မောင်ဖိုးသား
ရန်ကုန်မြို့၏ မိုးဖွဲဖွဲရွာသွန်းနေသော သောကြာနေ့ ညနေခင်းအချိန်ဖြစ်သည်။ ရုံးဆင်းချိန် နီးကပ်လာ ပြီဖြစ်သော်လည်း ရုံးခန်းကျယ်ကြီးအတွင်း၌မူ အလုပ်လုပ်နေကြသော ကီးဘုတ်ခေါက်သံများ၊ စာရွက်စာတမ်း လှန်လှောသံများနှင့် ဖုန်းပြောသံများဖြင့် အသက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ ပြတင်းပေါက်မှန်ပြင်ထက်တွင် မိုးပေါက်များ တွဲခိုနေပြီး အပြင်ဘက်မှ မှိုင်းညို့ညို့ကောင်းကင်ကြီးက ရုံးတွင်းရှိ အလုပ်များနေသူများကို ပို၍ပင် မွန်းကျပ်စေသည့်နှယ်ရှိသည်။
ထိုအထဲတွင် ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန (Legal and Compliance Department) မှ ဒုတိယမန်နေဂျာ မောင်ဖိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ သူက
လာမည့်အပတ်အတွက် အရေးကြီးသော လုပ်ငန်းကန်ထရိုက်စာချုပ်များကို စားပွဲပေါ်တွင်
ဖြန့်ခင်းကာ မျက်မှန်ကို ပင့်တင်ရင်းသေချာစွာ စိစစ်ဖတ်ရှုနေလေသည်။ အလုပ်ထဲတွင်
အာရုံစိုက်လွန်းလှသဖြင့် ဘေးနားမှ ဖြတ်သွားသော လုပ်ဖော်ကိုင်ဖက်များကိုပင်
သတိမထားမိလောက်အောင် ဖြစ်နေသည်။
ထိုသို့တိတ်ဆိတ်ငြိမ်သက်စွာ အလုပ်လုပ်နေချိန်တွင် ရုံးခန်း၏
တစ်ဖက်ထောင့်ရှိ အက်ဒမင်အဖွဲ့ထံမှ ရုတ်တရက်ထွက်ပေါ်လာသော အသံကျယ်ကြီးတစ်ခုကြောင့်
လူတိုင်း၏ အာရုံများ လွင့်စဉ်သွားခဲ့ရသည်။
“ဟာ... ဒုက္ခပါပဲဗျာ။ ကျွန်တော့်ရဲ့ ဘဏ်အကောင့်ကို
ပိတ်တော့မယ်တဲ့။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး...”
အသံရှင်မှာ အက်ဒမင်အဖွဲ့မှ ကိုဉာဏ်လင်းဖြစ်သည်။ သူ၏
အလန့်တကြား အော်ဟစ်လိုက်သံကြောင့် ရုံးခန်းထဲရှိ လုပ်ဖော်ကိုင်ဖက်များအားလုံးသူတို့၏
ကွန်ပျူတာစခရင်များဆီမှ အာရုံလွှဲကာ သူ့ထံသို့ လှည့်ကြည့်မိသွားကြသည်။
မောင်ဖိုးသား သည်လည်း လက်ထဲမှ ဘောပင်ကိုချကာ စာရွက်များကို ခေတ္တဖယ်ထားလိုက်ပြီး နေရာမှထကာ
ကိုဉာဏ်လင်း၏ စားပွဲဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ ကိုဉာဏ်လင်းမှာ သူ၏
လက်ကိုင်ဖုန်းစခရင်ကို ပြူးတူးပြူးတောင်ဖြင့် စိုက်ကြည့်နေပြီး သူ၏
လက်ချောင်းများမှာလည်း အနည်းငယ်တုန်ယင်နေသည်ကို သတိထားမိလိုက်သည်။
“ဘာဖြစ်လို့လဲ ကိုဉာဏ်လင်း။ ဘာတွေဒီလောက်တောင်
အလန့်တကြား ဖြစ်နေရတာလဲ” ဟု မောင်ဖိုးသားက တည်ငြိမ်သောအသံဖြင့် မေးမြန်းလိုက်သည်။
ကိုဉာဏ်လင်းက သူ၏ဖုန်းစခရင်ကို မောင်ဖိုးသား၏ မျက်နှာရှေ့သို့
ထိုးပြရင်းစိုးရိမ်တကြီးဖြင့် ရှင်းပြလေသည်။
“ဒီမှာကြည့်ပါဦး အစ်ကိုရာ။ ကျွန်တော့်ရဲ့
ဘဏ်အကောင့်ထဲကို သံသယဖြစ်ဖွယ် ဝင်ရောက်မှုရှိနေလို့ ချက်ချင်းအတည်ပြုမပေးဘူးဆိုရင်
နောက်ထပ် ၁၅ မိနစ်နေရင် အကောင့်ကို အပြီးအပိုင် ရပ်ဆိုင်းပစ်မယ်ဆိုပြီး Viber ကနေ စာဝင်လာတယ်။
အောက်မှာလည်းဝင်ပြီး ဖြေရှင်းဖို့ Link တစ်ခု ပါလာတယ်။
အကောင့်ထဲမှာက ကျွန်တော့်ရဲ့ လစာငွေတွေ အကုန်ရှိသေးတာ။ ကျွန်တော်မြန်မြန်လေး
အဲဒီလင့်ခ်ထဲဝင်ပြီး အတည်ပြုလိုက်ဦးမယ်”
ကိုဉာဏ်လင်းက ပြောပြောဆိုဆိုဖြင့် ဖုန်းစခရင်ပေါ်ရှိ
ပြာနှမ်းနှမ်းလင့်ခ်စာကြောင်းလေးကို နှိပ်ရန် လက်ညှိုးရွယ်လိုက်သည်။ ထိုခဏတွင်မောင်ဖိုးသားက
ကိုဉာဏ်လင်း၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်ပြီး ပြတ်သားစွာ တားမြစ်လိုက် သည်။
“နေဦး... ရပ်လိုက်စမ်းကိုဉာဏ်လင်း။ မသိတဲ့ Link
တွေကို အလွယ်တကူမနှိပ်ပါနဲ့” ဟု မောင်ဖိုးသားက လေသံမာမာဖြင့်
သတိပေးလိုက်သည်။ ထို့နောက် ဖုန်းကို ကိုဉာဏ်လင်း၏ လက်ထဲမှ လှမ်းယူကာ ဝင်လာသော
စာတိုကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
“မင်းကံကောင်းသွားတယ် ကိုဉာဏ်လင်း။ ဒါမင်းကို
လိမ်ဖို့ ထောင်ချောက်ဆင်နေတာ။ လာ... ငါတို့ နားနေခန်းထဲ ခဏသွားရအောင်။ ဒီအကြောင်းတွေကို
မင်းသေချာသိထားမှရမယ်။ မဟုတ်ရင် တစ်နေ့ မင်းရဲ့ပိုက်ဆံတွေ အကုန်ပါသွားလိမ့်မယ်”
ဟုဆိုကာ ကိုဉာဏ်လင်း၏ ပခုံးကိုဖက်၍ နားနေခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။
နားနေခန်းထဲသို့ ရောက်သောအခါ ကော်ဖီဖျော်နေသည့် မမသန္တာက
သူတို့နှစ်ဦးကို အကဲခတ်သလို ကြည့်နေသည်။ ကိုဉာဏ်လင်းမှာမူ မျက်နှာငယ်လေးဖြင့် ဆိုဖာပေါ်တွင်
ဝင်ထိုင်လိုက်သည်။ မောင်ဖိုးသားက ကော်ဖီပူပူတစ်ခွက်ကို ယူသောက်လိုက်ရင်း
စိတ်အေးလက်အေးဖြစ်စေရန် စကားစတင်လိုက်သည်။
“မင်း သေသေချာချာ စဉ်းစားကြည့်စမ်း ကိုဉာဏ်လင်း။
အခုခေတ်က ဒီဂျစ်တယ်နည်းပညာတွေ တိုးတက်လာတာနဲ့အမျှပေါ့ကွာ... အင်တာနက်၊
မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ ဆက်သွယ်တာ၊ ငွေလွှဲငွေထုတ်လုပ်တာ၊ အွန်လိုင်းကနေ
ဈေးဝယ်တာနဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ငါတို့တွေ အလွယ်တကူ သုံးနိုင်လာကြတယ်လေ” ဟု
သူက ပတ်ဝန်းကျင်အခြေအနေကို အရင်ရှင်းပြသည်။
“ဒါပေမယ့် ပြဿနာက အဲဒီလိုအဆင်ပြေလွယ်ကူလာတာနဲ့အမျှ
ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကလည်း ပိုပြီးများလာတယ်” ဟု
လေးနက်စွာ ဆက်ပြောသည်။
ကိုဉာဏ်လင်းက နားမလည်နိုင်သေးသည့် ဟန်ဖြင့် ခေါင်းကုတ်ရင်း
“ဒါပေမယ့် အစ်ကိုရာ... သူတို့က ဘယ်လိုလုပ်ပြီး ကျွန်တော့်အကောင့်ကို ပိတ်မယ်ဆိုတာ သိနေတာလဲ။
တကယ်များ ပိတ်သွားရင် ဒုက္ခပဲ” ဟု ထပ်မေးပြန်သည်။
မောင်ဖိုးသားက
ပြုံးလိုက်ပြီး “သူတို့က မင်းရဲ့ အကောင့်အကြောင်းကို ဘာမှသိတာမဟုတ်ဘူးကွ။
ဒီလိမ်တဲ့သူတွေက နည်းပညာကိုသုံးပြီး လူတွေရဲ့ ကြောက်ရွံ့စိတ်၊ လောဘစိတ်နဲ့
အရေးပေါ်အခြေအနေကို အမြန်တုံ့ပြန်ချင်တဲ့ စိတ်ခံစားချက်တွေကို
အခွင့်ကောင်းယူကြတာပဲ”ဟု ရှင်းပြသည်။
“အဲဒီလို စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကိုသုံးပြီး
ငွေကြေးတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ အရေးကြီးတဲ့ အကောင့်အချက်အလက်တွေကို
ခိုးဖို့ကြိုးစားလေ့ရှိကြတယ်လေ”
“အခုမင်းဆီကို ရောက်လာတာက အများဆုံးတွေ့ရတဲ့
အွန်လိုင်းလိမ်လည်မှုပုံစံတွေထဲက စာတိုဒါမှမဟုတ် Viber, Telegram တွေကနေတစ်ဆင့် လိမ်တဲ့ပုံစံပဲ” ဟု မောင်ဖိုးသားက ဆက်လက်ရှင်းလင်းသည်။
“ဒီကောင်တွေက ဘယ်လိုလုပ်လေ့ရှိသလဲဆိုတော့
