ဒေါက်တာဇော်ထွန်းအောင် (ပညာရေး)
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးသည် ရေရှည်တည်တံ့သည့် အကျိုးကျေးဇူးကို ပေးစွမ်းနိုင်သော အဓိကဗဟိုချက်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအုတ်မြစ်လည်းဖြစ်ပါသည်။
ကျောင်းသား လူငယ်များသည်
နိုင်ငံတော်၏ အနာဂတ်ဖြစ်ပြီး ဆရာ ဆရာမများသည် ထိုလူငယ်များ၏ ဘဝကို လမ်းပြပေးမည့် “လမ်းပြကြယ်များ”
ဖြစ်သောကြောင့် ပညာရေးမူဝါဒများ အောင်မြင်ရန်အတွက် မြေပြင်တွင် အမှန်တကယ်သင်ကြားမည့်
ဆရာ ဆရာမအင်အား အပြည့်အဝရှိနေရန် မရှိမဖြစ်လိုအပ်လှပါသည်။ ပညာရေးမူဝါဒတွင် အရည်အသွေးရှိသည့်
ပညာရေးနှင့် လူတိုင်းလက်လှမ်းမီသည့် ပညာရေးဖြစ်ရန် ရည်မှန်းထားသော်လည်း မြေပြင်၌ ဆရာအင်အားမလုံလောက်ပါက
ထိုမူဝါဒများသည် အောင်မြင်နိုင်မည်မဟုတ်ပါ။
ထို့ကြောင့် နိုင်ငံ၏
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးရှိသည့် ပညာရေးစနစ်တစ်ခုကို တည်ဆောက်နိုင်ရန်အတွက်
အခြေခံပညာအဆင့် စာသင်ကျောင်းများတွင် သင်ကြားရေး ဆရာ ဆရာမ ပြည့်စုံလုံလောက်စွာရှိစေရေးမှာ
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးတကြီး ဖြည့်ဆည်းရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါသည်။
ဆရာ ဆရာမ မလုံလောက်မှု၏
သင်ကြားသင်ယူမှု အရည်အသွေးအပေါ် သက်ရောက်နိုင်သည့် အကျိုးသက်ရောက်မှုများ အခြေခံပညာကျောင်းများတွင်
ဆရာ ဆရာမ ဦးရေသည် ကျောင်းသားဦးရေနှင့် အပြည့်အဝမမျှတသေးသည့် အခြေအနေများရှိနိုင်သဖြင့်
ဆရာ ဆရာမများအနေဖြင့် ကျောင်းသားတစ်ဦးချင်းစီ၏ သင်ယူမှုလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ
အပြည့်အဝအာရုံစိုက်ပံ့ပိုးပေးရန် စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ရနိုင်ပါသည်။ ထိုသို့သောအခြေအနေများသည်
သင်ကြားရေး၊ သင်ယူရေးနှင့် အကဲဖြတ် ဆန်းစစ်ရေးလုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စေရန်
ဆက်လက်အားဖြည့်ဆောင်ရွက်ရန် လိုအပ်မှုကို ဖော်ပြနေပါသည်။
လက်ရှိတာဝန်ထမ်းဆောင်နေသော
ဆရာ ဆရာမများက သင်ကြားရေးတာဝန်များအပြင် ကျောင်းစီမံခန့်ခွဲရေးနှင့် အခြားပညာရေးဆိုင်ရာ
လုပ်ငန်းများကိုလည်း ပူးတွဲဆောင်ရွက်ရသဖြင့် အချိန်နှင့် လုပ်ငန်းတာဝန်များကို မျှတစွာစီမံခန့်ခွဲရန်
ကြိုးပမ်းရသည့် အခြေအနေများရှိနိုင်ပါသည်။ ထို့ကြောင့် ဆရာ ဆရာမများအား လိုအပ်သည့်
ပံ့ပိုးကူညီမှုများနှင့် လုပ်ငန်းခွင်အထောက်အကူပြု အစီအစဉ်များကို ဆက်လက်တိုးမြှင့်ပေးနိုင်ပါက
သင်ကြားရေးအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
ထို့ပြင် ဆရာ ဆရာမအင်အား
မပြည့်စုံသေးသည့် ဒေသများရှိ ကျောင်းသားများသည် သင်ယူမှုအခွင့်အလမ်းများနှင့် ဘာသာရပ်အလိုက်
သင်ကြားမှုများတွင် ဒေသအလိုက် ကွာခြားချက်အချို့ကို ကြုံတွေ့ရနိုင်ပါသည်။ အထူးသဖြင့်
ကျေးလက်ဒေသများနှင့် ဝေးလံခေါင်သီသော ဒေသများတွင် ဆရာလိုအပ်ချက် ပိုမိုမြင့်မားနေသည့်အတွက်
ဘာသာရပ်အချို့တွင် သင်ကြားမှုကို ပိုမိုအားဖြည့်ဆောင်ရွက်ရန် လိုအပ်နေဆဲဖြစ်ပါသည်။
ထို့ကြောင့် ဆရာ
ဆရာမအင်အားကို ဒေသအလိုက် မျှတစွာ ဖြန့်ဝေခန့်ထားခြင်း၊ အရည်အသွေးမြင့် သင်ကြားရေးအထောက်အကူများ
ပံ့ပိုးပေးခြင်းနှင့် နည်းပညာအခြေပြု သင်ယူမှုအစီအစဉ်များကို တိုးချဲ့ဆောင်ရွက်ခြင်းတို့သည်
ကျောင်းသား အားလုံးအတွက် ပိုမိုမျှတသော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပြီး
ပညာရေးအရည်အသွေးကို ရေရှည်တိုးတက်စေရန် အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
KG+12 သင်ရိုးသစ်စနစ်၏
တောင်းဆိုချက်များနှင့် လက်တွေ့မြေပြင်မှ စိန်ခေါ်မှုများ
ပြောင်းလဲလာသည့်
သင်ရိုးသစ်နှင့် သင်ကြားနည်းစနစ်များအရ ဆရာ ဆရာမအင်အား ယခင်ထက် ပိုမိုလိုအပ်လာပါသည်။
အဘယ့်ကြောင့်ဆိုသော် ယခုသင်ရိုးသစ်နှင့် သင်ကြားနည်းစနစ်များတွင် ကျောင်းသားဗဟိုပြု
သင်ယူရေးလှုပ်ရှားမှုများကို ပိုမိုအလေးထားဆောင်ရွက်ရခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့်
တစ်ဦးချင်းသင်ယူမှု၊ အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်မှု၊ အတန်းလိုက်ဆွေးနွေးမှုများကို
ပြန်လည်သုံးသပ်၍ အဖြေထုတ်ခြင်းနှင့် ကျောင်းသားတစ်ဦးချင်း၏ သင်ယူတတ်မြောက်မှုကို သင်ယူနေစဉ်အတွင်း
ဆက်လက်စစ်ဆေးအကဲဖြတ်ခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရပါသည်။
သင်ကြားရေးတာဝန်ထမ်းဆောင်သည့်
ဆရာ ဆရာမများက မိမိတာဝန်ကျရာအတန်းကို အချိန်ပြည့် တာဝန်ယူသင်ကြားနိုင်ရန် အရေးကြီးပါသည်။
သို့မှသာ သင်ယူသူတစ်ဦးချင်း၏ သင်ယူမှုတိုးတက်မှုကို အနီးကပ်လမ်းညွှန်ပေးနိုင်မည်ဖြစ်ပြီး
သင်ရိုးသစ်၏ ရည်မှန်းချက်များကိုလည်း ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။
ဆရာ ဆရာမအင်အား
မလုံလောက်သဖြင့် အတန်းများကို ပူးတွဲသင်ကြားရသည့် အခြေအနေများတွင် သင်ကြားသင်ယူမှု
ရည်မှန်းချက်များကို အပြည့်အဝဖော်ဆောင်ရန် စိန်ခေါ်မှုအချို့ရှိနိုင်ပါသည်။ အထူးသဖြင့်
မူလတန်းနှင့် အလယ်တန်းပြ ဆရာများ၏ အရည်အချင်းသတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန်
အခွင့်အလမ်းများ ပိုမိုများပြားသော်လည်း အဆင့်မြင့်သင်ရိုးဖြစ်သည့် အထက်တန်းပြ ဆရာအရည်အချင်းပြည့်မီသူများကို
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချိန်တိုအတွင်း လုံလောက်စွာ ဖြည့်ဆည်းနိုင်ရန်မှာ လက်တွေ့မြေပြင်အခြေအနေအရ
အဆင့်လိုက်ဆောင်ရွက်ရန် လိုအပ်နိုင်ပါသည်။ ထို့ပြင် သတ်မှတ်ထားသည့် ပညာရေးအရည်အသွေးစံနှုန်းများကို
ထိန်းသိမ်းခြင်းသည်လည်း အရေးကြီးသော အချက်တစ်ရပ်ဖြစ်ပါသည်။
ထိုသို့သော အခြေအနေများကို
ပိုမိုထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အောက်ပါအစီအစဉ်များကို
စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သလို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၁) ကျောင်းများ၏
ဆရာ ဆရာမလိုအပ်ချက်များကို နှစ်စဉ်စနစ်တကျ သုံးသပ်အကဲဖြတ်၍ လိုအပ်ချက်အလိုက် ဆရာ ဆရာမ
အသစ်များကို အချိန်နှင့်တစ်ပြေးညီ ခန့်အပ်ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ထို့ပြင် ဒေသအလိုက်
ဆရာ ဆရာမအင်အား မျှတစွာ ဖြန့်ဝေခန့်ထားနိုင်ရေးအတွက် လူအင်အားစီမံခန့်ခွဲမှုစနစ်ကို
ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(၂) အရည်အသွေးပြည့်မီသော
ဆရာ ဆရာမများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးတက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့်
ဆရာ အတတ်ပညာဖွံ့ဖြိုးရေးအစီအစဉ်များ၏ သင်ကြားရေးအရည်အသွေး၊ လေ့ကျင့်ရေး အစီအစဉ်များနှင့်
ဝင်ခွင့်အခွင့်အလမ်းများကို တိုးချဲ့အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဆရာ ဆရာမများအတွက်
စဉ်ဆက်မပြတ် ဆရာအတတ်ပညာဖွံ့ဖြိုးရေး အစီအစဉ်များကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(၃) ဝေးလံခေါင်သီဒေသများ၊
နယ်စပ်ဒေသများနှင့် ဆရာ ဆရာမလိုအပ်ချက်မြင့်မားသော ဒေသများတွင် တာဝန်ထမ်းဆောင်သည့်
ဆရာ ဆရာမများအတွက် နေထိုင်မှုအဆင်ပြေစေရေး၊ လူမှုဖူလုံရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ
အထောက်အပံ့များ၊ လုပ်ငန်းခွင်ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများနှင့် အားပေးချီးမြှင့်မှု
အစီအစဉ်များကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းဆောင်ရွက်ချက်များမှတစ်ဆင့်
ဆရာ ဆရာမများ၏ ရေရှည်တာဝန်ထမ်းဆောင်လိုစိတ်ကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ကျောင်းတိုင်းတွင်
လုံလောက်သော သင်ကြားရေး အင်အားကို ဖြည့်ဆည်းပေးနိုင်ကာ ကျောင်းသားတိုင်းအတွက် မျှတ၍
အရည်အသွေးပြည့်ဝသော ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိစေရန် အထောက်အကူပြုသွားမည်ဖြစ်ပါသည်။
ဆရာအင်အားတိုးတက်ရေးအတွက်
ရေတို၊ ရေရှည်ဗျူဟာများနှင့် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ
လက်ရှိတွင် လစ်လပ်လျက်ရှိသော
သင်ကြားရေး ဆရာ ဆရာမများကို ရေရှည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနသည် ဆရာလောင်းများကို
စနစ်တကျရွေးချယ်မွေးထုတ်ပေးနိုင်ရေးအတွက် ဆရာအတတ်ပညာကျောင်းများ၏ လက်ခံသင်ကြားနိုင်မှု၊
လေ့ကျင့်သင်ကြားရေး အရည်အသွေးနှင့် နှစ်စဉ်မွေးထုတ်နိုင်မှုစွမ်းရည်တို့ကို စဉ်ဆက်မပြတ်မြှင့်တင်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
စာရင်းအင်းအချက်အလက်များအရ
အထက်တန်းပြဆရာများကို မွေးထုတ်ပေးလျက်ရှိသော ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့်
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တို့အပါအဝင် စုစုပေါင်း
သုံးကျောင်းနှင့် အလယ်တန်းပြနှင့် မူလတန်းပြဆရာများကို မွေးထုတ်ပေးလျက်ရှိသော ပညာရေးဒီဂရီကောလိပ်
၂၅ ကျောင်းတို့မှ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအတွက် လိုအပ်သော ဆရာ ဆရာမများကို
စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပါသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနသည်
