Thursday, August 6, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ ပူးတွဲကြေညာချက်








၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။ 

၂။ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကာလရှည်ကြာတည်ရှိခဲ့သော ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အိမ်နီးချင်းကောင်းပီသမှုတို့ကို အားရကျေနပ်မှုများဖြင့် ဖော်ပြခဲ့ကြပြီး၊ နှစ်နိုင်ငံနှင့် ဒေသတွင်းအပြန်အလှန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံသာယာဝပြောရေးအတွက် အပြန်အလှန် အကျိုးစီးပွားများဖြစ်ထွန်းစေသည့်ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။

၃။ နှစ်နိုင်ငံခေါင်းဆောင်များသည် အဓိကကျသည့် အောက်ပါကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်-

၃.၁ နိုင်ငံရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု

၃.၁.၁ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် (Joint Commission – JC)ကို ဆောလျင်စွာကျင်းပနိုင်ရေးအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်အဆင့်တိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများနှင့် အပြန်အလှန်အဆင့်မြင့်ခရီးစဉ်များကို ပိုမိုလေးနက်ခိုင်မာစွာ ဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ နိုင်ငံရေးရာညှိနှိုင်းဆွေးနွေးပွဲ (political consultations)၊ မြန်မာနိုင်ငံ၏ သံတမန်သစ်များနှင့် အလယ်အလတ်အဆင့် သံတမန်များအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ၊ နှစ်နိုင်ငံသံတမန်များ အပြန်အလှန်စေလွှတ်ရေး အစီအစဉ်များမှတစ်ဆင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာသံတမန်သင်တန်းကျောင်း (MDA) နှင့် ထိုင်းနိုင်ငံ Devawongse Varopakarn Institute of Foreign Affairs (DVIFA) တို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ကြိုဆိုခဲ့ကြသည်။

၃.၁.၂  မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွင်ခိုင်မာပြီး ကာလရှည်ကြာတည်ရှိခဲ့သည့် မိတ်ဖက်ဆက်ဆံရေးကို နှစ်ဖက်စလုံးကကြိုဆိုခဲ့ကြပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်အထိ ကျိုင်းတုံမြို့၌ ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက် ဒေသဆိုင်ရာနယ်ခြားကော်မတီ အစည်းအဝေး (Regional Border Committee – RBC) အပါအဝင် သက်ဆိုင်ရာ နှစ်နိုင်ငံ ယန္တရားများမှတစ်ဆင့် စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ကျေနပ်အားရစွာဖြင့် မှတ်သားခဲ့ကြသည်။ (၉) ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ (9th High-Level Committee-HLC) အစည်းအဝေး ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ ဗန်ကောက်မြို့တွင် ကျင်းပနိုင်ရန် မျှော်မှန်းခဲ့ကြသည်။

၃.၁.၃  နှစ်နိုင်ငံအကြား မဟာဗျူဟာအဆင့်တွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်တို့အကြား ကျင်းပမည့် လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ (Security Dialogue) ကို နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြသည်။

၃.၁.၄  နှစ်နိုင်ငံပြည်သူများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပိုမိုကောင်းမွန်သည့် လူမှုဘဝအခြေခံလိုအပ်ချက်များ ရရှိရေးတို့ကို ဖော်ဆောင်ပေးနိုင်ရန် မြန်မာ-ထိုင်းနယ်စပ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖော်ဆောင်မည့် ပူးတွဲကတိကဝတ်ကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြသည်။

၃.၁.၅  နိုင်ငံဖြတ်ကျော်မှုခင်းများ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များကိုတိုက်ဖျက်ရာတွင် ပူးတွဲကြိုးပမ်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ ထို့ပြင် နိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များ၏ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ဟန့်တားရေး ပူးတွဲဆောင်ရွက်မှုများနှင့် သတင်းအချက်အလက် မျှဝေမှုများမှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုစင်တာများကို နှိမ်နင်းရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်သဘောတူညီခဲ့ကြသည်။ အထူးသဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် နှစ်နိုင်ငံငွေကြေးခဝါချမှုတိုက်ဖျက်ရေး အာဏာပိုင်များအကြား ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေး တည်ဆောက်သွားရန် သဘောတူညီခဲ့ကြသည်။ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး သတင်းအချက်အလက်များမျှဝေမှုကို လွယ်ကူချောမွေ့စေရန်အတွက် မြန်မာနိုင်ငံ၏ Egmont Group အဖွဲ့ဝင်ဖြစ်ရေးကို ထိုင်းဘက်မှ ဆက်လက်ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်  အသုံးပြုသည့် ဓာတုပစ္စည်းများ တားဆီးကာကွယ်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ရာတွင် ခိုင်မာအားကောင်းစေရေးအတွက်ကတိကဝတ်များကို နှစ်နိုင်ငံခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့ကြသည်။

၃.၁.၆ နှစ်နိုင်ငံခေါင်းဆောင်များသည် မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်နှင့် ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော်တို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ကြသည်။

၃.၂     စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု

၃.၂.၁ နှစ်နိုင်ငံ ကုန်သွယ်မှု ရည်မှန်းချက်၊ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ ရရှိစေရေးအတွက် နှစ်ဖက်စလုံးက နှစ်နိုင်ငံကုန်သွယ်မှုကိုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့ရေးတို့ကို ဆောင်ရွက်နိုင်ရန်  နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီခဲ့ကြသည်။ ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ကျင်းပရန် စီစဉ်ထားရှိသည့် (၈) ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မရှင်အစည်းအဝေးတွင် နှစ်နိုင်ငံအကြားကုန်သွယ်မှု ပိုမိုချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲများနှင့် အခြားအခက်အခဲများကို ဖြေရှင်းရန် နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။ တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ အဆင်ပြေချောမွေ့စေရေးအတွက် နည်းလမ်းများကိုရှာဖွေရန် သက်ဆိုင်ရာအာဏာပိုင်များအား တိုက်တွန်းအားပေးဆောင်ရွက်သွားရန်လည်း ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။

၃.၂.၂ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည့် အမှတ်-၂ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (မြဝတီ- မဲဆောက်) နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခဲ့မှုကို ကြိုဆိုခဲ့ကြသည်။ နှစ်ဖက်စလုံးက နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ဆက်သွယ်ချိတ်ဆက်မှုကိုမြှင့်တင်စေမည့် သတ်မှတ်ထားသော နယ်စပ်ဂိတ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို လွယ်ကူချောမွေ့လျင်မြန်စေရန် နည်းလမ်းများဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်နှင့် မြေပြင်လုံခြုံရေး အခြေအနေအပေါ်မူတည်၍ ကျန်ရှိနေသည့် နယ်စပ်ဂိတ်/ကုန်သွယ်ရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရေး စဉ်းစားရန် သဘောတူညီခဲ့ကြသည်။

၃.၂.၃ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အဆင့်မြှင့်တင်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ချိတ်ဆက်မှုများမှတစ်ဆင့် လမ်းပန်းဆက်သွယ်ရေး ကွန်ရက်များကို ခိုင်မာအားကောင်းစေရေး ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။ ကုန်းလမ်း၊ ပင်လယ် ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများ ပါဝင်သော ဘက်စုံပို့ဆောင်ဆက်သွယ်ရေး (Multi-modal Connectivity) ချိတ်ဆက်မှု အစီအစဉ်တစ်ခုလုံးကို ပေါင်းစပ်ညှိနှိုင်းရန်နှင့် နှစ်နိုင်ငံ ပြည်တွင်းဥပဒေများနှင့်အညီ သင့်လျော်သည့်နေရာတွင် နှစ်နိုင်ငံ၏ သက်ဆိုင်ရာမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများ ဟန်ချက်ညီစေရန်တို့အတွက် "မြန်မာ-ထိုင်းအကြား လမ်းပန်းဆက်သွယ်ရေး ကွန်ရက်မြှင့်တင်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့" ထူထောင်ရေး၏ အရေးပါမှုကို ဖော်ပြခဲ့ကြသည်။ အနာဂတ်ဆွေးနွေးမှုနယ်ပယ်များတွင် နှစ်နိုင်ငံစလုံး၏ နှစ်ဖက်သဘောတူညီချက်၊ သက်ဆိုင်ရာဖြစ်နိုင်ခြေလေ့လာမှုများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရနောင်းဆိပ်ကမ်းနှင့် မြန်မာနိုင်ငံရှိ သင့်လျော်သည့် ဆိပ်ကမ်းများအကြား နှစ်ဖက်အကျိုးရှိသည့် ပင်လယ်ရေကြောင်း ဆက်သွယ်ရေး၊ အလားအလာရှိသော စီးပွားဖြစ် ကမ်းရိုးတန်းရေကြောင်း ပို့ဆောင်ရေးဝန်ဆောင်မှုများ မြှင့်တင်ရေး၊ ဖူနမ်ရွမ်-ထီးခီး-ထားဝယ် သယ်ယူပို့ဆောင်ရေးစင်္ကြန် ဖွံ့ဖြိုးတိုးတက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းအဆင့်မြှင့်တင်ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးနှင့် နယ်စပ်တစ်လျှောက် သင့်လျော်သည့် အထူးစီးပွားရေးဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းနေရာများ ဖော်ဆောင်ရေးတို့ ပါဝင်ပါသည်။ ထိုသို့ကြိုးပမ်းမှုများက နှစ်နိုင်ငံစလုံးနှင့် ပိုမိုကျယ်ပြန့်သည့် ဒေသအတွင်း ကုန်သွယ်မှုမြှင့်တင်ရန်၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းနေရာများ အဆင်ပြေစေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရန်၊ ချိတ်ဆက်မှုခိုင်မာစေရန် မျှော်မှန်းပါသည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီပေးရေးအေဂျင်စီ (NEDA)၏ ကူညီပံ့ပိုးမှုကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။

၃.၂.၄ နှစ်ဖက်စလုံးသည် စွမ်းအင်ဖူလုံရေးကို မဟာဗျူဟာမြောက် ဦးစားပေးကိစ္စရပ်အဖြစ် အသိအမှတ်ပြုခဲ့ကြပြီး စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန်၊ အထူးသဖြင့် တည်ငြိမ်၍ ယုံကြည်စိတ်ချရသော စွမ်းအင်အထောက်အပံ့ကို အာမခံချက်ရှိရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်နိုင်ရန်အတွက် သဘာဝဓာတ်ငွေ့သယံဇာတများဖွံ့ဖြိုးတိုးတက်ရေး ရှာဖွေတူးဖော်မှုတိုးမြှင့်သွားရန် ထပ်လောင်းအတည်ပြုခဲ့ကြသည်။ နှစ်ဖက်စလုံးက နှစ်နိုင်ငံစွမ်းအင်ဖူလုံမှုနှင့် အပြန်အလှန်အကျိုးစီးပွားကိုမြှင့်တင်ရန် ရှိရင်းစွဲစီမံကိန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အထောက်အပံ့ပေးရန်နှင့် အနာဂတ်စီမံကိန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန် သဘောတူညီခဲ့ကြသည်။

၃.၂.၅ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံအကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအသစ်နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်တို့ လက်မှတ်ရေးထိုးခဲ့ခြင်းကိုလည်း ကြိုဆိုခဲ့ကြသည်။

၃.၂.၆  နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍများအကြား ကွန်ရက်ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင်  ဗန်ကောက်မြို့၌ မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်ကျင်းပခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ ထိုင်း-မြန်မာ စီးပွားရေးကောင်စီ (TMBC)၊ မြန်မာနိုင်ငံ ထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း (TBAM) တို့အပါအဝင် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံကြရန်နှင့် နယ်စပ်ဒေသများရှိ ဒေသဆိုင်ရာ ကုန်သည်ကြီးများအသင်းများအကြား တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့ကြသည်။

၃.၃ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု

၃.၃.၁ နှစ်နိုင်ငံခေါင်းဆောင်များသည် မီးခိုးမြူညစ်ညမ်းမှု၊ လေဟာပြင် မီးရှို့ခြင်းနှင့် ရေညစ်ညမ်းမှုတို့အပါအဝင် နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရန် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။

၃.၃.၂  နှစ်ဖက်စလုံးသည် တောမီးလောင်ကျွမ်းမှုလေ့လာစောင့်ကြည့်ရေးစနစ်နှင့် လေ့ကျင့်ရေးသင်တန်းများ တိုးတက်စေမှုမှတစ်ဆင့် အပါအဝင် တောမီးလောင်ကျွမ်းမှုတားဆီးကာကွယ်ရေးလုပ်ငန်းတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုခဲ့ကြသည်။ ထို့အပြင် ထိရောက်ပြီးရေရှည်တည်တံ့သောဖြေရှင်းမှုများကို တိုးမြှင့်လုပ်ဆောင်ရာတွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး (၃)နိုင်ငံပူးတွဲလုပ်ငန်းစီမံချက် (CLEAR Sky Strategy) နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အပါအဝင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ စဉ်ဆက်မပြတ်သတင်းအချက်အလက်များမျှဝေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပါသည်။

၃.၃.၃  နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော်မြစ်များ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်(TOR) အား လက်မှတ်ရေးထိုးခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။ သက်ဆိုင်ရာဌာနများအနေဖြင့် ရေအရည်အသွေးစီမံခန့်ခွဲမှု နယ်ပယ်တွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ပူးတွဲလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ဆောလျင်စွာနှင့် နှစ်ဖက်အဆင်ပြေမည့်အချိန်တွင် ကျင်းပရန် တာဝန်ပေးအပ်ခဲ့ကြသည်။

၃.၄ လူမှု-ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု

၃.၄.၁  နှစ်နိုင်ငံခေါင်းဆောင်များက ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု (people-to-people exchanges)သည် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား ကာလရှည် ချစ်ကြည်ရင်းနှီးမှု၏ အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ကြသည်။ နှစ်ဖက်စလုံးက ၂၀၁၇ ခုနှစ် ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ ဆက်လက်အကောင်အထည်ဖော်ခြင်းကို ကြိုဆိုခဲ့ကြပြီး သတင်းအချက်အလက်များနှင့် အလေ့အကျင့်ကောင်းများ အပြန်အလှန်မျှဝေရေး၊  စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ခရီးသွားဧည့်သည်များ၏ ဘေးကင်းလုံခြုံရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့မှတစ်ဆင့် သက်ဆိုင်ရာခရီးသွားလာရေးကဏ္ဍ တာဝန်ရှိသူများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် သဘောတူညီခဲ့ကြသည်။

၃.၄.၂  နှစ်ဖက်စလုံးသည် (၁၇) ကြိမ်မြောက် ထိုင်း-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား မြန်မာ-ထိုင်း ၃ နှစ်တာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၂၆-၂၀၂၈) အတည်ပြု ချမှတ်ရေးကို မျှော်မှန်းခဲ့ကြသည်။  မြန်မာ-ထိုင်း ၃ နှစ်တာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သည် နှစ်နိုင်ငံ အပြန်အလှန်အကျိူးစီးပွားအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေး၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေး ကတိကဝတ်ကို ထင်ဟပ်စေသည်။

၃.၄.၃ ခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား ချိတ်ဆက်သွားလာမှုကို ပိုမိုကောင်းမွန်စေပြီး ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအပြန်အလှန် ဆက်သွယ်မှုများကို ပိုမိုမြှင့်တင်ပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် ထိုင်းလေကြောင်းလိုင်းမှ ဗန်ကောက်–ရန်ကုန်လေကြောင်းခရီးစဉ် ထပ်မံတိုးချဲ့ပြေးဆွဲရန် စတင်မှုအားလည်း ကြိုဆိုခဲ့ကြသည်။

၃.၄.၄ နှစ်နိုင်ငံခေါင်းဆောင်များက ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး နည်းပညာနှင့် ယင်း၏ အသုံးချမှုများ၊ အထူးသဖြင့် ဘေးအန္တရာယ်၊ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ထိုင်းနိုင်ငံ Geo-Informatics နှင့် အာကာသ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Geo-Informatics and Space Technology Development Agency -GISTDA) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။

၄။      ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှု

၄.၁    ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘုံအကျိုးစီးပွားမြှင့်တင်ရေးတို့အတွက် အာဆီယံ၊ ဘင်းမ်စတက် (BIMSTEC)၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) နှင့် မဲခေါင်ဒေသ ယန္တရားများအပါအဝင် ဒေသတွင်းမူဘောင်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်ပံ့ပိုးကူညီရေးတို့ကို တိုးမြှင့်သွားရန် နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြသည်။

၄.၂   မြန်မာနိုင်ငံမှ ACMECS ဥက္ကဋ္ဌတာဝန်ယူမှုအတွက် ထိုင်းနိုင်ငံကအစဉ်တစိုက်ထောက်ခံအားပေးမှုကို ထပ်လောင်းဖော်ပြခဲ့ပြီး ကျင်းပရန်ရှိသည့် (၁၁)ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေး မျှော်မှန်းခဲ့ကြသည်။

၄.၃    အာဆီယံ ပဋိညာဉ်စာတမ်း၊ မူများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အာဆီယံယန္တရားများနှင့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ၏ အပြည့်အဝ တန်းတူညီမျှ ပါဝင်ခွင့်ရရှိရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားရန်နှင့်ကူညီသွားရန် ထပ်လောင်းအတည်ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိစေရေးအတွက် ကူညီဆောင်ရွက်ပေးရာတွင် ထိုင်းနိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

၅။      အခြားကိစ္စရပ်များ

         မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းမှတစ်ဆင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးမြှင့်ဆောင်ရွက်ရေးအပေါ် မြန်မာနိုင်ငံ၏ ဆက်လက်ကတိကဝတ်ထားရှိမှုကို ထိုင်းနိုင်ငံက ကြိုဆိုခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နီးကပ်စွာဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိခြင်းကိုလည်း မြန်မာနိုင်ငံက ကြိုဆိုခဲ့သည်။

၆။    နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံအကြား ကာလရှည်ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သော မိတ်ဖက်ဆက်ဆံရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံစလုံး၏ အပြန်အလှန် ဘုံကတိကဝတ်တို့ကို ထပ်လောင်းအတည်ပြုနိုင်ခဲ့သည်။ အဆင့်အားလုံးတွင် နီးကပ်သောထိတွေ့ဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်သွားရန် နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြသည်။

၇။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတက ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အပေါ် နွေးထွေးစွာဧည့်ဝတ် ကျေပွန်ခဲ့မှုများအတွက် ထိုင်းတော်ဝင်အစိုးရအား လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်းဖော်ပြခဲ့ပြီး ထိုင်းဘုရင့်နိုင်ငံ၊ ဝန်ကြီးချုပ်အား နှစ်ဖက်စလုံးအဆင်ပြေမည့်ကာလ၌ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားခဲ့သည်။ 

No comments:

Post a Comment