‘ဆုငွေကြီးပေါက်တယ်’၊ ‘ချေးငွေအတိုးနှုန်း သက်သက်သာသာရနိုင်တယ်’၊ ‘သင့်အကောင့်ကို
ပိတ်သိမ်းတော့မှာမို့ ချက်ချင်းအတည်ပြုဖို့လိုတယ်’ ဆိုပြီး မက်ဆေ့ချ်တွေပို့ပြီး
အတုအယောင်လင့်ခ်တွေကို နှိပ်ခိုင်းတတ်ကြတယ်” ဟု ဆိုကာ ကိုဉာဏ်လင်း၏ အခြေအနေနှင့်
တိုက်ဆိုင်ပြသည်။
“အကယ်၍ မင်းသာစောစောက အဲဒီလင့်ခ်တွေကို
နှိပ်မိသွားရင် ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူခံရတာ၊ အကောင့်တွေ
ပျောက်ဆုံးတာနဲ့ ငွေကြေးဆုံးရှုံးတာတွေ ကြုံတွေ့ရနိုင်တယ်” ဟု အကျိုးဆက်ကို ရှင်းပြလိုက်သောအခါ
ကိုဉာဏ်လင်းမှာ လန့်ဖြတ်သွားပြီး ရင်ဘတ်ကိုဖိကာ သက်ပြင်းချလိုက်လေသည်။
ထိုစဉ် ကော်ဖီခွက်ကို ကိုင်ကာ နားထောင်နေသော
မမသန္တာကလည်း ဝင်ရောက်ဆွေးနွေးလာသည်။
“ဟုတ်တယ် ကိုဉာဏ်လင်းရေ။ မမဆိုရင်ပြီးခဲ့တဲ့ လကတင်ဖုန်းဆက်ပြီး
အယောင်ဆောင်လိမ်တာမျိုး ကိုယ်တိုင်ကြုံလိုက်ရသေးတယ်” ဟု သူ၏အတွေ့အကြုံကို
ဝေမျှလေသည်။ “သူတို့က ဘဏ်ဝန်ထမ်းတို့၊ အစိုးရဌာနတို့၊ ဝန်ဆောင်မှုပေးတဲ့
အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းအယောင်ဆောင်ပြီး ဖုန်းဆက်တာ” ဟု ဆိုသည်။
“ဖုန်းထဲမှာ သူတို့ပြောတဲ့ပုံစံက အလွန်ယုံချင်စရာကောင်းတယ်။
‘သင့်အကောင့်ကို ပြန်ဖွင့်ပေးမယ်’၊ ‘အဆင့်မြှင့်ပေးမယ်’ ဆိုပြီး မမရဲ့ Password
တွေ၊ PIN နံပါတ်တွေ၊ OTP ကုတ်တွေကို တောင်းကြတာလေ” ဟု ၎င်းက ရင်ခုန်စွာဖြင့် ပြန်လည်ပြောပြသည်။
မောင်ဖိုးသားက ခေါင်းညိတ်ထောက်ခံရင်း “မမသန္တာပြောတာ
အလွန်မှန်ပါတယ်။ အမြဲတမ်းသတိထားရမယ့်အချက်က တရားဝင်ဘဏ်တွေနဲ့ ဝန်ဆောင်မှုအဖွဲ့အစည်းတွေက
သုံးစွဲသူရဲ့ Password ၊ PIN နဲ့ OTP တွေကို ဖုန်းကနေဘယ်တော့မှ မတောင်းဘူး” ဟု အလေးအနက်ထား၍ ပြောကြားလိုက်သည်။
“ဒါ့အပြင် လူမှုကွန်ရက်တွေကနေတစ်ဆင့်
လိမ်တာတွေလည်း အများကြီးရှိသေးတယ်” ဟု မောင်ဖိုးသားက ဆက်လက်ဆွေးနွေးသည်။
“ဖေ့စ်ဘွတ်၊ ဘိုက်ဗာ၊ တယ်လီဂရမ်လို လူမှုကွန်ရက်တွေပေါ်မှာ
လူသိများတဲ့ကုမ္ပဏီတွေရဲ့ Page အတုတွေဖန်တီး၊ ပစ္စည်းတွေကို
ဈေးအတော်များများ လျှော့ပြီး ရောင်းချချင်ယောင်ဆောင်တာတွေ၊ အလုပ်အကိုင်ကောင်းတွေ ရနိုင်တယ်ဆိုပြီး
ကြော်ငြာယောင်ဆောင်တာတွေနဲ့ လိမ်ကြတာ” ဟု ဆိုသည်။
“အဆိုးဆုံးက ပစ္စည်းဖိုးငွေကြိုလွှဲခိုင်းပြီးတာနဲ့
Page ကို ပိတ်လိုက်တာ၊ ဆက်သွယ်လို့ မရတော့တာတွေ
မကြာခဏဖြစ်တတ်တယ်” ဟု မျက်မှောက်ခေတ်တွင် အဖြစ်များနေသောပြဿနာကို ထောက်ပြ သည်။
“နောက်ထပ် သတိထားရမယ့် တစ်ချက်ကတော့
အကောင့်အတုနဲ့ လိမ်တာပဲ”။ “လိမ်တဲ့သူတွေက လူတစ်ယောက်ယောက်၊ အဖွဲ့အစည်းတစ်ခုခု
ဒါမှမဟုတ် နာမည်ကြီးတဲ့သူတွေရဲ့ ဓာတ်ပုံနဲ့ နာမည်တွေကိုသုံးပြီး အကောင့်အတုတွေ
ဖန်တီးကြတယ်။ အဲဒီနောက် ယုံကြည်မှုရယူပြီး ငွေကြေးအကူအညီ တောင်းတာတွေ၊ ကိုယ်ရေးအချက်အလက်တွေ
တောင်းတာတွေနဲ့ တခြားလိမ်လည်မှုတွေ လုပ်တတ် ကြတယ်”ဟု သူ၏ ဥပဒေပိုင်းဆိုင်ရာ
အသိပညာများကိုပါ ပေါင်းစပ်ကာ ပြည့်စုံစွာ ရှင်းပြလေသည်။
ကိုဉာဏ်လင်းမှာ ထိုစကားများကို ကြားပြီးနောက် ပို၍ပင် စိုးရိမ်စိတ်ဝင်လာကာ
“ဒါဆိုရင် ကျွန်တော်တို့က လိမ်တဲ့သူတွေကို ဘယ်လိုခွဲခြား သိနိုင်မလဲ။
ဘယ်အချက်တွေကို အထူးသတိထားသင့်သလဲ အစ်ကို” ဟု မေးမြန်းလာသည်။
မောင်ဖိုးသားက ကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး
ကိုဉာဏ်လင်း၏ မျက်နှာကို တည့်တည့်ကြည့်ကာ စကားပြန်ဆိုသည်။
“လိမ်တဲ့သူတွေက လူတွေကို အလွယ်တကူ
ယုံကြည်သွားအောင်၊ အလျင်စလိုဆုံးဖြတ်သွားအောင် စိတ်ပိုင်းဆိုင်ရာ နည်းလမ်းတွေကို
သုံးလေ့ရှိကြတယ်”ဟု ရှင်းပြသည်။ “အခုငါပြောမယ့် အခြေအနေတွေ ကြုံလာပြီဆိုရင် လိမ်လည်မှုဖြစ်နိုင်ခြေများတဲ့
လက္ခဏာတွေမို့ အထူးသတိထားသင့်တယ်” ဟု ဆိုကာ အဓိကအချက်သုံးချက်ကို တစ်ခုချင်းစီထောက်ပြရှင်းလင်းလေသည်။
“ပထမဆုံး သတိထားရမယ့်အချက်က ချက်ချင်းလုပ်ဖို့ ဖိအားပေးတာပဲ။
‘အခုချက်ချင်း ငွေလွှဲရမယ်၊ မဟုတ်ရင် အကောင့်ပိတ်မယ်’၊ ‘ဒီနေ့ပဲ အခွင့်အရေးရှိတယ်’ဆိုတဲ့
စကားတွေနဲ့ စဉ်းစားချိန်မပေးဘဲ အမြန်လုပ်ဖို့ ဖိအားပေးလာတာက လိမ်လည်မှုတစ်ခုဖြစ်နိုင်တယ်”ဟု
ဆိုသည်။
“ဒုတိယအချက်က လက်တွေ့မကျတဲ့ မက်လုံးတွေ
ပေးတာဖြစ်တယ်”။ “အလုပ်မလုပ်ဘဲ ဝင်ငွေအများကြီးရမယ်လို့ ကတိပေးတာ၊ ကိုယ်မပါဝင်ထားတဲ့
ကံစမ်းမဲကနေ ဆုကြီးပေါက်တယ်လို့ ပြောတာ၊ ဈေးကွက်ပေါက်ဈေးထက် အလွန်သက်သာတဲ့
ဈေးတွေနဲ့ ရောင်းမယ်လို့ ကြော်ငြာတာတွေက သံသယထားပြီး စစ်ဆေးသင့်တဲ့ လက္ခဏာတွေပဲ”
ဟု သတိပေးသည်။
“တတိယအချက်ကတော့
ကိုယ်ရေးကိုယ်တာနဲ့ လျှို့ဝှက်အချက်အလက်တွေ တောင်းခံတာပဲ”။ “Password၊ PIN နံပါတ်၊ OTP ကုတ်၊
ဘဏ်အကောင့်အချက်အလက်တွေလို အရေးကြီးတဲ့ ကိုယ်ရေး အချက်အလက်တွေကို ဖုန်း၊ SMS၊ အီးမေးလ် ဒါမှမဟုတ် လူမှုကွန်ရက်တွေကနေ တောင်းခံလာရင်
ဘယ်လိုအခြေအနေမျိုးမှာမှ မပေးသင့်ဘူး” ဟု ပြတ်ပြတ်သားသား မှာကြားလေသည်။
ကိုဉာဏ်လင်းက
ခေါင်းကို ညိတ်ကာ နားထောင်နေရင်း “ဒါဆိုရင် အွန်လိုင်းလိမ်လည်မှုတွေကနေ ဘယ်လိုကာကွယ်ရမလဲ
ဆိုတာကိုပါ တစ်ခါတည်းပြောပြပေးပါလား အစ်ကို။ ကျွန်တော်ဘာတွေ လုပ်သင့်ပြီး ဘာတွေကို
ရှောင်ကြဉ်ရမလဲဆိုတာကို သေချာသိချင်လို့ပါ”ဟု တောင်းဆိုလာသည်။
“ကောင်းပြီ။ အချက်အလက်တွေကို ကျက်မှတ်နေမယ့်အစား
မင်းရဲ့ နေ့စဉ်အလေ့အကျင့်တစ်ခုလို မှတ်ထားလိုက်ပါ။ ကာကွယ်ဖို့ကတော့ PRI-FLOWS
ကို သတိရပေါ့။”
PRI-FLOWS ဆိုတာက...
P - Password (စကားဝှက်)။ “စကားဝှက်တွေ
သတ်မှတ်တဲ့အခါ လွယ်လွယ်ခန့်မှန်းလို့ရတာတွေ ရှောင်ပြီး
ခိုင်ခိုင်မာမာလုပ်ထားဖို့လိုတယ်။”
R - Regular check (ပုံမှန်စစ်ဆေးတာ)။
“နောက်ပြီး ကိုယ့်ဘဏ်အကောင့်ထဲက ငွေအဝင်အထွက်တွေနဲ့လူမှုကွန်ရက်တွေမှာ ဘယ်စက်တွေကနေ ဝင်ထားလဲဆိုတာကို အမြဲပုံမှန်လေး
စစ်ဆေးနေဖို့ လိုတယ် နော်။”
I - Inspection (သေချာကြည့်ရှုစစ်ဆေးတာ)။
“အွန်လိုင်းကနေ ဝင်လာတဲ့ အီးမေးလ်တွေ၊ မက်ဆေ့ချ်တွေကို အပေါ်ယံပဲကြည့်မနေဘဲ
တရားဝင် ဟုတ်မဟုတ် သေချာစစ်ဆေးဖို့လည်း လိုသေးတယ်။”
F - File (ဖိုင် / အချက်အလက်များ)။ “ကိုယ်သေချာမသိတဲ့
ဖိုင်တွေကို ဖုန်းထဲ ဒါမှမဟုတ် ကွန်ပျူတာထဲလွယ်လွယ်နဲ့ ဒေါင်းလုဒ်မလုပ်မိဖို့