ဒေသအလိုက် ဆရာလိုအပ်ချက်နှင့် ကျောင်းသားအင်အားကို အခြေခံ၍ နှစ်စဉ်လက်ခံသင်ကြားမည့်
ဆရာလောင်းဦးရေကို သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အရည်အချင်းပြည့်မီသော လူငယ်များ ဆရာအတတ်ပညာသင်တန်းများသို့
ပိုမိုဝင်ရောက်နိုင်စေရေးအတွက် ဝင်ခွင့်စနစ်များကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်။
တစ်ချိန်တည်းတွင်
ဆရာလေ့ကျင့်ရေး အစီအစဉ်များကို ခေတ်မီပညာရေးစံနှုန်းများနှင့်အညီ အဆင့်မြှင့်တင်လျက်ရှိပြီး
ကျောင်းအခြေပြု လက်တွေ့သင်ကြားရေး၊ ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းလမ်းများ၊ သင်ယူမှုအကဲဖြတ်ရေးစနစ်များ၊
သင်ကြားရေးနည်းပညာနှင့် ဒီဂျစ်တယ်သင်ကြားရေးစွမ်းရည်များကို သင်ရိုးညွှန်းတမ်းအတွင်း
စနစ်တကျ ထည့်သွင်းသင်ကြားပေးလျက်ရှိပါသည်။
အထက်တန်းပြဆရာများကို
ပိုမိုမွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်မှ စတင်၍ ပညာရေးဒီဂရီကောလိပ်အချို့ကို
ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးကို အဆင့်လိုက်အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။ ယင်းနှင့်အတူ သင်ကြားရေးအဆောက်အအုံများ၊ လက်တွေ့လေ့ကျင့်ရေးကျောင်းများ၊
သင်ထောက်ကူပစ္စည်းများ၊ ဒီဂျစ်တယ်သင်ယူရေးအရင်းအမြစ်များနှင့် သင်ကြားရေးဝန်ထမ်းအင်အားတို့ကိုလည်း
တစ်ပြိုင်နက်တည်း တိုးချဲ့ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် ဆရာလေ့ကျင့်ရေး
အစီအစဉ်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေးအတွက် ဝင်ခွင့်၊ လေ့ကျင့်မှု၊
ဘွဲ့ရနှုန်း၊ တာဝန်ခန့်အပ်နိုင်မှုနှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်တို့ကို အခြေခံသည့်
အရည်အသွေးအာမခံမှုနှင့် စောင့်ကြည့်အကဲဖြတ်ရေးစနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ယင်းဆောင်ရွက်ချက်များမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းများအတွက် အရေအတွက်နှင့်
အရည်အသွေးနှစ်မျိုးစလုံး ပြည့်မီသော ဆရာ ဆရာမများကို စဉ်ဆက်မပြတ် မွေးထုတ်ဖြည့်ဆည်းပေးနိုင်ရေးကို
ပညာရေးဝန်ကြီးဌာနက အလေးထားဆောင်ရွက်လျက်ရှိပါသည်။
မိဘပြည်သူများအနေဖြင့်
ကျောင်းသား ကျောင်းသူ လူငယ်များ၏ ပညာသင်ကြားရေးအပေါ် အလေးထားစိတ်ဝင်စားကာ နိုင်ငံတော်၏အနာဂတ်ကို
တည်ဆောက်မည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးအတွက် မှန်ကန်သောလမ်းကြောင်းများသို့
လမ်းညွှန်အားပေးရန်လိုအပ်ပါသည်။ အထူးသဖြင့် ပညာရေးတက္ကသိုလ်များ၊ ဆရာအတတ်သင်တက္ကသိုလ်များနှင့်
ပညာရေးဒီဂရီကောလိပ်များသို့ တက်ရောက်ပညာသင်ကြားခြင်းသည် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တစ်ခုရရှိရေးအတွက်သာမက
နိုင်ငံ၏ပညာရည်မြင့်မားရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ
ပါဝင်ဆောင်ရွက်နိုင်မည့် မြင့်မြတ်သောဆရာဘဝကို ရွေးချယ်လျှောက်လှမ်းခြင်းပင်ဖြစ်ပါသည်။
ဤသို့ ဆောင်ရွက်ခြင်းအားဖြင့်
ဆရာအင်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ထိရောက်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် အရည်အသွေးပြည့်ဝသော
လူ့စွမ်းအားအရင်းအမြစ်များကို ပညာရေးကဏ္ဍတွင် ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်ကာ နိုင်ငံတော်၏
အမျိုးသားပညာရည်မြင့်မားရေး ရည်မှန်းချက်များကိုလည်း ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။
လုပ်ငန်းခွင်ပျော်ရွှင်မှုနှင့်
ဆရာ ဆရာမများ၏ ဘဝအရည်အသွေးမြှင့်တင်ရေး ဆောင်ရွက်ချက်များ
ဆရာ ဆရာမများသည်
နိုင်ငံ၏ပညာရေးအရည်အသွေးကို မြှင့်တင်ပေးသည့် အဓိကအင်အားစုများဖြစ်သည့်အတွက် လုပ်ငန်းခွင်အတွင်း
စိတ်ချမ်းသာ ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်ရေးနှင့် လူမှုဘဝအရည်အသွေးတိုးတက်ကောင်းမွန်လာရေးကို
အားပေးမြှင့်တင်ရန်အရေးကြီးပါသည်။ အထူးသဖြင့် ဝေးလံခေါင်သီသောဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော
ဆရာ ဆရာမများအတွက် ဒေသအစိုးရအဖွဲ့များ၊ ဒေသခံလူမှုအသိုက်အဝန်းနှင့် ရင်းနှီးနွေးထွေးစွာ
ဆက်ဆံနိုင်ရေး၊ ယဉ်ကျေးမှုနှင့် ဒေသဆိုင်ရာအစီအစဉ်များတွင် ပါဝင်နိုင်ရေး၊ တိုင်းရင်းသားများ၏
ပူးပေါင်းပါဝင်မှုဖြင့် ဒေသအခြေပြု လူမှုဖူလုံရေးနှင့် စသည့်လူမှုရေးအထောက်အပံ့များကို
အားကောင်းစွာ ဖော်ဆောင်ပေးနိုင်ပါက လုပ်ငန်းခွင်ပျော်ရွှင်မှု၊ စိတ်ဓာတ်တက်ကြွမှုနှင့်
တာဝန်ထမ်းဆောင်လိုစိတ်တို့ကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
ပညာရေးနှင့်
သင်ပြနည်းပညာ ဒီပလိုမာ သင်တန်း (Dip.EP) နှင့် ဖြေလျှော့မှုမူဝါဒများ
အရည်အသွေးရှိသော
ဆရာ ဆရာမများ အချိန်မီဖြည့်ဆည်းနိုင်ရေးအတွက် ဝန်ကြီးဌာနသည် ဘွဲ့ရရှိပြီး ဆရာအဖြစ်
တာဝန်ထမ်းဆောင်လိုသော ပြင်ပလူငယ်များနှင့် လက်ရှိဝန်ထမ်းများအတွက် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း
(Diploma in Teacher Education and Pedagogy-Dip.EP) အမှတ်စဉ် (၃) ကို ၂၀၂၆ ခုနှစ်
အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပါသည်။
လူငယ်များ ပိုမိုလျှောက်ထားနိုင်စေရန်အတွက်
အရည်အချင်းမီ အသက်ကန့်သတ်ချက်မူဝါဒများကိုလည်း ဖြေလျှော့ပေးထားရာ -
ပြင်ပမှ ဘွဲ့တစ်ခုခုရရှိပြီးသူများဖြစ်ပါက
အသက် ၃၇ နှစ်အထိ လျှောက်ထားနိုင်ရန် ဖြေလျှော့ထားရှိပါသည်။
နိုင်ငံ့ဝန်ထမ်းများဖြစ်ပါက
အသက် ၄၂ နှစ်အထိ အသက်ကန့်သတ်ချက်ကို လျှောက်ထားနိုင်ရန်
စနစ်တကျဖြေလျှော့ပေးထားပါသည်။
ဤဒီပလိုမာသင်တန်းများမှတစ်ဆင့်
ဆရာ အတတ်ပညာနှင့် သင်ပြနည်းဗျူဟာများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး ဘွဲ့ရလူငယ်များအနေဖြင့်
မိမိတို့၏ ဘဝသက်မွေးလမ်းကြောင်းအဖြစ် ဆရာ့လုပ်ငန်းကို ရွေးချယ်လျှောက်ထားကြရန် နှိုးဆော်ထားပါသည်။
ဆရာဟူသည်မှာ မိမိတတ်သိထားသော
ဘာသာရပ်ဆိုင်ရာ အသိပညာများကိုသာ မျှဝေသင်ကြားသူမဟုတ်ဘဲ သင်ကြားရေးနည်းလမ်းများ၊ ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ
အသိပညာများ၊ သင်ယူမှု အကဲဖြတ်ခြင်းနည်းစနစ်များ၊ စာသင်ခန်းစီမံခန့်ခွဲမှု စွမ်းရည်များနှင့်
ကျင့်ဝတ်သိက္ခာများကို စနစ်တကျလေ့ကျင့်သင်ကြားထားသည့် ပညာရှင်တစ်ဦးဖြစ်ပါသည်။ ထို့ကြောင့်
ဆရာအတတ်ပညာသင်တန်းများကို မတက်ရောက်ဖူးသည့်သူများ သို့မဟုတ် ဆရာအတတ်ပညာလက်မှတ်မရှိသည့်သူများကို
ဆရာလိုအပ်ချက်ဖြည့်ဆည်းရေးအတွက် တိုက်ရိုက်ခန့်အပ်သင်ကြားစေခြင်းသည် ပညာရေးအရည်အသွေးအပေါ်
သက်ရောက်မှုများဖြစ်ပေါ်စေနိုင်ပါသည်။
အထူးသဖြင့် ယနေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော
သင်ရိုးညွှန်းတမ်းအသစ်၏ ကျောင်းသားဗဟိုပြုသင်ကြားရေး၊ တွေးခေါ်နိုင်စွမ်း၊ ဆက်သွယ်ပြောဆိုနိုင်စွမ်း၊
ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းများ ဖွံ့ဖြိုးတိုးတက်စေရေး
ရည်မှန်းချက်များကို အောင်မြင်စွာဖော်ဆောင်နိုင်ရန် ဆရာအတတ်ပညာကို စနစ်တကျလေ့လာဆည်းပူးထားသည့်
ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလှပါသည်။
လက်ရှိအသုံးပြုလျက်ရှိသော
မြန်မာနိုင်ငံ၏ အခြေခံပညာသင်ရိုးညွှန်းတမ်းသည် နိုင်ငံတကာသင်ရိုးများနှင့်အညီ အဆင့်မီသည့်
သင်ရိုးဖြစ်သည့်အတွက်၊ ဆရာအတတ်ပညာကို သေချာစွာ သိရှိနားလည်သော “ဆရာအတတ်ပညာလက်မှတ်ရ
(Certified Teachers)” အရည်အသွေးရှိ ဆရာ ဆရာမများကသာ သင်ကြားရန် မရှိမဖြစ်လိုအပ်ပါသည်။
၎င်းဆရာအတတ်ပညာလက်မှတ်ရ အရည်အသွေးရှိသည့် ဆရာများခန့်ထားပြီး စနစ်တကျသင်ကြားပို့ချမှသာလျှင်
၂၁ ရာစု အရည်အချင်းများနှင့် ပြည့်စုံသော ကျောင်းသား ကျောင်းသူများ ထွက်ပေါ်လာနိုင်မည်ဖြစ်ပါသည်။
ဆရာအင်အားဖြည့်တင်းရေးမူဝါဒများချမှတ်ရာတွင်
အရေအတွက်ပြည့်မီရေး တစ်ခုတည်းကိုသာ ဦးစားပေးမည့်အစား အရည်အသွေးပြည့်ဝသော ဆရာ ဆရာမများ
မွေးထုတ်ရေးနှင့် ဆရာအတတ်ပညာ လက်မှတ်ရရှိထားသူများကို စနစ်တကျခန့်အပ်အသုံးချရေးကို
ဦးတည်ဆောင်ရွက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပညာတတ်တစ်ဦးကို မွေးထုတ်နိုင်ရန် ဆရာကောင်းတစ်ဦး
လိုအပ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ ပညာရေးအရည်အသွေးသည်လည်း ဆရာများ၏ အရည်အသွေးပေါ်တွင်
များစွာမူတည်နေသောကြောင့်ဖြစ်ပါသည်။
ဆရာ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေးနှင့်
အရည်အသွေးရှိသော ဆရာလိုအပ်ချက်ကို အချိန်မီဖြေရှင်းနိုင်ရေးသည် နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာနတစ်ခုတည်းကသာ
တာဝန်ယူဆောင်ရွက်၍ မရနိုင်ဘဲ ဆရာအတတ်ပညာ၊ ဆရာ့လုပ်ငန်းအပေါ် တန်ဖိုးထားသော နိုင်ငံချစ်စိတ်ရှိသည့်
လူငယ်များ သင်တန်းတက်ရောက်နိုင်ကြပါရန်နှင့် မိဘပြည်သူများ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့အစည်းများ
အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့် အမျိုးသားအဆင့် ရေရှည်ဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း
အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
No comments:
Post a Comment