မြန်မာနိုင်ငံ၌ ဆီထွက်သီးနှံစိုက်ပျိုးရာတွင် ရေ၊ မြေ ဒေသရာသီဥတုကိုလိုက်၍ မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းနှင့် ပဲပုပ်ကဲ့သို့သော သက်တမ်းတိုသီးနှံများအပြင် ဆီအုန်းကဲ့သို့ နှစ်ရှည်ပင်သီးနှံများကိုပါ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ကမ္ဘာ့အဆင့် စိုက်ပျိုးထုတ်လုပ်မှု၌ နှမ်းသီးနှံသည် အဆင့် (၄) နှင့် မြေပဲသီးနှံသည် အဆင့် (၆) တွင် ရပ်တည်လျက်ရှိပါသည်။
ဆီထွက်သီးနှံများအနက် မြေပဲ၊
နှမ်းနှင့် နေကြာတို့ကို အဓိကထားစိုက်ပျိုးကြပြီး နှမ်းစိုက်ဧရိယာက စုစုပေါင်းဆီထွက်သီးနှံစိုက်ဧရိယာ၏
၄၅ မှ ၅၀ ရာခိုင်နှုန်းခန့်ရှိသည်။ နှမ်းသီးနှံသည် မိုးခေါင်ရေရှားဒဏ်နှင့်
ပူပြင်းသည့်ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဖြစ်သော
မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်
အများဆုံးစိုက်ပျိုးကြသည်။
နှမ်းသီးနှံသည် ပြည်တွင်းစားသုံးမှုသာမက
ဂျပန်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံတို့သို့ နှစ်စဉ် တန်ချိန်ပေါင်းများစွာ တင်ပို့လျက်ရှိပြီး
နိုင်ငံတော်အတွက် လိုအပ်သောနိုင်ငံခြားဝင်ငွေကို ရှာဖွေပေးသည့် သီးနှံတစ်မျိုးလည်းဖြစ်သည်။
ယခုအခါ စိုက်ပျိုးဧရိယာများပြားသော်လည်း တစ်ဧကအထွက်နှုန်းမှာ ပန်းတိုင်အထွက်နှုန်းနှင့်
ကွာဟနေဆဲဖြစ်သည်။
နှမ်းသီးနှံ အသုံးဝင်ပုံနှင့်
အာဟာရတန်ဖိုး
နှမ်းကို အဓိကစားသုံးဆီအဖြစ်သာမက တိရစ္ဆာန်အစာ၊
လောင်စာ၊ အလှကုန်နှင့် ဆေးဝါးထုတ်လုပ်မှုတို့တွင် ကျယ်ပြန့်စွာအသုံးပြုကြသည်။ ခြောက်သွေ့သောနှမ်းစေ့တွင်
အစိုဓာတ် ၄ ဒသမ ၅ မှ ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ပရိုတင်း ၁၉ မှ ၂၆ ရာခိုင်နှုန်း၊ ပြာဓာတ်
၅ ရာခိုင်နှုန်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင်များ (သိုင်ယာမင်၊ နိုင်ယာဆင်၊ ဗီတာမင် စီ/အီး/ကေ)
တို့ စုံလင်စွာပါဝင်သည်။ နှမ်းဆီ ၁၀၀ ဂရမ်တွင် မိုနိုမပြည့်ဝဆီ ၄၂ ဂရမ်၊ ပိုလီမပြည့်ဝဆီ
၄၃ ဂရမ်နှင့် ပြည့်ဝဆီ ၁၅ ဂရမ်တို့ပါဝင်ပြီး ကိုလက်စထရော လုံးဝမပါဝင်ပါ။
ထို့ပြင် နှမ်းဆီ၌ပါဝင်သော ထူးခြားသည့်
ဆီဆမို (Sesamol)နှင့် ဖိုက်တိုစတီရော (Phyto-sterols) ဓာတ်ပေါင်းများကြောင့် အောက်ဆီဒေးရှင်းဖြစ်စဉ်ကို
