ရိုးရာယဉ်ကျေးမှုဆိုသည်မှာ လူ့အသိုက်အဝန်းတစ်ခုတွင် ရှေးပဝေသဏီ ခေတ်အဆက်ဆက်မှ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြသည့် လူနေမှုဟန်ပန်များ၊ ဓလေ့ထုံးစံများ၊ ကိုယ်ကျင့်တရား၊ ဘာသာစကား၊ အနုပညာလက်ရာများ စသည်တို့ဖြစ်သည်။ မတူညီသည့် လူ့အသိုက်အဝန်းများတွင် ရိုးရာယဉ်ကျေးမှုများသည် ကိုယ်ပိုင်ဟန်များဖြင့် သီးခြားစီဖြစ်ထွန်းကြခြင်းဖြစ်ရာ ရိုးရာယဉ်ကျေးမှုများက လူ့အဖွဲ့အစည်းတစ်ရပ်၏ ထူးခြားသည့် ဝိသေသလက္ခဏာများဖြစ်ကြသည့်အလျောက် မိမိတို့၏ယဉ်ကျေးမှုများကို မပျောက်မပျက်အောင် နိုင်ငံတိုင်း၊ လူမျိုးတိုင်းက ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပိုမိုမြင့်မားလာစေရန် မြှင့်တင်ခြင်းတို့ကို ပြုလုပ်ကြရစမြဲဖြစ်သည်။
ရိုးရာယဉ်ကျေးမှုတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း၊
ဒြပ်ရှိ၊ ဒြပ်မဲ့ စသည်ဖြင့် ပါဝင်လျက်ရှိရာ အဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရပ်တို့သည်
လူတို့၏ စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေသည့် အနုစိတ်ပြီး ဆန်းကြယ်သော ပညာရပ်များဖြစ်ကြသကဲ့သို့
ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်သည့်အားလျော်စွာ ပျက်စီးပျောက်ဆုံးလွယ်သည့် သဘောလည်းရှိသည်။ မြန်မာတစ်မျိုးသားလုံးကို
ကိုယ်စားပြုသည့် မြန်မာ့ယဉ်ကျေးမှုအနုပညာတို့မှာ မြန်မာနိုင်ငံ၏ ရှည်လျားသည့် သမိုင်းကြောင်းနှင့်အတူ
ဖြစ်ပေါ်တည်ရှိ ထွန်းကားခဲ့သည်။ မြန်မာသံ မြန်မာ့တေးသီချင်းများ၊ မြန်မာကဟန်နှင့် ကကြိုးကကွက်များ၊
မြန်မာတို့ဖွဲ့ဆိုခဲ့သည့် ဂီတနှင့် မြန်မာ့တူရိယာများ စသည်တို့မှာ မြန်မာ့မူ မြန်မာ့ဟန်ဖြင့်
ခမ်းခမ်းနားနား၊ ခိုင်ခိုင်မာမာ တည်ရှိခဲ့သည်။
နယ်ချဲ့ကျူးကျော်သိမ်းပိုက်မှုနှင့် နှစ်ပေါင်းတစ်ရာကျော်
ကိုလိုနီဘဝကျရောက်ခဲ့ရချိန်တွင် မိမိတို့၏ ယဉ်ကျေးမှုမှာလည်း ရောနှောမှုများ၊ တိုက်စားပွန်းပဲ့မှုများ
ခံစားခဲ့ရသည့်တိုင် ရှေးခေတ်ဘိုးဘွားတို့က အရိုးကို အရွက်မဖုံးစေရန် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။
အသစ်ဝင်ရောက်လာသည့် တိုင်းတစ်ပါးမှ ယဉ်ကျေးမှုများကို မိမိတို့၏ ရှိရင်းစွဲယဉ်ကျေးမှုအောက်သို့
ပေါင်းစပ်သွတ်သွင်းကာ မိမိတို့၏ ယဉ်ကျေးမှုကို ပိုမို၍ ကြွယ်ဝလာစေရန် ဆောင်ရွက်ခဲ့ကြသည်။
အသစ်အသစ်တို့နှင့်ပေါင်းစည်းကာ ရိုးရာယဉ်ကျေးမှုကို ဆက်လက်ရှင်သန်စေခဲ့ခြင်းနှင့်အတူ
မြန်မာ့မူ မြန်မာ့ဟန်တို့ကို မပျောက်မပျက်အောင် ကာကွယ်ခဲ့ကြသည်။
၁၉၉၀ ပြည့်လွန်နှစ်များတွင် အမျိုးဂုဏ်
ဇာတိဂုဏ်မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတို့အတွက် ထိုစဉ်က နိုင်ငံကိုတာဝန်ယူခဲ့သည့်
နိုင်ငံတော်အစိုးရက အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ရာတွင် ၁၉၉၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့သည့်
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးလည်း ပါဝင်သည်။ ၁၉၉၃ ခုနှစ်မှ
၂၀၁၆ ခုနှစ်အထိ နှစ်စဉ် စဉ်ဆက်မပြတ် ကျင်းပပေးခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ
ငါးနှစ်ကြာ ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းသွားခဲ့သည်။ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပပေးခဲ့ရာ နိုင်ငံတစ်ဝန်းရှိ
ရိုးရာယဉ်ကျေးမှုအနုပညာကို တမြတ်တနိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြသည့်
မြန်မာ့ယဉ်ကျေးမှု ချစ်မြတ်နိုးသူများက ဝမ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊
အတီးပြိုင်ပွဲကြီးများကို နှစ်စဉ်ကျင်းပပေးခြင်းအားဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုအနုသုခုမပညာရပ်များမှာ
မပျောက်မပျက် ဆက်လက်ရှင်သန်နေစေပြီး ပြိုင်ပွဲများတွင် ထူးချွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့သည့်
ရိုးရာယဉ်ကျေးမှု အနုပညာရှင်တို့မှာလည်း နိုင်ငံတစ်ဝန်းတွင် အများအပြား ပေါ်ထွန်းလျက်ရှိနေပြီဖြစ်သည်။
၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို (က) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏
ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ခ) အမျိုးသားရေး
စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် မျိုးဆက်သစ် လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုကို
ချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားစေရေး၊ (ဂ) မြန်မာ့ရိုးရာယဉ်ကျေးမှု
အနုပညာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊
(ဃ) နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် ယဉ်ကျေးမှုအနုပညာစွမ်းအားဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်
ဆောင်ရွက်ရေးဟူသော ဦးတည်ချက်များဖြင့် မကြာမီ ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ကြမည့်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အနုပညာရှင်များမှာ ပွဲမဝင်မီ ကြိုတင်ပြင်ဆင်
လေ့ကျင့်နေကြပြီ ဖြစ်သည်။
အဖန်ဖန်အထပ်ထပ် လေ့ကျင့်ပြင်ဆင်ခြင်းသည်
အောင်ပွဲဆင်နိုင်ရေးအတွက်ဖြစ်သကဲ့သို့ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို
မပျောက်မပျက်စေရန် လက်ဆင့်ကမ်းယူဆောင်နေ ခြင်းပင်ဖြစ်သည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်
ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည့် ရိုးရာအမွေအနှစ်များကို မျိုးဆက်သစ်များက ဆက်လက်သယ်ပိုးကာ
မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက် တာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment