နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာ တွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ
(NSCN-K) (AM) အဖွဲ့အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက်
ပူးပေါင်းပါဝင်ဆွေးနွေးလိုသည့်အတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်
နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN-K) (AM) အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊
ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ခေါင်းဆောင် ဦးချင်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့်
ဦးမန်ခပ်၊ ဦး Y. ခွန်းမောင်၊ ဦးအန်းလူနှင့် ဦးလန်းညိုင်တို့ ပါဝင်သည့် ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်
ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ
ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ကိုကြိုဆိုပါကြောင်း၊ နာဂဒေသတွင် မိမိတို့ဌာနေ တိုင်းရင်းသားများစွာရှိပြီး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ထားပေးပြီးဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်
အနေအထားရှိပြီး နိုင်ငံ တော်အစိုးရအနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊
ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍစုံအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ စိုက်ပျိုးမွေးမြူရေးပိုင်းများအတွက်လည်း
နိုင်ငံ့ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပြီး ချေးငွေ ကဏ္ဍများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်ပေးရန်လိုကြောင်း၊
ဒေသတည်ငြိမ်အေးချမ်းမှသာ လူမှု စီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီအနေ ဖြင့် နာဂဒေသတွင် ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မည့်အခြေအနေနှင့်
ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးစေလိုကြောင်း၊ တည်ဆဲဥပဒေအတွင်းမှ
နိုင်ငံရေးဆန္ဒကို ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်းနှင့် လိုအပ်သည့် အခက်အခဲများကို
တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ
(NSCN-K) (AM) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ
ဦးချင်းမောင်က နိုင်ငံတော်အစိုးရသစ်၏ ငြိမ်းချမ်း ရေးဖိတ်ခေါ်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊
အစိုးရသစ်လက်ထက် နိုင်ငံတော်သမ္မတ ကြီး ဦးဆောင်သည့်လက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဟု
မျှော်လင့်မိကြောင်း၊ မြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးတွင် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများရှိနေကြသော်လည်း
နာဂဒေသတွင် ယနေ့အချိန်ထိ မလိုလားအပ်သော ပဋိပက္ခပြဿနာတစ်စုံ တစ်ရာမရှိဘဲ အေးချမ်းတည်ငြိမ်နေကြောင်း၊
နာဂဒေသသည် တည်ငြိမ်အေးချမ်းလျက်ရှိသော ဒေသ တစ်ခုဖြစ်သည့်အတွက် ယင်းအခြေအနေကို ရေရှည်ထိန်းသိမ်းကာ
ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရနှင့်အတူ ငြိမ်းချမ်းစွာဆက်လက်
ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးပွဲမှ နှစ်ဦးနှစ်ဖက်ယုံကြည်မှုနှင့်
ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး နာဂဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ထောင်စု၏
ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သောရလဒ်များနှင့် ဘုံသဘောတူညီချက်များအား အတူတကွ ဖော်ဆောင်နိုင်မည်ဟု
ခိုင်မာစွာယုံကြည်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက
ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊
နာဂလူမျိုးများနေထိုင်ရာဒေသများတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကို
စီမံဆောင်ရွက်နိုင်ရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ရေး၊ NSPNC နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ
(NSCN-K) (AM) ခေါင်းဆောင်များ လာရောက်တွေ့ဆုံညှိနှိုင်းနိုင်ရေး၊ နာဂဒေသလုံခြုံရေး၊
ဖွံ့ဖြိုးရေးလုပ်ငန်းများကို တပ်မတော်၊ အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊
အပစ်အခတ်ရပ်စဲရေးနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍
တွေ့ဆုံဆွေးနွေးရာတွင် အမှန်တကယ် ငြိမ်းချမ်းရေးလိုလားသူ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈
ခုနှစ်) အား လက်ခံသူ၊ ဒေသအကျိုးအမှန်တကယ်ဖော်ဆောင်လိုသူ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့၏
လုပ်ငန်းဆောင်ရွက်မှုများကို နားလည်သူဖြစ်ရန် အဓိကလိုအပ်ပါကြောင်း၊ ဒေသလုံခြုံရေး၊
ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဒေသရှိတပ်မတော်တပ်ရင်းတပ်ဖွဲ့ များနှင့်လည်းကောင်း၊ အစိုးရဌာနဆိုင်ရာများနှင့်
လည်းကောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် နာဂဒေသတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်း
များပြားစွာရှိနေသဖြင့် ဒေသတည်ငြိမ်မှုရှိစေရန် တိုင်းရင်းသားများအားလုံးစည်းလုံးညီညွတ်စွာဖြင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း
ဆွေးနွေးသည်။
ထို့နောက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)
(AM) ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က
ကျေးဇူးတင်စကား ပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများ
ပေးအပ်၍ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment