Wednesday, August 12, 2026

Digital ID (e-ID) စနစ်၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ

ဝေဦးထွန်း

ကမ္ဘာ့ထိပ်တန်းစီးပွားရေးနှင့် မူဝါဒရေးရာ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော McKinsey Global Institute (MGI) ၏ ၂၀၁၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် “Digital Identification: A Key to Inclusive Growth” သုတေသနအစီရင်ခံစာအရ စနစ်တကျဖြင့် ထိရောက်စွာ အကောင်အထည်ဖော်ထားသည့် Digital ID (e-ID) စနစ်သည် စီးပွားရေးအကျိုးသက်ရောက်မှုများကို အဆင့်ဆင့်ဖြစ်ပေါ်စေမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအလိုက် စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၃ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ညီမျှသော စီးပွားရေးတန်ဖိုးကို ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် ကုလသမဂ္ဂအာဖရိကစီးပွားရေးကော်မရှင် (UNECA) က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် StatsTalk-Africa အစီအစဉ်၏ “Building Inclu- sive National Identity Systems - Inter-linking Digital Identity and Legal Identity” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ပညာရှင်များကလည်း Digital ID စနစ်သည် တိုင်းပြည်၏ GDP ကို ၃ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ကြောင်း သုံးသပ်ဆွေးနွေးခဲ့သည်။

သို့ရာတွင် e-ID စနစ်သည် နိုင်ငံတစ်နိုင်ငံ၏ GDP ကို တိုက်ရိုက်ဖန်တီးပေးသည့် နည်းပညာတစ်ခုမဟုတ်ပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ လည်ပတ်နိုင်ခြင်းတို့မှတစ်ဆင့် ဖြစ်ပေါ်လာသည်။

e-ID စနစ်၏ အဓိကအခန်းကဏ္ဍ

e-ID စနစ်၏ အဓိကအခန်းကဏ္ဍမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် ကိုယ်ရေးအထောက်အထားများ စိစစ်အတည်ပြုရာတွင် ကြန့်ကြာခြင်း၊ စာရွက်စာတမ်းများ ထပ်တလဲလဲတင်ပြရခြင်း၊ ဝန်ဆောင်မှုများ နှောင့်နှေးကြန့်ကြာခြင်း၊ စာရွက်စာတမ်းအတုအပပြုလုပ်ခြင်းနှင့် လိမ်လည်မှုများဖြစ်ပွားခြင်း၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ လက်လှမ်းမမီခြင်းနှင့် အစိုးရ၏ဝန်ဆောင်မှုများ ထိရောက်မှုနည်းပါးခြင်း စသည့်စီးပွားရေးဆိုင်ရာ အတားအဆီးများကို လျှော့ချပေးနိုင်ခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် GDP တိုးတက်လာခြင်းသည် e-ID စနစ်ကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အတားအဆီးများကို e-ID စနစ်က လျှော့ချပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်စဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေခြင်း၊ ပြည်သူများ၏ စီးပွားရေးအခွင့်အလမ်းများကို ချဲ့ထွင်ပေးခြင်းနှင့် အစိုးရ၏ ဝန်ဆောင်မှုပေးနိုင်စွမ်းကို မြှင့်တင်ပေးခြင်းတို့မှတစ်ဆင့် စီးပွားရေးတန်ဖိုးအသစ်များကို ဖန်တီးပေးခြင်းကြောင့်လည်းဖြစ်သည်။

အထူးသဖြင့် e-ID စနစ်ကြောင့် ဘဏ်အကောင့် လွယ်ကူစွာဖွင့်လှစ်နိုင်ခြင်း၊ ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) အသုံးပြုနိုင်ခြင်း၊ မိုဘိုင်းငွေပေးချေမှု၊ အသေးစားချေးငွေ၊ အာမခံနှင့် အခြားငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပြည်သူများ ပိုမိုလွယ်ကူစွာ လက်လှမ်းမီမီ သုံးစွဲနိုင်လာမည်ဖြစ်သည်။ ထို့ကြောင့် ယခင်က ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို လက်လှမ်းမမီခဲ့သည့် ပြည်သူများပါ စီးပွားရေးကွန်ရက်အတွင်း အပြည့်အဝ ပူးပေါင်းပါဝင်လာနိုင်ပြီး တိုင်းပြည်၏ ဒီဂျစ်တယ်စီးပွားရေးမောင်းနှင်အားကိုလည်း ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။

ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ပြည်သူများ လွယ်ကူစွာလက်လှမ်းမီလာခြင်း၏ စီးပွားရေးအကျိုးသက်ရောက်မှုသည် အလွန်ပင်ကျယ်ပြန့်လှသည်။ ပြည်သူများ၏ စုဆောင်းငွေများ တိုးပွားလာသည်နှင့်အမျှ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံနိုင်သည့် အရင်းအနှီးများလည်း ပိုမိုတိုးပွားလာမည်ဖြစ်သည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် လိုအပ်သော ချေးငွေများရရှိလာသဖြင့် လုပ်ငန်းများကို ပိုမိုချဲ့ထွင်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ဒီဂျစ်တယ်ငွေပေးချေမှုများ ကျယ်ပြန့်လာခြင်းကြောင့် ငွေသားအပေါ်မှီခိုမှုကို လျှော့ချပေးနိုင်သဖြင့် စီးပွားရေးဆိုင်ရာ ငွေကြေးလည်ပတ်မှုကို ပိုမိုမြန်ဆန်စေပြီး လုပ်ငန်းများ၏စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။ e-ID စနစ်၏ အကျိုးကျေးဇူးသည် ဘဏ်အကောင့်အရေအတွက် တိုးပွားလာရုံမျှသာမက လူတစ်ဦးချင်းစီ၏ စီးပွားရေးအခွင့်အလမ်းများကို ပွင့်လန်းစေခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးလက်လှမ်းမီမှုနှင့် ငွေကြေးလည်ပတ်မှုကို မြှင့်တင်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွန့်ဦးတီထွင်မှုများကို အားပေးအားမြှောက်ပြုခြင်းတို့မှတစ်ဆင့် နိုင်ငံ၏စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်သည်။

အွန်လိုင်းရောင်းဝယ်ရေး ဖွံ့ဖြိုးတိုးတက်မှု e-ID စနစ်နှင့် ဆက်စပ်လျက်ရှိ

ထို့ပြင် အွန်လိုင်းကူးသန်းရောင်းဝယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည်လည်း e-ID စနစ်နှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိသည်။ အွန်လိုင်းဈေးကွက်များတွင် ရောင်းချသူနှင့် ဝယ်ယူသူတို့၏ ကိုယ်ရေးအထောက်အထားကို ယုံကြည်စိတ်ချစွာ စိစစ်အတည်ပြုနိုင်ခြင်းသည် လိမ်လည်လှည့်ဖြားမှုများကို ထိရောက်စွာ လျှော့ချပေးနိုင်သကဲ့သို့ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား ယုံကြည်မှုကိုလည်း ပိုမိုခိုင်မာစေသည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်တွင်းဈေးကွက်အပြင် နိုင်ငံတကာအွန်လိုင်းဈေးကွက်များသို့ပါ လွယ်ကူစွာ တိုးချဲ့ဝင်ရောက်နိုင်ပြီး ဈေးကွက်အခွင့်အလမ်းသစ်များကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုသို့ ယုံကြည်စိတ်ချရမှု ပိုမိုမြင့်မားလာခြင်းသည် အွန်လိုင်းငွေပေးချေမှုနှင့် ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများကို ပိုမိုလုံခြုံမြန်ဆန်စေပြီး e-Commerce ကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်ပေါ်တွင်သာမက အစိုးရ၏ဝန်ဆောင်မှုပေးနိုင်စွမ်းနှင့် အုပ်ချုပ်ရေးစနစ်၏ ထိရောက်မှုအပေါ်၌လည်း များစွာမူတည်လျက်ရှိသည်။ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို မှန်ကန်တိကျစွာ စိစစ်အတည်ပြုနိုင်ပြီး ဌာနအသီးသီးအကြား လုံခြုံစိတ်ချစွာ မျှဝေအသုံးပြုနိုင်သည့် e-ID စနစ်သည် အစိုးရ၏ ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရာတွင် အဓိကအခြေခံအုတ်မြစ်တစ်ရပ်ဖြစ်သည်။

ယင်းစနစ်ကြောင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန်လာခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ကုန်ကျစရိတ်များ လျော့နည်းသွားခြင်းနှင့် ပြည်သူများ၏ဝန်ဆောင်မှု လက်လှမ်းမီနိုင်မှု ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိလာခြင်းကြောင့် အဂတိလိုက်စားမှုနှင့် လေလွင့်ဆုံးရှုံးမှုများကို နည်းပါးသွားစေပြီး အစိုးရနှင့် ပြည်သူအကြား ယုံကြည်မှု ပိုမိုခိုင်မာလာစေမည်ဖြစ်သည်။

စာရွက်စာတမ်းအခြေပြု (Paper-based) အုပ်ချုပ်ရေးစနစ်များတွင် ဝန်ဆောင်မှုတစ်ခုရယူရန်အတွက် ပြည်သူများသည် သက်ဆိုင်ရာဌာနအသီးသီးသို့ ကိုယ်တိုင်သွားရောက်ရခြင်း၊ တူညီသောအချက်အလက်များကို ထပ်တလဲလဲတင်ပြရခြင်းနှင့် စိစစ်အတည်ပြုမှုများအတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း စသည့်အခက်အခဲများကို ကြုံတွေ့ရလေ့ရှိသည်။

ယင်းလုပ်ငန်းစဉ်များသည် ပြည်သူများအတွက် အချိန်နှင့်ငွေကြေးများစွာ ကုန်ကျစေရုံသာမက အစိုးရအတွက်လည်း ဝန်ထမ်းအင်အား၊ စီမံခန့်ခွဲမှုစရိတ်နှင့် လုပ်ငန်းဆောင်ရွက်ချိန်များကို မလိုအပ်ဘဲ ကုန်လွန်စေသည်။ အကယ်၍ e-ID စနစ်ကို အခြေခံ၍ e-Government ဝန်ဆောင်မှုများကို တည်ဆောက်နိုင်ပါက နိုင်ငံသားတစ်ဦး၏ အချက်အလက်များကို တစ်ကြိမ်သာ စိစစ်အတည်ပြုပြီး ဝန်ဆောင်မှုအမျိုးမျိုးတွင် လုံခြုံစိတ်ချစွာ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ရာ လုပ်ငန်းစဉ်များကို သိသိသာသာ ရိုးရှင်းလွယ်ကူသွားစေမည်ဖြစ်သည်။

ထို့ပြင် ပြည်သူများသည် အစိုးရရုံးများသို့ လူကိုယ်တိုင်လာရောက်ရန် မလိုတော့ဘဲ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အများပြည်သူဆိုင်ရာဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ ရယူနိုင်မည်ဖြစ်သည်။

အထူးသဖြင့် လူမှုဖူလုံရေးအစီအစဉ်များ၊ ထောက်ပံ့ကြေးများ၊ ပင်စင်လစာများ၊ ပညာသင်ဆုများနှင့် အခြားအစိုးရအကျိုးခံစားခွင့်များကို ဖြန့်ဝေပေးရာတွင် e-ID စနစ်သည် အမှန်တကယ် အကျိုးခံစားခွင့်ရှိသူများကို တိကျမှန်ကန်စွာ စိစစ်အတည်ပြုပေးနိုင်သည်။ ယင်းသို့ စိစစ်နိုင်ခြင်းကြောင့် အချက်အလက်များထပ်နေခြင်း၊ အတုအယောင်ကိုယ်ရေးအချက်အလက်များ အသုံးပြုခြင်း၊ စာရင်းသာရှိပြီး အမှန်တကယ်လူမရှိသည့် မှတ်တမ်းများ (Ghost Records) ဖြင့် အကျိုးခံစားခွင့်ရယူခြင်းများကို ထိရောက်စွာတားဆီးကာကွယ်နိုင်သည်။

ထို့ကြောင့် အစိုးရ၏ထောက်ပံ့ငွေများသည် ရည်ရွယ်ထားသည့် ပြည်သူများထံသို့ တိုက်ရိုက်နှင့် မှန်ကန်စွာရောက်ရှိစေမည်ဖြစ်ရာ နိုင်ငံတော်၏ ဘဏ္ဍာရေးအသုံးစရိတ်များကို ပိုမိုထိရောက်စွာ သုံးစွဲနိုင်သည့်အပြင်၊ ပြည်သူများမှအစိုးရအပေါ် ယုံကြည်ကိုးစားမှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

သုတေသနစာတမ်းများအရ e-ID ကို အခြေခံသည့် e-Government စနစ်များသည် လူမှုဖူလုံရေး၊ အစိုးရ၏အကျိုးခံစားခွင့်များနှင့် အများပြည်သူ ဆိုင်ရာဝန်ဆောင်မှုများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်သဖြင့် ကမ္ဘာတစ်ဝန်းတွင် ပြည်သူများ၏ အချိန်နာရီပေါင်း ၁၁၀ ဘီလီယံခန့်ကို ချွေတာပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

