Saturday, September 12, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့သို့ရောက်ရှိ


နေပြည်တော် စက်တင်ဘာ ၁၂

 ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ဖနောင်ပင်မြို့၊ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆီရမ်ရိမြို့သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြသည်။

 

 

 

 

 

 

နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာနဝန်ကြီး H.E. Mr. THOR Chetha ဦးဆောင်သည့် ကမ္ဘောဒီးယားအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့်တာဝန်ရှိသူများက လေဆိပ်၌ ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုသို့ပို့ဆောင်နှုတ်ဆက်စဉ် ကမ္ဘောဒီးယားနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင်နေရာယူအလေးပြု၍လည်းကောင်း၊ ကမ္ဘောဒီးယားအမျိုးသမီးငယ်တစ်ဦးက ဂုဏ်ပြုပန်းစည်းကမ်း၍လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီတို့၏ ဓာတ်ပုံများနှင့် နှစ်နိုင်ငံအလံငယ်များ ကိုင်ဆောင်ဝှေ့ယမ်း၍လည်းကောင်း ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဆီရမ်ရိမြို့၊ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. PRAK Sophoan ၊ တော်ဝင်ဘုရင့် နန်းတော်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်နှင့် အထက်လွှတ်တော်မှ ကိုယ်စားလှယ်တို့က ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတအား ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူးက ခေတ္တတည်းခိုရာဟိုတယ်၌ ဂါရဝပြုတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဆီရမ်ရိပြည်နယ်၊ အန်ကောရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည်ယူနက်စကို စာရင်းဝင်ဒေသဖြစ်ပြီး မြန်မာနိုင်ငံရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကဲ့သို့ တန်ဖိုးကြီးမားသည့် ရှေးဟောင်းအမွေအနှစ်များစွာရှိမှုအခြေအနေ၊ ဆီရမ်ရိဒေသနှင့် မြန်မာနိုင်ငံရှိ ပုဂံဒေသတို့အကြား ခရီးသွားကဏ္ဍ တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်မည့်အခြေအနေ၊ ဆီရမ်ရိဒေသ ခရီးသွားနှင့်ဝန်ဆောင်မှုလုပ်ငန်းများတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအား ကမ္ဘောဒီးယားနိုင်ငံမှ ပြဌာန်းထားသည့် ဥပဒေများနှင့်အညီ စောင့်ရှောက်ကာအကွယ်ပေးစေလိုမှုအခြေအနေနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုနေ့လယ်စာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ဆီရမ်ရိပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ရိုးရာတေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment