အဆိုပါ IIMM ဆိုသည့်ယန္တရားသည် ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော လူ့အခွင့်အရေးကောင်စီက တရားဝင်လုပ်ပိုင်ခွင့်ကို ကျော်လွန်၍လည်းကောင်း၊ ကုလသမဂ္ဂပဋိညာဉ်နှင့် လူ့အခွင့်အရေးကောင်စီထူထောင်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များတွင်ပါရှိသည့် အခြေခံမူများဖြစ်သော တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်ခြင်း၊ ဘက်မလိုက်ခြင်း၊
ဓမ္မဓိဋ္ဌာန်ကျခြင်းနှင့် ရွေးချယ်ပစ်မှတ်မထားခြင်း စသောစံနှုန်းများ အပေါ် သွေဖည်၍လည်းကောင်း ဖွဲ့စည်းလိုက်သည့် အဖွဲ့တစ်ခုသာဖြစ်သည်။ IIMM ယန္တရားနှင့် ယင်း၏မြစ်ဖျားခံရာ အဖွဲ့အစည်းဖြစ်သော နိုင်ငံတကာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) စသည်တို့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ တစ်ဖက်သတ်အမြင်၊ တစ်ဖက်သတ်ဆုံးဖြတ်ချက်များဖြင့် တစ်ဖက်သတ်ဖွဲ့စည်းခဲ့သည့် အဖွဲ့များသာဖြစ်သည်။ ၎င်းအဖွဲ့များကို စတင်ဖွဲ့စည်းစဉ်ကပင် မြန်မာနိုင်ငံက အသိအမှတ် ပြုခြင်းမရှိဘဲ အစဉ်တစိုက်ကန့်ကွက်ခဲ့သည်။
လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး ၎င်း၏လုပ်ပိုင်ခွင့်မှာ သတ်မှတ်ကာလအတွင်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို စုစည်းဖော်ပြထားသည့် အစီရင်ခံစာနှင့် လူ့အခွင့်အရေးနယ်ပယ်ရှိ အပြည်ပြည်ဆိုင်ရာဥပဒေများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို အထွေထွေညီလာခံသို့ တင်ပြရန်သာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအပေါ် ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာ သို့မဟုတ် စုံစမ်းစစ်ဆေးရေးယန္တရား တစ်ရပ်ရပ်ကိုဖွဲ့စည်းရန် လူ့အခွင့်အရေးကောင်စီတွင် တရားဝင်လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းမရှိသည့်အလျောက် IIMM ပေါ်ပေါက်လာခြင်းသည် နိုင်ငံတစ်နိုင်ငံအပေါ်ပစ်မှတ်ထားပြီး တစ်ဖက်သတ်ဆန်သော နိုင်ငံရေးအရ သွတ်သွင်းဆောင်ရွက်ခြင်း၏ ရလဒ်ဟုသာ ဆိုရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် IIMM သည် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသအုပ်စုတစ်စု၏ နိုင်ငံရေးအရအသုံးချခံလက်ကိုင် တုတ်တစ်ခုအဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သည်။
တစ်ဖက်တွင်လည်း နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၂ သန်းမှ ၁၅ သန်းခန့် သုံးစွဲနေသည့် IIMM ယန္တရား၏ သက်တမ်းနှင့်ပတ်သက်၍ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိဘဲ လုပ်ငန်းတာဝန်နှင့် လုပ်ငန်းဆိုင်ရာသတ်မှတ်ချက်များ (Term of Reference- ToR) တွင်မူ IIMM အား ကုလသမဂ္ဂ၏ အရင်းအမြစ်များနှင့် အလှူရှင်နိုင်ငံများထံမှ ရန်ပုံငွေများကို ၎င်းဘာသာဆုံးဖြတ်ချက်ဖြင့် လက်ခံရယူခွင့်ပြုထားရာ ဘတ်ဂျက်အလွဲသုံးမှုဖြစ်ပေါ်စေနိုင်သလို ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ ပွင့်လင်းမြင်သာမှုကင်းမဲ့လျက်ရှိသည်။
မြန်မာနိုင်ငံက အသိအမှတ်ပြုထားခြင်းမရှိသလို နိုင်ငံအတွင်း ဝင်ရောက်ခွင့်လည်းပြုမထားသည့် IIMM ယန္တရားအနေဖြင့် ၎င်း၏ နှစ်စဉ်အစီရင်ခံစာကို ပြုစုရာတွင် ယခင်နှစ်များနည်းတူပင် မြန်မာ့ တပ်မတော်အပေါ် တစ်ဖက်သတ်စွပ်စွဲချက်များ၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှရရှိသည့် အတည်မပြုနိုင်သော သတင်းများနှင့် ဖောင်းပွနေသည့် ကိန်းဂဏန်းများအပေါ်အခြေခံ၍ ရေးသားတင်ပြခဲ့ခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေ သည့် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများအပေါ် တုံ့ပြန်စစ်ဆင်ချေမှုန်းသည့် စစ်ရေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လွဲမှားစွာဖော်ပြမှုများ၊ စွပ်စွဲမှုများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးရာရောက်ပြီး နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှုများအပေါ် အဟန့်အတားဖြစ်စေသည်။
IIMM ယန္တရားကို စတင်ဖွဲ့စည်းစဉ်ကပင် လူ့အခွင့်အရေးကောင်စီ၏ အဓိကရည်ရွယ်ချက်မှာ အစိုးရအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့၏ ချိုးဖောက်မှုများကိုစုံစမ်းရန်ဟူသော ရည်ရွယ်ချက်တစ်ဖက်တည်း သာရှိပြီး လူမျိုးစုလက်နက်ကိုင်အဖွဲ့များ၊ ပီဒီအက်ဖ်အကြမ်းဖက်များ စသည့်သောင်းကျန်းသူများက ကျူးလွန်လျက်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများအပေါ် စုံစမ်းဖော်ထုတ်မှုနှင့်ပတ်သက်၍မူ မျက်ကွယ်ပြုထားလေ့ရှိရာ ရှူးဖိနပ်တစ်ဖက်တည်းသာစီးပြီး လမ်းလျှောက်နေသည့်နှယ် ပုံပျက်ပန်းပျက်ဖြစ်နေသည်မှာလည်း မဆန်းတော့ဟုဆိုရမည်သာဖြစ်သည်။
စင်စစ် IIMM ကဲ့သို့သောယန္တရားများသည် အင်အားကြီးနိုင်ငံရေး အုပ်စုများ၏ မူဝါဒအပေါ်မူတည်၍ရန်ပုံငွေနှင့် ထောက်ပံ့မှုတို့ ရရှိနေခြင်းဖြစ်သည့်အလျောက် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဟူသော အပေါ်ယံအလွှာကိုခွာချလိုက်ပါက နိုင်ငံရေးအရအသုံးချခံ တုတ်တစ်ချောင်းကိုသာ ထင်ရှားစွာတွေ့မြင်ကြရမည့်အကြောင်း။

No comments:
Post a Comment