ထိုသို့ အချိန်ကုန်သက်သာစေခြင်းသည် ပြည်သူများ၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်ရုံမျှမက စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ပိုမိုလျင်မြန်ချောမွေ့စေသည်။ ထို့ပြင် ဝန်ထမ်းလစာစာရင်းဆိုင်ရာ လိမ်လည်မှုများကို လျှော့ချနိုင်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလီယံခန့်အထိ ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မည်ဟုလည်း သုတေသနအစီရင်ခံစာများက ဖော်ပြထားသည်။

e-ID စနစ်သည် အစိုးရ၏ မူဝါဒရေးဆွဲ ချမှတ်ခြင်းအတွက် အရေးပါ

e-ID စနစ်သည် အစိုးရ၏ မူဝါဒရေးဆွဲချမှတ်ခြင်းနှင့် အမျိုးသားစီမံကိန်းများအတွက် အရေးပါသော အထောက်အကူပြုစနစ်တစ်ခုလည်းဖြစ်သည်။ နိုင်ငံသားများ၏ အချက်အလက်များကို တိကျမှန်ကန်စွာ စုစည်းနိုင်ခြင်းကြောင့် လူဦးရေစာရင်း၊ လူမှုစီးပွားအခြေအနေ၊ အလုပ်အကိုင်၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ‌အချက်အလက်များကို ခေတ်မီနည်းပညာများဖြင့် ထိရောက်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ခိုင်လုံသောအချက်အလက်များကို အခြေခံသည့်မူဝါဒများ (Evidence-based Policies) ကို ချမှတ်နိုင်မည်ဖြစ်သည်။

ထိုသို့ တိကျသည့်အချက်အလက်များအပေါ် အခြေခံနိုင်ခြင်းကြောင့် အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်များကို ပိုမိုထိရောက်စွာ ခွဲဝေသုံးစွဲနိုင်သည့်အပြင် ဒေသအလိုက် လိုအပ်ချက်များကို ဖော်ထုတ်၍ အမှန်တကယ်လိုအပ်နေသော ပြည်သူများထံသို့ နိုင်ငံတော်၏ အရင်းအမြစ်များကို တိုက်ရိုက်ထိရောက်စွာ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် e-ID စနစ်သည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အခြေခံအထောက်အပံ့တစ်ရပ်ဖြစ်သည်။ နိုင်ငံသားများ၏ ပညာရေးမှတ်တမ်းများ၊ ကျွမ်းကျင်မှုလက်မှတ်များနှင့် အလုပ်အကိုင်မှတ်တမ်းများကို ဒီဂျစ်တယ်နည်းဖြင့် စနစ်တကျစီမံခန့်ခွဲနိုင်လာခြင်းသည် လုပ်သားဈေးကွက်၏ ထိရောက်မှုကို မြှင့်တင်ပေးနိုင်သည်။ အလုပ်ရှင်များက လျှောက်ထားသူများ၏ အရည်အချင်းကို လွယ်ကူစွာစိစစ်နိုင်သကဲ့သို့ လုပ်သားများသည်လည်း မိမိတို့၏ ပညာရေးနှင့် ကျွမ်းကျင်မှုအထောက်အထားများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်နိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေပြီး        နိုင်ငံ၏ထုတ်လုပ်မှုစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။

e-ID စနစ်သည် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ လက်လှမ်းမီမှုကို တိုးမြှင့်ပေးခြင်း၊ အစိုးရဝန်ဆောင်မှုများ၏ ထိရောက်မှုကိုမြှင့်တင်ပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍ၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အများပြည်သူဆိုင်ရာဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းပေးခြင်း၊ လူမှုအသိုက်အဝန်းအတွင်း တန်းတူညီမျှပါဝင်ခွင့်ကို မြှင့်တင်ပေးခြင်းနှင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခြင်းတို့မှတစ်ဆင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘက်စုံအကျိုးသက်ရောက်မှုများကို ဖန်တီးပေးနိုင်သည်။

ထို့ကြောင့် e-ID စနစ်သည် နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအထောက်အထားကို သက်သေပြပေးသည့် စနစ်တစ်ခုမျှသာမက နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေး၊ ဒီဂျစ်တယ်အစိုးရနှင့် ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးမည့် အမျိုးသားဒီဂျစ်တယ်အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ (National Digital Public Infrastructure)နှင့် အမျိုးသားစီးပွားရေး အခြေခံအဆောက်အအုံ (National Economic Infrastructure) တစ်ရပ်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

ကိုးကား

၁။ McKinsey Global Institute. Digital Identi- fication: A Key to Inclusive Growth. April 2019.

၂။ United Nations Economic Commission for Africa. (2024, February 22). Digital ID to unlock Africa's economic value if fully implemented, say experts.

No comments:

Post a Comment