ရန်ကုန် ဩဂုတ် ၂၅
MFF Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့်ဖလားပွဲကို သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့သုဝဏ္ဏကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။ ဘောလုံးပွဲမစတင်မီ မွန်းလွဲ ၂ နာရီမှစ၍ ဖြိုးကြီး၊ ဖြိုးပြည့်စုံ၊ မေခလာ၊ ဂျူဝယ်လ် စသည့်အနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ထားသလို
နိုင်ငံခြားသားကစားသမားအများအပြားခေါ်ယူထားခြင်း၊ လက်ရွေးစင်အဆင့်ကစားသမားအများအပြား
ပိုင်ဆိုင်ထားသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက် အသင်းက ပွဲပြီးခါနီးတွင်သွင်းယူသည့်
တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပခဲ့သည့်
ကိုးကြိမ်တွင် သုံးကြိမ်စီ ဗိုလ်စွဲကာ အအောင်မြင်ဆုံးဖြစ်နေသည့် နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး
ရှမ်းယူနိုက်တက်အသင်းက လေးကြိမ်မြောက်ဗိုလ်စွဲခဲ့သဖြင့် အအောင်မြင်ဆုံးအသင်းဖြစ်လာသည်။
ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြို MFF Charity Shield ချန်ပီယံဆုကို ၂၀၁၃၊ ၂၀၁၉၊ ၂၀၂၀၊
၂၀၂၆ ခုနှစ်တို့တွင်ရယူကာ နောက်ဆုံးသုံးကြိမ်ဆက်တိုက်
ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းပြိုင်ပွဲများတွင် စံချိန်တင်အောင်မြင်မှုများစွာရရှိထားသည့်
ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြို MFF Charity Shield ပြိုင်ပွဲတွင်ပါ စံချိန်သစ်ထပ်မံတင်ရှိခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်း ပွဲထွက်လူစာရင်းတွင်
နိုင်ငံခြားသားကစားသမား ငါးဦး ပါဝင်လာပြီး နန္ဒကျော်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊
ရဲရင့်အောင်၊ ကျော်ဇင်ဖြိုး၊ ရဲမင်းသူတို့နှင့် တွဲဖက်ပွဲထွက်လာသလို ရန်ကုန်ယူနိုက်တက်အသင်းကလည်း
ဒေးဗစ်ထန်၊ မောင်မောင်လွင်၊ သန်းပိုင်၊ ဇော်ဝင်းသိန်း၊ ဇင်ညီညီအောင်စသည့် ပြည်တွင်းကစားသမားများကို
နိုင်ငံခြားသားကစားသမားနှစ်ဦးနှင့် တွဲဖက်အသုံးပြုခဲ့သည်။ ပွဲမစခင်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
နှစ်သင်းစလုံး စိတ်ကြိုက်မကစားနိုင်သဖြင့် ပြိုင်ဆိုင်မှုအနည်းငယ်လျော့ကျခဲ့ရသည်။ ပထမပိုင်းတွင်
နှစ်သင်းစလုံး ထိန်းကစားနေသဖြင့် ထိရောက်သည့်ဂိုးသွင်းခွင့်မရဖြစ်ခဲ့သည်။ ဒုတိယပိုင်းတွင်
နှစ်သင်းစလုံး ကစားသမားများပြောင်းလဲခဲ့ရာ ကားလို့စ်ဒါမီယန်ဝင်လာပြီးနောက်ပိုင်း ရှမ်းယူနိုက်တက်
တိုက်စစ် ပိုအသက်ဝင်လာသည်။ ၈၂ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း အနိုင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး
အက်ဒီဆင်ဒေါ့ဆန်းတို့စ်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင်
ရန်ကုန်ယူနိုက်တက် အသင်း ချေပဂိုးရရန်ကြိုးပမ်းခဲ့ပြီး အပိုင်အခွင့်အရေးနှစ်ကြိမ်ရသော်လည်း
အသုံးမချနိုင်သဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ
ကွင်းဝင်ကြေးရရှိသည့် ကျပ် ၁၁၅ သိန်းကျော်အပါအဝင် မြန်မာလိဂ်၊ ပြည်တွင်းအမျိုးသား၊
အမျိုးသမီးကလပ်အသင်းများ၊ ဘောလုံးသမားများက စုပေါင်းလှူဒါန်းငွေ ကျပ်သိန်း ၁၀၀၀ ကို
ရေဘေးသင့်ပြည်သူများထံ ပြန်လည်လှူဒါန်းသည်။ ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေက ဒုတိယရရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းအား ဆုတံဆိပ်၊
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ပထမရရှိသည့်
ရှမ်းယူနိုက်တက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပထမဆုရရှိသည့် ရှမ်းယူနိုက်တက်အသင်းအား
ချန်ပီယံဒိုင်းဆု ချီးမြင့်သည်။
ကိုညီလေး

No comments:
Post a Comment