Tuesday, September 29, 2026

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

ဖလမ်း စက်တင်ဘာ ၂၈

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ချင်းပြည်နယ်ဖလမ်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆုပေးပွဲတွင် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”ဟူသောဆောင်ပုဒ်နှင့်အညီ စဉ်းစားတွေးခေါ်မှု၊ ဆန်းသစ်တီထွင်မှုကို အားပေးသော သင်ကြားသင်ယူမှုပုံစံဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသော ပညာတတ်များ ပေါများရေးနိုင်ငံတော်က မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဖလမ်းမြို့နယ်တွင် စာသင်ကျောင်း ၁၂၁ ကျောင်းဖွင့်လှစ်ပြီး ဆရာ ဆရာမ ဦးရေ ၂၇၇ ဦး၊ ပညာ သင်ယူနေသည့် ကျောင်းသား ကျောင်းသူဦးရေ ၅၇၆၉ ဦး ရှိကြောင်း၊ ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူနိုင်ရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်တင်ဆက် ဖျော်ဖြေကြပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းထက်ဆင့်နှင့် မူလတန်း အောက်ဆင့် ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့ပြင် ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဒုတိယဝန်ကြီးက ဆေးရုံအတွက် အလှူငွေပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်က လက်ခံရယူကာ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူ နေသူများအားအာဟာရဘူးများ ပေးအပ်လှူဒါန်းကြပြီး ဖလမ်းမြို့အသဲကွဲတောင်ခြေရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တာဝါတိုင်နှင့် စက်များထားရှိမှု၊ အသဲကွဲတောင်ထိပ်ရှိ View Point သာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment