နေပြည်တော် ဩဂုတ် ၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊
ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်
ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင်
လိုက်ပါသွားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ
ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန်
နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် ဗန်ကောက်မြို့၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိကြရာ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ
ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့်ဇနီး၊ မြန်မာစစ်သံ
(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုသို့ ကြိုဆိုစဉ်
ထိုင်းဘုရင့်တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံ့အကြီးအကဲများအား ကြိုဆိုဂုဏ်ပြုသည့်
ဓလေ့ထုံးစံစဉ်လာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူ အလေးပြု၍လည်းကောင်း၊
ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ အမြောက် ၂၁ ချက်ပစ်ဖောက်၍ လည်းကောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ခရီးဦးကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)




No comments:
Post a Comment