အရေးကြီးတယ်။ အဲဒီထဲမှာ ဗိုင်းရပ်စ်တွေ ပါလာတတ်လို့လေ။”
L - Link (လင့်ခ်/ချိတ်ဆက်မှုများ)။ “ဆုကြီးပေါက်
တယ်တို့၊ အကောင့်ပိတ်မယ်ဆိုပြီး ခြောက်လှန့်တဲ့ မသင်္ကာစရာလင့်ခ်မျိုးတွေကို
ဆိုရှယ်မီဒီယာတွေကနေ ရလာရင်ဘယ်တော့မှ မနှိပ်ဖို့ အဓိကပဲ။”
O - OTP (တစ်ကြိမ်သုံး စကားဝှက်)။ “ဖုန်းထဲ
ရောက်လာတဲ့ OTP ဂဏန်း ၆ လုံးက ကိုယ့်ရဲ့ နောက်ဆုံးခံတပ်ပဲကွ။
ဘဏ်ဝန်ထမ်းအစစ်ကတောင် ဘယ်တော့မှ မတောင်းဘူးဆိုတော့ ဘယ်သူလာတောင်းတောင်း လုံးဝမပေးရဘူး။”
W - Wifi (Public Wifi - အများသုံးဝိုင်ဖိုင်)။
“ကော်ဖီဆိုင်တို့၊ လေဆိပ်တို့မှာ ပေးထားတဲ့အခမဲ့ Public Wifi တွေကိုသုံးပြီး ဘဏ်အကောင့်ထဲ ဝင်တာမျိုးနဲ့ ငွေလွှဲတာမျိုးတွေ လုံးဝမလုပ်နဲ့၊
ဟက်ကာတွေ ဖြတ်ယူသွားနိုင်တယ်။”
S - Share (မျှဝေတာကို သတိထားဖို့)။ “ကိုယ်ရေးကိုယ်တာ
အချက်အလက်တွေနဲ့ နေရပ်လိပ်စာတွေကို ဆိုရှယ်မီဒီယာပေါ်မှာ အလွန်အကျွံမတင်မိဖို့လည်း
သတိထားရမယ်လေ။”
“လုပ်သင့်တဲ့ အချက်တွေအနေနဲ့ဆိုရင်...” ဟုစကာ
မောင်ဖိုးသားက ဆက်ပြီး အသေးစိတ်ပြောသည်။
“တကယ်လို့ မသင်္ကာစရာ ဖုန်းခေါ်တာ၊ စာတို၊
မက်ဆေ့ချ်တွေ ရလာရင် ချက်ချင်းမယုံနဲ့။ သက်ဆိုင်သူ၊ ဒါမှမဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့
တရားဝင်ဖုန်းနံပါတ်၊ ဝက်ဘ်ဆိုက်၊ Page ကနေတစ်ဆင့် ပြန်ပြီးစစ်ကြည့်ပါ” ဟု
အကြံပေးသည်။ “ဒါ့အပြင် ကိုယ်သုံးနေတဲ့ အကောင့်တွေရဲ့ ပတ်စ်ဝပ်တွေကို ခိုင်မာအောင် သတ်မှတ်ထားပြီး
ပုံမှန်ပြောင်းပေးနေဖို့လည်း လိုတယ်” ဟုလည်း ထပ်လောင်းပြောကြားသည်။
“အကောင့်လုံခြုံရေးအတွက် Two-Factor
Authentication (2FA) လိုမျိုး လုံခြုံရေးစနစ်တွေကို
မဖြစ်မနေသုံးပါ”။ “နောက်ပြီး အွန်လိုင်းကနေ ငွေမချေခင်ရောင်းတဲ့သူနဲ့ ဝန်ဆောင်မှုရဲ့
ယုံကြည်စိတ်ချရမှုကို သေချာစစ်ဆေးပါ” ဟု ဈေးဝယ်ရာတွင် သတိပြုရန်ကိုပါ ထည့်သွင်းပြောဆိုသည်။
“တကယ်လို့ မသင်္ကာစရာကိစ္စတွေ ကြုံလာရင်
