုအတွက်
သီချင်းတစ်ပုဒ်ကို လေ့ကျင့်ခြင်း၊ ရိုးရာအကတစ်မျိုးကို သင်ယူခြင်း၊ ရိုးရာတူရိယာတစ်ခုကို
တီးခတ်တတ်ရန် ကြိုးစားခြင်းတို့သည် “ ကြည့်ရှုခြင်း” မှ “လက်တွေ့ပါဝင်ခြင်း” သို့ ပြောင်းလဲစေသည့်နည်းလမ်းများ
ဖြစ်လာစေနိုင်ပါသည်။
ရိုးရာယဉ်ကျေးမှုပြိုင်ပွဲများ ကျင်းပပေးခြင်းသည်
မိမိတို့၏ယဉ်ကျေးမှုကို လူထုအတွင်း ကျယ်ပြန့်စွာ သိရှိနားလည်စေပြီး စိတ်ဝင်စားမှုမြင့်တက်စေနိုင်ပါသည်။
ယူနက်စကို၏ လေ့လာမှုများအရလည်း ရိုးရာယဉ်ကျေးမှုပြိုင်ပွဲများသည် မျိုးဆက်သစ်လူငယ်များနှင့်
ကလေးများကို ရိုးရာယဉ်ကျေးမှုအပေါ် စိတ်ဝင်စားလာစေရန်နှင် cult- ural heritage များကို
ဆက်လက်လက်ဆင့်ကမ်းရန် အသုံးဝင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် မိမိနိုင်ငံ၏ ရိုးရာသီချင်း၊
တေးဂီတ၊ အက၊ ဇာတ်ပုံပြင်နှင့် တူရိယာများကို လေ့လာပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းသည်
လူငယ်များအနေဖြင့် မိမိတို့၏ယဉ်ကျေးမှုအပေါ် ပိုမိုသိရှိ နားလည်လာစေနိုင်ပါသည်။ အထူးသဖြင့်
ခေတ်မီကမ္ဘာ့ယဉ်ကျေးမှုများနှင့် ထိတွေ့မှုများလာနေသော လူငယ်များအတွက် မိမိတို့၏ ရိုးရာအနုပညာနှင့်
သမိုင်းနောက်ခံကို လက်တွေ့သင်ယူနိုင်သည့် အခွင့်အလမ်းတစ်ခု ဖြစ်လာစေနိုင်ပါသည်။
သို့ဖြစ်ရာ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ အဆို၊
အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပေးခြင်းကြောင့် အခြား အကျိုးကျေးဇူးများလည်း ရရှိစေနိုင်ပါသည်။
ယင်းတို့တွင် မိမိတို့နိုင်ငံ၊ လူမျိုး၏ယဉ်ကျေးမှု အမှတ်သညာ ခိုင်မာလာခြင်း၊ မျိုးဆက်အလိုက်
လက်ဆင့်ကမ်းမှုတိုးတက်လာခြင်း၊ အနုပညာရှင်အသစ်များ ပေါ်ထွက်လာခြင်း၊ လူမှုစည်းလုံးညီညွတ်မှုကို
အထောက်အကူပြုနိုင်ခြင်း၊ စီးပွားရေးအခွင့်အလမ်းများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ
ရရှိစေနိုင်ပါသည်။
အထူးသဖြင့် ခေတ်မီကမ္ဘာ့ယဉ်ကျေးမှုများနှင့်
ထိတွေ့မှုများလာနေသည့် လူငယ်များအတွက် မိမိတို့၏ ရိုးရာအနုပညာနှင့် သမိုင်းနောက်ခံကို
လက်တွေ့သင်ယူနိုင်သည့် အခွင့်အလမ်းတစ်ခု ဖြစ်လာစေနိုင်ပါသည်။ ထို့အတူ ရိုးရာယဉ်ကျေးမှုအပေါ်
နားလည်မှုနှင့် တန်ဖိုးထားမှုကို မြှင့်တင်ပေးခြင်းမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့်
အမျိုးသားယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာကို မြှင့်တင်ရန် အထောက်အကူပြုနိုင်ပါသည်။ သို့သော်လည်း
မျိုးချစ်စိတ်ဓာတ်မြှင့်တင်ရန်အတွက်မူ ပြိုင်ပွဲ၏ ထိရောက်မှု၊ လေ့ကျင့်သင်ကြားမှု၊
အကြောင်းအရာရွေးချယ်မှု၊ ပြိုင်ပွဲဝင်သူများ၏ နားလည်မှုနှင့် ပြိုင်ပွဲ၏ ရည်ရွယ်ချက်တို့အပေါ်တွင်လည်း
မူတည်နေပါသည်။
ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရန်အတွက် ပြိုင်ပွဲများကျင်းပပေးသော်လည်း
အခြားတစ်ဖက်တွင် ပြိုင်ပွဲကျင်းပခြင်းနှင့် ယဉ်ကျေးမှုကာကွယ်ပေးခြင်းအကြား ကွဲပြားမှုများရှိနိုင်ပါသည်။
ပြိုင်ပွဲများတွင် ရိုးရာယဉ်ကျေးမှုကို “ပြိုင်ပွဲပုံစံ” သို့ ထည့်သွင်းလိုက်ခြင်းကြောင့်
ပုံစံတစ်မျိုးတည်း ဖြစ်လာနိုင်ပြီး ရိုးရာယဉ်ကျေးမှုအနုပညာ၏ ကွဲပြားမှုကို လျော့ကျစေနိုင်သည်ကိုလည်း
သတိပြုကြရမည်ဖြစ်ပါသည်။ traditional performing arts များအား စံကိုက်လုပ်ခြင်းကြောင့်
အချို့သော ရိုးရာပုံစံများ ပျောက်ကွယ်သွားနိုင်ပြီး တစ်မျိုးတည်းသော “standard
product” အဖြစ် ပြောင်းလဲသွားနိုင်ကြောင်း ယူနက်စကိုက သတိပေးထားပါသည်။
ထို့အတူ ရိုးရာယဉ်ကျေးမှုအနုပညာများကို
ပြိုင်ပွဲပုံစံကျင်းပရာတွင် ခေတ်အလိုက် ပြောင်းလဲခွင့်မပေးဘဲ ရှေးရိုးပုံစံမူသေဆုပ်ကိုင်ထားမှုများ
ဖြစ်စေတတ်ပါသည်။ ယင်းနှင့်ပတ်သက်၍ ယူနက်စကိုက ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်းကို
“Safe- guarding without freezing” ဟုဆိုပါသည်။ In- tangible cultural heritage သည်
အသက်ရှင်နေသော ယဉ်ကျေးမှုဖြစ်သောကြောင့် မျိုးဆက်သစ်များက ပြန်လည်ဖန်တီးခြင်း၊ အဓိပ္ပာယ်အသစ်များ
ထည့်သွင်းခြင်းတို့လည်း ထည့်သွင်းစဉ်းစားရန် လိုပါသည်။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုထိန်းသိမ်းရေးသည်
ရှေးပုံစံကို မပြောင်းမလဲဆုပ်ကိုင်ထားခြင်းဟု မဆိုလိုနိုင်ပါ။
ရိုးရာယဉ်ကျေးမှုပြိုင်ပွဲကျင်းပရာတွင်
ပြိုင်ပွဲ၏သဘောအရ အနုပညာကို သူနိုင်ကိုယ်နိုင် ပြိုင်ဆိုင်တတ်ကြပါသည်။ ပြိုင်ပွဲ၏ရည်ရွယ်ချက်သည်
“အကောင်းဆုံးသူကို ရွေးချယ်ခြင်း” ဖြစ်လာပါက ရိုးရာအနုပညာ၏ ယဉ်ကျေးမှုဆိုင်ရာအဓိပ္ပာယ်ထက်
ဆုရရှိရေး၊ အမှတ်ရရှိရေးနှင့် အနိုင်ရရေးကို ပိုမိုအာရုံစိုက်လာစေနိုင်ပါသည်။ ထိုအခြေအနေတွင်
ယဉ်ကျေးမှုကို သင်ယူခြင်းထက် “အကဲဖြတ် ဒိုင်များအကြိုက် ပြုလုပ်ခြင်း” ဖြစ်လာစေနိုင်ပါသည်။
ပြိုင်ပွဲများတွင်လည်း အမှန်တကယ်ယဉ်ကျေးမှုကို ဖန်တီး၊ ထိန်းသိမ်း၊ လက်ဆင့်ကမ်းနေသော
တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများ ပါဝင်ရန် အရေးကြီးပါသည်။ ယူနက်စကို၏ ကွန်ဗင်းရှင်းကလည်း
ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေး၊ လက်ဆင့်ကမ်းရေးတွင် heritagecommunities များ အတတ်နိုင်ဆုံး
ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ပါဝင်ရေးကို အလေးပေးထားပါသည်။
သို့ဖြစ်ရာ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲသည်
ပြိုင်ပွဲတစ်ခုဆိုသည့် အဓိပ္ပာယ်ထက် များစွာနက်နဲကျယ်ပြန့်သည့် လူမှုရေးဖြစ်စဉ်တစ်ရပ်ဖြစ်ပါသည်။
အဆိုပါ နက်နဲကျယ်ပြန့်သည့် ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ၏ ဦးတည်ချက်နှင့် ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေး
ထိရောက်စေရန်အတွက် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းခြင်း၊
လက်ဆင့်ကမ်းသဘောထက် ပြိုင်ပွဲအနိုင်ရရေး ဦးတည်လာပါက မူလရည်ရွယ်ချက်ကို ထိခိုက်စေနိုင်ပါသည်။
ထို့အတူ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသဖြင့် ယဉ်ကျေးမှုကြွယ်ဝသည့်နိုင်ငံဖြစ်သဖြင့်
ရိုးရာယဉ်ကျေးမှုပြိုင်ပွဲတွင် တိုင်းရင်းသားများ၏ ရိုးရာအနုပညာများကို ထည့်သွင်းပေးခြင်းဖြင့်လည်း
နိုင်ငံ၏ကြွယ်ဝသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရာရောက်စေသကဲ့သို့ လူမှုပေါင်းစည်းရေးကိုလည်း
မြှင့်တင်ပေးနိုင်ပါသည်။
ရိုးရာယဉ်ကျေးမှုပြိုင်ပွဲသည် အခြားပြိုင်ပွဲများနှင့်မတူပါ။
ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရများ၊ အလေ့အကျင့်များ၊ အသိပညာနှင့် နည်းစနစ်များ၊ အစဉ်အလာများကို
ထိန်းသိမ်းလက်ဆင့်ကမ်းရသည်ဖြစ်၍ ပြိုင်ပွဲဝင်သူများသည် ရိုးရာအနုပညာ၏ သမိုင်း၊ အဓိပ္ပာယ်နှင့်
လူမှုဘဝဆိုင်ရာ နောက်ခံတို့ကို သိရှိနားလည်ရန်၊ သင်ကြားပေးရန် လိုအပ်မည်ဖြစ်ပါသည်။
သို့မှသာ ပြိုင်ပွဲ၏ အနှစ်သာရကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ ထို့အတူ ရိုးရာအနုပညာအပေါ်
စိတ်ဝင်စားမှုကို မြှင့်တင်ပေးခြင်း၊ အနုပညာကျွမ်းကျင်မှုများကို လက်ဆင့်ကမ်းခြင်း၊
အမျိုးသားနှင့် ဒေသဆိုင်ရာ ယဉ်ကျေးမှုအမှတ်သညာကို ခိုင်မာစေခြင်း၊ အနုပညာရှင်အသစ်များကို
ဖော်ထုတ်ခြင်းနှင့် လူမှုစည်းလုံးညီညွတ်မှုကို အားပေးခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
သတိပြုရန်မှာ ပြိုင်ပွဲများကို ကျင်းပခြင်းတစ်ခုတည်းဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မည်မဟုတ်ပါ။
မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ
အထူးသဖြင့်ဒြပ်မဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးသည် နူးညံ့သိမ်မွေ့သည့်
လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ ယနေ့ကဲ့သို့ နည်းလမ်းပေါင်းစုံ ဖြင့် နိုင်ငံတကာမှ ယဉ်ကျေးမှုများ
ထိုးဖောက်ဝင်ရောက်နေချိန်တွင် ဒြပ်မဲ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းရေးသည်
စိန်ခေါ်မှုများရှိလာပါသည်။ ထိုသို့သောအချိန်တွင် မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများ
ကောင်းမွန်စွာထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်လာပါသည်။ သို့မဟုတ်ပါက မျိုးဆက်သစ်လူငယ်များအပေါ်
အခြားယဉ်ကျေးမှုလွှမ်းမိုးမှုများ ကျယ်ပြန့်လာမည်ဖြစ်ပါသည်။ အခြားယဉ်ကျေးမှုများ လွှမ်းမိုးမှုနှင့်အတူ
မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များအပေါ် စိတ်ဝင်စား မှုလျော့ကျလာခြင်း၊ အထင်မကြီးတော့ခြင်း၊
ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုသူ နည်းပါးလာခြင်း စသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါသည်။
သို့ဖြစ်၍ မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု
ထိန်းသိမ်းရေးဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ယှဉ်ပြိုင်မှုတစ်ခုတည်းအတွက်သာမက
အသိပညာပေးမှု၊ လေ့ကျင့်သင်ယူမှု၊ ဖျော်ဖြေမှု၊ လက်ဆင့်ကမ်းမှု၊ မှတ်တမ်းတင်မှု၊ အားလုံးပူးပေါင်းပါဝင်မှု
လုပ်ဆောင်ခြင်းဖြင့် မျိုးဆက်သစ်လူငယ်များအကြား မိမိတို့၏ ယဉ်ကျေးမှုကို သိရှိနားလည်၍
ချစ်မြတ်နိုးပြီး လက်တွေ့ကျင့်သုံးကာ နောင်မျိုးဆက်များထံ ဆက်လက်လက်ဆင့်ကမ်းစေသည့်
ယဉ်ကျေးမှုလက်ဆင့်ကမ်းရေး လုပ်ငန်းစဉ်တစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။
ကိုးကား
၁။ အမျိုးသားယဉ်ကျေးမှု
လက္ခဏာမြှင့်တင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ၊ ကြေးမုံသတင်းစာ၊ ၁၀ ဇူလိုင်လ၊
၂၀၂၅
၂။ UNESCO.
(2003). Convention for the Safeguarding of the Intangible Cultural Heritage.
၃။ UNESCO.
Performing Arts (such as traditional music, dance and theatre).
၄။ UNESCO.
Social Practices, Rituals and Festive Events.
၅။ UNESCO.
Focus on measures taken by States Parties to raise awareness about the
importance of intangible cultural heritage (2018).
၆။ UNESCO.
Safeguarding without free- zing.
၇။ UNESCO.
Ethics and Intangible Cultural Heritage.
၈။ https://www.unesco.org/en/intangible-cultural-heritage
၉။ https://ich.unesco.org/en/what-is-intangible-heritage-00003
၁၀။ National
Gugak Center, Republic of Korea. National Gugak Competition and National
Traditional Dance Com- petition.
No comments:
Post a Comment