Sunday, September 20, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်မှုဖြင့် ဖလမ်းမြို့နေရပ်ပြန်ပြည်သူများ ဂုဏ်ပြုဖျော်ဖြေပွဲ အောင်မြင်စွာကျင်းပ

 

ဖလမ်း စက်တင်ဘာ ၂၀

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန်ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဦးဆောင်မှုဖြင့် ဖလမ်းနေရပ်ပြန်ပြည်သူများ၏ စိတ်ဒဏ်ရာ ကုစားရန် ရည်ရွယ်ပြီး နေရပ်ပြန်ပြည်သူများ ကြိုဆိုဂုဏ်ပြုဖျော်ဖြေပွဲကို စက်တင်ဘာ (၁၉) ရက်နေ့တွင် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။










ဖျော်ဖြေပွဲအခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် စတင်ကျင်းပရာ ဖလမ်းနေရပ်ပြန်ပြည်သူများအား ဂုဏ်ပြုဖျော်ဖြေရန် ရောက်ရှိနေသည့် နိုင်ငံကျော်တေးသံရှင် ထူးအယ်လင်းနှင့်အတူ ဒေသခံအဆိုရှင်များက တေးသီချင်းများဖြင့် ‌ဖျော်ဖြေကြပြီး၊ ဇာဟောင်ယဥ်ကျေးမှု လူငယ်များမှ ဝါးညှပ်အက၊ ဇာန်ညက်ယဥ်ကျေးမှုအဖွဲ့မှ ဇာန်ညက်ရိုးရာ ကောက်သစ်စားဒေါင်းပွီးအက၊ လိုင်လွန်ဆွန်ထလာရွာသားများက အမဲလိုက်အောင်ပွဲခံ အကများဖြင့်လည်းကောင်း၊ ကျောင်းသူလေးများက ခေတ်ပေါ်အကများဖြင့်လည်းကောင်း ကပြဖျော်ဖြေကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဖလမ်းတစ်မြို့နယ်လုံး လူဦးရေ၏ ၇၉.၇၁ ရာခိုင်နှုန်း နေရပ်ပြန်လာကြပြီဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များသည် ဖလမ်းမြို့တွင် အခြေချကာ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်မှာ အားလုံးအသိဖြစ်ကြောင်း၊ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဆိုသည့်ခေါင်းစဥ်ဖြင့် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် မူဝါဒချမှတ်၍ တိုင်းပြည်အေးချမ်းသာယာအောင် ဆောင်ရွက်နေကြောင်း၊ ယခင်အကြမ်းဖက်ဖြစ်စဥ်များကို လေ့လာကြည့်ပါက သဘောထားကွဲလွဲမှုများနှင့် လိုလားချက်များအတွက် လက်နက်ကိုင်တိုက်ပွဲဝင်ကြသည့်အတွက်  လူငယ်များစွာ၏ ဘဝပျက်ရပြီး မြို့များပျက်စီးသွားသည်ကို အားလုံးက သိရှိပြီးဖြစ်ကြောင်း၊ လိုလားချက်များကို လက်နက်ကိုင်နည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် အဖြေရှာဖြေရှင်းရန် ငြိမ်းချမ်းရေးအတွက် လက်ကမ်းကြိုဆိုကြောင်း ထည့်သွင်းပြောကြားသည်။ ဖျော်ဖြေပွဲသို့ ဖလမ်းမြို့ပေါ်နှင့် အနီးအနားကျေးရွာများမှ နေရပ်ပြန်ပြည်သူအများအပြား လာရောက်ပါဝင်ကြပြီး ရိုးရာအကများကို ချစ်ခင်ရင်းနှီးစွာ၊ ဝိုင်းဖွဲ့ကကာ အခမ်းအနားအား ညနေ (၆) နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းကြသည်။

ပွဲဖြစ်မြောက်ရေးအတွက် ဒုတိယဝန်ကြီးဦးဆောင်သည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖလမ်းမြို့ဒေသခံလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး နေရပ်ပြန်ကာလ (၄)လအတွင်း ယခုလို အစီအစဉ်အား အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နယ်မြေလုံခြုံမှုရှိခြင်းကို ပြသနေခြင်းဖြစ်သည့်နည်းတူ  နေရပ်ပြန်ပြည်သူများ၏ စိတ်လုံခြုံမှုအများကြီး ရရှိစေကြောင်း သိရသည်။

စက်တင်ဘာ (၁၉) ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။ ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ စုပေါင်းလုပ်အားပေးအဖွဲ့သည် ကျင်မွာလ်ရပ်ကွက် စွယ်တော်လမ်းတစ်လျှောက်နှင့် ကျင်မွာလ်ရပ်ကွက်ပိုင်း ဗိုလ်ချုပ်လမ်းတစ်လျှောက် လမ်းဘေးဝဲယာရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့များက လုပ်အားပေးအင်အား (၂၃၁) ဦးအတွက် မုန့်များထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)

No comments:

Post a Comment