တားဆီးပေးပြီး ဆီကို သိုလှောင်သက်တမ်း ကြာရှည်စွာထားနိုင်သည်။ ပါဝင်သော အာဟာရဓာတ်ပမာဏသည်
မျိုး၊ ရာသီဥတုနှင့် မြေအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။
ပန်းတိုင်အထွက်ရ နှမ်းစိုက်ပျိုးနည်းစနစ်များ
ပန်းတိုင်အထွက်ရရှိရန်အတွက် မျိုးကောင်း၊
မျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်းမှာ အလွန်အရေးကြီးပါသည်။ နှမ်းကို သက်တမ်းအရ သက်လျင်၊
သက်လတ်နှင့် သက်ကြီးမျိုးဟူ၍ သုံးမျိုးခွဲခြားနိုင်ပါသည်။ သက်လျင်နှမ်းမျိုးများ (ဥပမာ
- မယ်သီလ၊ ရသေ့ကျော်မျိုး၊ ကံရှိနှမ်းမျိုးများ) သည် အသက်ရက် ၆၀ မှ ၇၀ ဝန်းကျင်ခန့်ရှိပြီး
သက်လတ်နှမ်းမျိုးများ (ဥပမာ - ဆင်းရတနာနှမ်းမျိုးနှင့် မကွေးနှမ်းမျိုးများ) သည် သက်ရက်
၈၀-၉၀ ရက် ဝန်းကျင်ခန့် ရှိပါသည်။
သက်ကြီးနှမ်းမျိုးများ (ဥပမာ- ကြယ်မရှောင်၊
စလင်းဘုတ်ထောင်) မျိုးတို့သည် သက်ရက် ၁၂၀ မှ ၁၃၅ ရက် ဝန်းကျင်ခန့်ရှိပါသည်။ သက်ကြီးမျိုး
အများစုသည် လင်းတာတုံ့ပြန်မှုရှိသည့် မျိုးများဖြစ်ကြသည်။ ထို့ပြင် နှမ်းစေ့၏အရောင်ကိုလိုက်၍လည်း
နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်မျိုးဟူ၍ ခွဲခြားထားပါသည်။ တောင်သူများအနေဖြင့် မိမိဒေသ
ရေမြေသဘာဝစိုက်ချိန်နှင့် ဈေးကွက်လိုအပ်ချက်တို့အပေါ်မူတည်ပြီး နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးရန်
လိုအပ်ပါသည်။ မိုးခေါင်ပြီး ဖြည့်စွက်ရေ မပေးသွင်းနိုင်သည့် ဒေသများတွင် သက်တမ်းတို၍
ရေငတ်ဒဏ်ခံမျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ယခုအချိန်ထိ စိုက်ပျိုးရေးသုတေသနဦးစီး
ဌာနအနေဖြင့် အထွက်နှုန်းကောင်း နှမ်းမျိုးပေါင်း ၁၇ မျိုးကို ထုတ်ဝေပြီးဖြစ်ပါသည်။
နှမ်းမျိုးများ၏အရည်အချင်းလက္ခဏာများ
မြေအမျိုးအစားနှင့်စိုက်ပျိုးနည်းစနစ်
နှမ်းသီးနှံသည် မြေချဉ်ငန်ကိန်း ၅ ဒသမ ၅
မှ ၈ ဒသမ ၀ အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်ဆိုသော်လည်း မြေချဉ်ငန်ကိန်း ၆ မှ ၇
အကြားကို ပိုမိုကြိုက်နှစ်သက်၍ နုန်းမြေ၊ သဲနုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။
သို့သော် နှမ်းစိုက်ပျိုးသော အညာဒေသရှိ စိုက်ပျိုးမြေအများစုသည် မြေနီ သဲဝန်းများ၊
ကျောက်စရစ်ရောသဲမြေများ၊ မြေဝါအနည်းငယ်ရောသည့် သဲမြေများ စသည့် မြေညံ့များဖြစ်ကြသည်။
ထို့ကြောင့် နှမ်းစိုက်ပျိုးမြေများကို မြေဆီဩဇာ ထက်သန်လာစေရန် ပြုပြင်ပေးရပါမည်။
စနစ်တကျ နွေထယ်ရေးခံခြင်း၊ စိုက်ပျိုးမြေအား
ညီညာစွာပြုပြင်ခြင်း၊ စိုက်ခင်းအတွင်း ရေထိန်းသိမ်းမှုကောင်းစေရန် စီမံခြင်း၊ စိုက်ခင်းဘေးများတွင်
လေကာပင်များစိုက်ပျိုးခြင်း (ဥပမာ- ဘောစကိုင်း၊ ပဲစင်းငုံ၊ မြေနိမ့်ချယ်ရီပင်များ)နှင့်
နွားချေးဆွေး၊ မြေဆွေးများ ထည့်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ပါသည်။
မည်သည့်သီးနှံမဆို ထယ်ရေးကောင်းရန် လိုအပ်ပါသည်။ အထူးသဖြင့် နှမ်းကဲ့သို့ အစေ့သေးသီးနှံများ
စိုက်ပျိုးရာတွင် “ငုံးပျံဖုန်ထ နှမ်းကြဲကြ” ဆိုသည့်အတိုင်း မျိုးစေ့မျက်နှာပြင်များအားလုံး
မြေသားနှင့် ထိစပ်မှုရှိစေရေး ထယ်ရေးကောင်းရန် အထူးလိုအပ်ပါသည်။
နှမ်းတစ်ပြည်လျှင် အစေ့ပေါင်း ငါးသိန်းခွဲ
ခြောက်သိန်းခန့် ပါသည်ဆိုသော်လည်း “ထူမမှား ပါးမရ” ဟု အဆိုရှိသောကြောင့် မျိုးစေ့နှုန်းထားအနေဖြင့်
အပင်ပေါက် ၈၀ ရာခိုင်နှုန်းနှင့် အထက်ရှိသော မျိုးကောင်းမျိုးသန့်များကိုရွေးချယ်၍
၁ ဒသမ ၅ ပြည်မှ ၂ ပြည်ခန့် စိုက်ပျိုးသင့်ပါသည်။ နှမ်းသီးနှံတွင် တစ်ပင်တိုင်နှမ်းမျိုးများအတွက်
ထောက်ခံစိုက်တန်း စိုက်ကျင်းမှာ ၁၂ လက်မ x ၄ လက်မ (အပင် ဦးရေ ၁၃၂၀၀၀ ခန့်)နှင့် ကိုင်းဖြာမျိုးများအတွက်
၁၅ လက်မ x ၄ လက်မ (အပင်ဦးရေ ၁၀၄၅၄၄ ပင်ခန့်)တို့ ဖြစ်ပါသည်။ မလိုလားအပ်သည့် အပင်ဦးရေရှိနေခြင်းသည်
နှမ်းအထွက်ကို ကျစေသောကြောင့် “နှမ်းမှုန်းရာ အိမ်သူမပါရ” ဆိုသည့်အတိုင်း နှမ်းမှုန်းခြင်းကို
အပင်၏ အရွက်စစ်လေးရွက်နှင့် ခြောက်ရွက်ထွက်ချိန်များတွင် မျိုးအလိုက်ထောက်ခံ အပင်ဦးရေရသည်အထိ
မှုန်းပေးရပါမည်။
နှမ်းသီးနှံ ပန်းတိုင်အထွက်ရရှိရန် သဘာဝမြေဩဇာများဖြစ်သည့်
နွားချေး သို့မဟုတ် မြေဆွေးများကို တစ်ဧကလျှင် ၁ ဒသမ ၅ တန်နှုန်းနှင့် ဓာတ်မြေဩဇာများဖြစ်သည့်
ယူရီးယား/ ပုလဲ ၈၄ ပေါင် (မြေခံ၊ အရွက်သုံးစုံထွက်ချိန်နှင့် ပန်းစပွင့်ချိန်) တီစူပါ/
ကြွက်ချေး ၅၆ ပေါင် (မြေခံ)၊ ပိုတက်ရှ် / ဓာတ်ဆား ၂၈ ပေါင်(မြေခံ)၊ ကျောက်မှုန့် ၅၆
ပေါင် (ပန်းဖူးဝင်ချိန်)၊ ထရိုင်ဂိုဒါးမား ၁၀ ထုပ်(မြေခံ)တို့ကို အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုပေးရပါမည်။
ယူရီးယားထည့်သွင်းသည့် အကြိမ်တိုင်းထည့်သွင်းမည့်ပမာဏနှင့်ညီမျှသည့် နွားချေးဆွေး/
မြေဆွေးအခြောက်မှုန့်တို့နှင့် ဆတူရောစပ်၍ တစ်ညခန့်နှပ်ထားပြီးမှ ထည့်သွင်းပေးပါက မိမိထည့်သွင်းလိုက်သည့်
ယူရီးယားဓာတ်မြေဩဇာများ လေလွင့်ဆုံးရှုံးမှုမရှိဘဲ အကျိုးရှိမည်ဖြစ်ပါသည်။
အစေ့အဆန်ပြည့်ရန် ပန်းစပွင့်ချိန်မှစ၍ ရေတစ်ဂါလန်လျှင်
ယူရီးယား ၄ - ၅ ဇွန်းနှင့် ဘိုရွန် တစ်ဇွန်း ငါးရက်ခြားတစ်ခါ ငါးကြိမ်ခန့်ပက်ဖျန်းပေးရပါမည်။
အပင်သက်တမ်း သုံးပုံတစ်ပုံအတွင်း စနစ်တကျ ပေါင်းနှိမ်နင်းပေးရပါမည်။ နှမ်းသီးနှံကို
မိုးကြိုနှမ်း/နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်းဟူ၍ ရာသီသုံးမျိုးလုံးတွင် စိုက်ပျိုးကြပါသည်။
မြန်မာလူမျိုးများအနေဖြင့် နှမ်းသီးနှံနှင့်ပတ်သက်၍ စကားပုံများစွာရှိပါသည်။ “ဝါကဆုန်
နှမ်းနယုန်” ဆိုသည့်အတိုင်း မိုးနှမ်းကို မေလအတွင်း၊ “ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်နှမ်းပုံပျက်”
မဖြစ်ရလေအောင် “ဖျောက်ဆိပ်ကြည်လွဲ နှမ်းကြီးကြဲ” ဆိုသည့်အတိုင်း မိုးနှောင်း/ ဆောင်းနှမ်းကို
စက်တင်ဘာလအတွင်း၊ နွေနှမ်း/မိုးကြိုနှမ်းကို ဖေဖော်ဝါရီဒုတိယပတ်မှ မတ်လပထမပတ်အတွင်း
စိုက်ပျိုးရမည်ဖြစ်သည်။
ရေလိုအပ်ချက်
နှမ်းသီးနှံသည် အသင့်အတင့်ရေငတ်ဒဏ်ခံသည့်
သီးနှံဖြစ်သော်လည်း အထူးသဖြင့် မိုးစိုက်နှမ်းများ၏ စိုက်ချိန်ကို မိုးရွာသွန်းသည့်ပုံစံနှင့်
သေချာချိန်ထိုး စိုက်ပျိုးကြရန်လိုအပ်ပါသည်။ အညာဒေသတွင် မုတ်သုံမိုးမရွာသွန်းမီ ပျံကျမိုးတစ်ဖြိုက်ခန့်
ရွာသွန်းလေ့ရှိပြီး အဆိုပါ ပျံကျမိုးကျလျှင် တောင်သူများသည် မိုးနှမ်းကိုစိုက်ပျိုးလေ့ရှိသည်။
နှမ်းသီးနှံသည် မြေတွင်းအစိုဓာတ်အနည်းငယ်ဖြင့် အပင်ပေါက်နိုင်သော်လည်း နောက်မိုးမလိုက်လျှင်
အပင်သေနိုင်ပါသည်။
ယခုအခါ မိုးလေဝသခန့်မှန်းချက်များ ခေတ်မီတိကျလာပြီး
မိမိတို့ လက်ကိုင်စမတ်ဖုန်းများတွင် software များ ထည့်သွင်းထားရုံဖြင့် ခန့်မှန်းနိုင်ပါသည်။
အဆိုပါအသိပညာများကို နည်းပညာပြန့်ပွားရေးဝန်ထမ်းများက တောင်သူများအား ဖြန့်ဝေပေးသွားရမည်ဖြစ်ပါမည်။
နှမ်းသီးနှံ၏ သက်တမ်းတစ်လျှောက် ရေလိုအပ်ချက်မှာ ၁၂ မှ ၁၈ လက်မခန့်ဖြစ်ပါသည်။ အထူးသဖြင့်
အပင်အတွက်အရေးကြီးဆုံးအချိန်များဖြစ်သည့် အပင်ငယ်စဉ် ၁ မှ ၁ ဒသမ ၅ လက်မ၊ ပင်ပိုင်းကြီးထွားချိန်
၃ မှ ၄ လက်မ၊ ပန်းပွင့်ချိန်နှင့်အသီးသီးချိန် ၆ မှ ၈ လက်မ၊ အစေ့ အဆန်တည်ချိန် ၁ ဒသမ
၅ မှ ၂ လက်မခန့်တို့ရမှသာ ပန်းတိုင်အထွက်ရနိုင်မည်ဖြစ်သည်။
မိုးစိုက်နှမ်းကို စိုက်ပျိုးရာတွင် မိုးရွာသည့်
အနေအထားများကို ချင့်ချိန်ခန့်မှန်းစိုက်ရန် လိုအပ်သည်။ ဖြည့်စွက်ရေသွင်းသည့်အခါ လွယ်ကူစေရန်နှင့်
ပုတ်ထဲကျီထဲမရောက်မီ နှမ်းသိမ်းခါနီး မိုးကြီးမိ၍ ရေဝပ်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်
စိုက်ပျိုးသည့်အခါ ကြဲပက်စိုက်ပျိုးခြင်းထက် စနစ်တကျပေါင်တင်ပြီး စိုက်ကြောင်းဖြင့်
စိုက်ပျိုးကြရမည်ဖြစ်ပါသည်။ အညာဒေသ မိုးခေါင်၍ ဖြည့်စွက်ရေပေးသွင်းနိုင်ခြင်းမရှိသည့်အခြေအနေတွင်
နောက်မိုးမလာခင် နှမ်းပင်အသက်ဆက်နိုင်ရန်အတွက် ရေကိုတစ်ဧကလျှင် ၄ ဂါလန်ဆံ့ ဆေးဖျန်းပုံးနှင့်
၁၀ မှ ၁၅ ပုံးခန့်အား ရေအစက်အပျောက်သေးနိုင်သမျှသေးအောင် (Fine spray) ပြုလုပ်ပြီး
အပင်အထက်မှ ဖျန်းပေးသင့်ပါသည်။
ထိုသို့ဆောင်ရွက်မည်ဆိုပါက အရွက်များ ရေငွေ့ပြန်ခြင်းကို
အနည်းငယ်လျှော့ချနိုင်ခြင်း၊ အပင်နှင့် အပင်၏အနီးကပ်ဆုံး ပတ်ဝန်းကျင်အပူချိန်ကို ချက်ချင်းအနည်းငယ်မျှကျဆင်းသွားစေနိုင်ခြင်းတို့ကြောင့်
နောက်မိုးမလာခင်အထိ အပင်အသက်ဆက်နိုင်ရန် ရေဓာတ်ပံ့ပိုးပေးထားနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့
ရေဖျန်းခြင်းကို နံနက်စောစော ၆ နာရီမှ ၈ နာရီအတွင်း သို့မဟုတ် ညနေစောင်း ညနေ ၄ နာရီခွဲ
နောက်ပိုင်းတွင်သာ ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
နှမ်းတွင် ပိုးအနေဖြင့် စုပ်ပိုးများနှင့်
ရွက်လိပ်ပိုးများ ကျရောက်တတ်ပြီး အဖြစ်အများဆုံးရောဂါများမှာ နှမ်းရိုးမည်းရောဂါနှင့်
နှမ်းဖိုရောဂါတို့ဖြစ်သည်။ ပိုးမွှားရောဂါများကျရောက်ပါက ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများသုံး၍
ကြိုတင်ကာကွယ်နှိမ်နင်းပေးရပါမည်။ စိုက်ခင်းတစ်ခုလုံး အဝါရောင်သန်းချိန်၊ အပင်တစ်ပင်၏
သီးတောင့်များ ၇၅ ရာခိုင်နှုန်း ရင့်မှည့်ချိန် အလေအလွင့်မရှိအောင် ရိတ်သိမ်းရပါမည်။
ရိတ်သိမ်းပြီး တစ်ညအိပ်နှစ်ရက်ခန့် နှမ်းပုံ၍ နှမ်းရွက်များခါပြီးနောက် ချက်ချင်းစည်း၍
နေရောင်အောက်တွင် ထောင်ပါ။ နှမ်းခါခြင်းနှင့် ပြာတီးသန့်စင်ခြင်းတို့ကို စနစ်တကျဆောင်ရွက်ပါ။
ရိတ်သိမ်းပြီး နှမ်းစေ့များတွင် Free Fatty Acid ပါဝင်မှု ၂ ရာခိုင်နှုန်းထက်နည်းရန်၊
ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်မရှိရန်နှင့် အစိုဓာတ်ရာခိုင်နှုန်း ၇ ရာခိုင်နှုန်းထက်မများရန်
အထူးသတိပြု ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံ၏ စားသုံးဆီဖူလုံရေးနှင့်
နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အရေးပါသော နှမ်းသီးနှံသည် အထွက်နှုန်းနှင့် စီးပွားရေးတွက်ခြေကိုက်မှုတို့တွင်
ကွာဟချက်ကြီးမားလျက်ရှိပြီး ရာသီဥတုဖောက်ပြန်မှု၊ သွင်းအားစုနှင့် စိုက်ပျိုးရေရရှိမှုအခက်အခဲများ၊
ခေတ်မီစက်မှုလယ်ယာစနစ် ကူးပြောင်းရေးအတွက် လိုအပ်ချက်များနှင့် မျိုးကောင်းမျိုးသန့်
သုံးစွဲမှုအားနည်းခြင်းများ စသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။
ထို့ကြောင့် နှမ်းစိုက်ပျိုးထုတ်လုပ်မှု
ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရန် မိုးကောင်းသောက်ဒေသများအတွက်
ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မျိုးသစ်များနှင့် အထွက်နှုန်းကောင်းစေမည့် စိုက်ပျိုးနည်းစနစ်များကို
သုတေသနပြု ရှာဖွေဖော်ထုတ်ခြင်း၊ ရရှိလာသည့် သုတေသနရလဒ်များကို စိုက်ပျိုးပညာပေးဝန်ထမ်းများက
တောင်သူများထံ ဖြန့်ဝေခြင်း၊ မျိုးစေ့ထုတ် တောင်သူအသင်းများဖွဲ့စည်း၍
မျိုးကောင်းမျိုးသန့်များထုတ်လုပ်ခြင်း၊ သီးနှံအာမခံစနစ်များ ထားရှိခြင်းနှင့် အစိုးရနှင့်
ပုဂ္ဂလိကလုပ်ငန်းရှင်များ ပိုမိုပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားကြရမည်ဖြစ်ပါသည်။
သို့မှသာ ရာသီဥတုသည် သဘာဝဖြစ်လို့ သဘာဝနှင့် လိုက်လျောညီထွေဖြစ်အောင် ပဓာနကျသော လူသားများ၏
စီမံခန့်ခွဲမှု အားကောင်းလာမည်ဆိုပါလျှင် “မှန်းချက်နှင့် နှမ်းထွက်ကိုက်” မည်ဖြစ်ပြီး
“လောင်းကစားသီးနှံ” ဖြစ်သော နှမ်းကို အနိုင်ကစားနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
။

No comments:
Post a Comment