တစ်ယောက်တည်း ကျိတ်မဖြေရှင်းဘဲ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ ဒါမှမဟုတ် နည်းပညာနားလည်တဲ့သူတွေနဲ့
တိုင်ပင်ဆွေးနွေးပါ” ဟု လမ်းညွှန်ပေးသည်။
ကိုဉာဏ်လင်းမှာ သူ၏ဖုန်းကို ပြန်လည်ကြည့်ရှုရင်း
“တော်ပါသေးရဲ့ အစ်ကိုရာ။ ကျွန်တော် လန့်ဖြတ်ပြီး OTP တွေဘာတွေ မရိုက်ထည့်လိုက်မိလို့။
မဟုတ်ရင်ကျွန်တော့်ရဲ့ တစ်လစာလုပ်အားခလေးတွေ ရေစုန်မျောပြီပဲ”ဟု ပြောဆိုကာ ခုနကဝင်လာသော
မက်ဆေ့ချ်နံပါတ်ကို Report ပြုလုပ်၍ Block လုပ်ပစ်လိုက်လေသည်။
မောင်ဖိုးသားက ကိုဉာဏ်လင်း၏ ပခုံးကို ဖွဖွလေးပုတ်ပေးရင်း
သတိပေးစကားကို ဆိုလေသည်။
“မှတ်ထားပါ ကိုဉာဏ်လင်း။ ဒီဂျစ်တယ်ခေတ်မှာ
နည်းပညာတွေက လူမှုဘဝကို ပိုမိုလွယ်ကူစေပေမယ့် အွန်လိုင်းအန္တရာယ်တွေကလည်း
တစ်ပြိုင်နက်တည်း တိုးပွားလာနေတယ်”ဟု အသိပေးသည်။ “အွန်လိုင်းလိမ်လည်သူတွေက
နည်းပညာအားနည်း ချက်တွေကိုတင်မကဘူး၊ လူတွေရဲ့ ယုံကြည်မှု၊ ကြောက်ရွံ့မှုနဲ့
အလျင်စလိုဆုံးဖြတ်ချင်တဲ့စိတ် ခံစားချက်တွေကိုပါသုံးပြီး လှည့်ဖြားကြတာလေ” ဟု
လူ့သဘာဝနှင့် နည်းပညာဆက်စပ်မှုကို ရှင်းလင်းပြသည်။
“ဒါကြောင့် ‘မယုံကြည်ခင် စစ်ဆေးပါ။ မနှိပ်ခင်
စဉ်းစားပါ။ မမျှဝေခင် သတိထားပါ’ ဆိုတဲ့ အလေ့အကျင့်ကောင်းတွေကို မွေးမြူထားတာက
အွန်လိုင်းလိမ်လည်မှုတွေကနေ ကာကွယ်ဖို့ အရေးကြီးဆုံးလုံခြုံရေးကာကွယ်မှုပဲ” ဟု
မောင်ဖိုးသားက ပြုံးရွှင်စွာဖြင့် ပြောကြားရင်း... “သတိရှိတဲ့ အသုံးပြုသူတစ်ယောက်ဖြစ်တာက
အကောင်းဆုံးဆိုက်ဘာ ကာကွယ်ရေးပဲလေ” ဟု ဆိုကာ စကားဝိုင်းကို အဆုံးသတ်လိုက်လေသည်။
ထို့နောက် မောင်ဖိုးသားသည် သူ၏စာချုပ်စာတမ်းများဆီသို့
ပြန်လည်အာရုံစိုက်ရန် ရုံးခန်းထဲသို့ ဝင်သွားပါတော့သည်။ ကိုဉာဏ်လင်း တစ်ယောက်ကတော့ ထိုနေ့သောကြာနေ့
ညနေခင်းအတွက် အလွန်တန်ဖိုးရှိလှသော အွန်လိုင်းလုံခြုံရေး သင်ခန်းစာတစ်ခုကို ရရှိလိုက်သည့်အတွက်
သက်ပြင်းချကာ စိတ်အေးချမ်းသာစွာဖြင့် မိမိ၏အလုပ်ခွင်ဆီသို့
ပြန်လည်ခြေလှမ်းနိုင်ခဲ့ပါတော့သည်။ ။
No comments:
Post a Comment