Tuesday, September 29, 2026

အခွင့်အာဏာမလျော်ကန်စွာ အသုံးချခြင်းများ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းအရေးယူ

 


ကုန်စျေးနှုန်းများကြီးမြင့်ခြင်းက ပြည်သူလူထုအပေါ်တွင် ကြီးမားသည့် သက်ရောက်မှုကိုဖြစ်ပေါ်စေသည်။ အထူးသဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် အခြေခံလူတန်းစားပြည်သူများအဖို့ စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေး(၃)ပါးတွင် စားရေးအတွက် ဦးစားပေးကြိုးပမ်းနေကြရသည်။

ကုန်ဈေးနှုန်းများကြီးမြင့်ရခြင်းသည် စီးပွားရေးစနစ်တစ်ခုလုံး၏ ကွင်းဆက်များနှင့် တိုက်ရိုက်သက်ဆိုင်ပြီး အခြေခံအကြောင်း တရားများဖြစ်သည့် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်း၊ ငွေကြေးတန်ဖိုးကျခြင်း၊ ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ် များပြားခြင်း၊ နိုင်ငံရေးနှင့် အခြားပြင်ပအကြောင်းအရာများ စသည်တို့ကြောင့်ဖြစ်သည်။ ဈေးကွက်အတွင်း ငွေကြေးပမာဏများပြားနေခြင်း၊ ကုန်ကြမ်းရှားပါးမှု၊ သယ်ယူပို့ဆောင်ရေးခက်ခဲမှုနှင့် ထုတ်လုပ်မှုလျော့နည်းကျဆင်းမှုတို့ကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်းလုံလောက်စွာမရှိခြင်း၊ မိမိနိုင်ငံသုံး ငွေကြေးတန်ဖိုး ကျဆင်းသွားပါက ပြည်ပမှကုန်ပစ္စည်းများနှင့် ကုန်ကြမ်းများကို ယခင်ထက်ဈေးကြီးပေး၍ တင်သွင်းရသဖြင့် ပြည်တွင်းကုန်စျေးနှုန်း တိုက်ရိုက်မြင့်တက်ခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်ပိုမိုကုန်ကျစေပြီး ကုန်ဈေးနှုန်းကို ချက်ချင်းလိုက်၍တက်စေခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေးထွက်ကုန်များ ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ ကောလာဟလများ၊ သတင်းအမှားများကြောင့် ပြည်သူလူထုတွင် စိုးရိမ်စိတ်ဖြစ်ပေါ်ကာ ကုန်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမိုဝယ်ယူစုဆောင်းခြင်း စသည်တို့မှာ အထက်တွင်ဖော်ပြခဲ့သည့် အခြေခံအကြောင်းတရားများထဲတွင် လက်အောက်ခံအကြောင်းတရားများအဖြစ် ပါဝင်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၃ ရက်က နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်စျေးနှုန်းကြီးမြင့်မှုကို မိမိတို့ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင်ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရေး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ဒေသလိုအပ်ချက်နှင့်အညီ စနစ်တကျ ထွက်ချက်၍ တိုးချဲ့ဆောင်ရွက်ရန်၊ အဓိကလိုအပ်သည်မှာ အားလုံးက အမှန်တကယ်အလုပ်လုပ်ကြရန်၊ ဒေသတွင်းစားရေးဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ခွင့်ပြုချထားပေးသည့် မြေနေရာများကို အခြားနည်းများဖြင့် တလွဲအသုံးချ နေခြင်းများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန် ထည့်သွင်းမှာကြားခဲ့သည်။

“ထို့ပြင် ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာအရသော် လည်းကောင်း၊ တရားမဝင်ကုန်စည်စီးဆင်းမှု တိုက်ဖျက်ရေးအရသော်လည်းကောင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များရှိကြောင်း၊ အဆိုပါစစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကို အကြောင်း ပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေ ခြင်းများရှိနေကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှု များဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုအနေဖြင့် ခံစားနေကြရကြောင်း၊ အဆိုပါကိစ္စရပ်များကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းသွားကြရန်နှင့် တရားဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် အလေးအနက် ထား မှာကြားလိုကြောင်း” ဟူ၍လည်း ပြောကြားခဲ့သည်။

လက်ရှိနိုင်ငံ၏အခြေအနေအရ ကူးသန်းသွားလာရေး လမ်းကြောင်းများပေါ်တွင် စစ်ဆေးရေးဂိတ်များထားရှိခြင်းသည် လက်နက်များ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်စည်များ ပြည်တွင်းသို့ ဝင်ရောက်မလာရေးအတွက် စစ်ဆေးဖမ်းဆီးနိုင်ရန်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးတို့အတွက် အရေးကြီးသည်။ စစ်ဆေးရေးဂိတ်များတွင် အခွင့် အာဏာကိုအလွဲသုံးစားပြုခြင်း၊ မလျော်ကန်သည့် လုပ်ရပ်များလုပ်ခြင်း စသည်တို့မှာ ကြာကြာဖုံးကွယ်ထား၍ မရနိုင်သောကိစ္စများပင်ဖြစ်သည်။ တရားဝင်ကုန်စည်များ ချောမွေ့လျင်မြန်စွာ စီးဆင်းရန်နှင့် လက်နက်များ၊ မူးယစ်ဆေးဝါးများနှင့်တရားမဝင် ကုန်စည်များ ထိထိရောက်ရောက် စစ်ဆေးဖော်ထုတ်ဖမ်းဆီးရန်မှာ စစ်ဆေးရေးဂိတ်များ၏ တာဝန်ကျေပွန်မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှုတို့အပေါ် မူတည်သည်။ မမှန်မကန်ပြုလုပ်သည့် စစ်ဆေးရေးဂိတ်သည် မကြာမီမှာပင် ပြည်သူလူထုအတွင်း မကောင်းသတင်းက အပုပ်နံ့သဖွယ်ပျံ့နှံ့လာလေ့ရှိရာ မတော်လောဘနောက်သို့ လိုက်ပါ၍ အကျင့်မပျက်မိစေရန်၊ ဥပဒေကို မချိုးဖောက်မိစေရန် ဆင်ခြင်ကြရမည်ဖြစ်သည်။ 

ဒေသအလိုက် စစ်ဆေးရေးဂိတ်များဆောင်ရွက်ကြရမည့် လုံခြုံရေးနှင့် တရားမဝင်ကုန်စည်တိုက်ဖျက်ရေး တာဝန်များသည် လွန်စွာအရေးကြီးသည့်အလျောက် ကျေပွန်စွာထမ်းဆောင်ကြရမည် ဖြစ်သကဲ့သို့ လုံခြုံရေးကိုအကြောင်းပြ၍ အခွင့်အာဏာအလွဲသုံးမှု၊ အကျင့်ပျက်မှုများ ကင်းစင်ရေးအတွက်လည်း အားလုံးက ဝိုင်းဝန်းဖော်ဆောင်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment