Friday, September 25, 2026

ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

 


ဟားခါး စက်တင်ဘာ ၂၅

ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။













ဦးစွာ ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မတီ နာယက၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ ဒေသအနေအထားအရ လက်တလောတွင် စက်မှုဇုန်ဖော်ဆောင်ရန် အခြေအနေမပေးသေးသော်လည်း မြေနေရာရှာဖွေခြင်း ၊ လျာထားမြေနေရာသတ်မှတ်ခြင်း ၊ မြေပုံမူကြမ်းရေးဆွဲခြင်း စသည်ဖြင့် ကြိုတင်အစပျိုးဆောင်ရွက် ၍ရသည့် လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ပါက လုပ်ငန်းဆောင်ရွက်နိုင်သည့်အချိန်တွင် အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုဇုန်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ ပြဌာန်း ပြီးဖြစ်သည့်အတွက် ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီကို ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန် (၂၁) ရှိကြောင်း ၊ စက်မှုဇုန်သစ်ဖော်ဆောင်ရေး လုပ်ငန်းသည် လုပ်ငန်းစဉ်အဆင့်ဆင့်များပြားသည့်အပြင် အင်မတန်ကျယ်ပြန့်သည့်လုပ်ငန်းဖြစ် သဖြင့် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍၊ ကော်မတီတွင်ပါဝင်သည့် ဌာနဆိုင်ရာများ အနေဖြင့် ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြား သည်။

ထို့နောက် ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က ချင်းပြည် နယ် စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းတာဝန် (၂၁) ချက်၊ စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့် စက်မှုဇုန်ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ချင်းပြည်နယ်စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီဝင်များ ဖြစ်ကြသည့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အလုပ် သမားညွှန်ကြားမှုဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့နယ်များတွင် စက်မှုဇုန်သစ် ဖော်ဆောင်နိုင်ရေး ဦးစားပေးအလိုက် လျာထားဆောင်ရွက်ထားရှိမှုအခြေအနေ၊ မြေအသုံးချမှုနှင့် အင်္ဂရပ်နှင့် ပါဝင်ရမည့်ရာခိုင်နှုန်း၊ စက်မှုန်ဇုန်ဖော်ဆောင်ရေးအတွက် လုပ်ငန်းစဉ်ဆိုင်ရာ ကြိုတင် စဉ်းစားပြင်ဆင်သင့်သည့် ကိစ္စရပ်များ၊ ဦးတည်မည့် စက်မှုလုပ်ငန်းအမျိုးအစားသတ်မှတ်ခြင်း၊ အခြေခံအဆောက်အဦတည်ဆောက်မည့်ကိစ္စကို ဆုံးဖြတ်ခြင်း၊ စက်မှုဇုန်နှင့်သက်ဆိုင်သည့် အခွန် အမျိုးအစားများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးကပ်တလွန်းနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဇောလင်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်ပေးကာ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။    

( ခရိုင် ပြန်/ဆက် )

No comments:

Post a Comment