Wednesday, August 12, 2026

ပြည်သူပူးပေါင်းပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးရေး

 


ခန့်ဇော် (ကျေးလက်)

နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံရဲ့အလုံးစုံသော ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ပြည်သူပူးပေါင်းပါဝင်မှုမရှိရင် ရေရှည်တည်တံ့ဖို့ အင်မတန်ခက်ခဲပါတယ်။ ပြည်သူပူးပေါင်းပါဝင်မှုရှိမှ၊ ပြည်သူရဲ့သဘောတူညီမှု ရရှိတဲ့လုပ်ငန်းတွေကသာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ အာမခံချက်ရှိတာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါ အစိုးရတစ်ရပ်တည်းရဲ့ ကြိုးပမ်းမှုသာမက ပြည်သူပူးပေါင်းပါဝင်မှုရှိမှသာ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းတွေရရှိပြီး ရေရှည်တည်တံ့မှာဖြစ်ပါတယ်။

ပြည်သူဗဟိုပြု ချဉ်းကပ်မှု

စာရေးသူတို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါ ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူပူးပေါင်းပါဝင်မှုရှိတဲ့ လုပ်ငန်းဆောင်ရွက်မှုပုံစံနဲ့ ချဉ်းကပ်ဆောင်ရွက်ကြပါတယ်။

ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲရာကစလို့ ဦးစားပေးရွေးချယ်ပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးတဲ့အထိ ကျေးလက်နေပြည်သူကို ဗဟိုပြုပြီး ကျေးရွာပြည်သူတွေကို ပူးပေါင်းပါဝင်စီမံခန့်ခွဲခွင့် ပေးအပ်ပြီး ဆောင်ရွက်စေပါတယ်။ လက်ရှိလည်း ဆောင်ရွက်နေပါတယ်။ ဒီမူဝါဒ၊ အလေ့အကျင့်ကောင်းတွေကို အခြေခံပြီး ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထည့်သွင်းစဉ်းစားအပ်သည်များ…

ဒီလိုဆောင်ရွက်တဲ့နေရာမှာ တစ်ဌာနတည်းလုပ်လို့မရတဲ့အတွက် ပူးပေါင်းဆောင်ရွက်မယ့် ယန္တရားရေးဆွဲထားဖို့လိုပါတယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်အစိုးရအဖွဲ့တွေ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနအချင်းချင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ စတဲ့သဘောသဘာဝကို လိုက်ပြီး ဘယ်လိုပေါင်းစပ်ဆောင်ရွက်မလဲ၊ ဘယ်လိုစနစ်တကျဖွဲ့စည်းပေါင်းစပ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။

ဒေသတွင်းမှာ Local NGOs တွေ၊ လူမှုအဖွဲ့အစည်းတွေရှိသလို နိုင်ငံတကာအဖွဲ့အစည်း (INGOs)တွေ ရှိပါတယ်။ ဒါတွေကို အုပ်ချုပ်ရေး အဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ပေါင်းစပ်ပြီး ဆိုင်ရာအလိုက် တာဝန်ခွဲပြီးတော့ သတ်သတ်မှတ်မှတ် လုပ်မယ်ဆိုရင် ပိုပြီးလုပ်ငန်းတွေ တွင်ကျယ်နိုင်၊ ထိရောက်နိုင်၊ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ရေရှည်တည်တံ့သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ခြင်း

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာ ရေရှည်တည်တံ့ခိုင်မြဲရေးဟာ အင်မတန်အရေးကြီးပါတယ်။ ရေရှည်တည်တံ့ဖို့ဆိုရင် ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ၊ ဘယ်လိုလည်ပတ်မလဲ၊ စဉ်းစားကြရပါမယ်။ လမ်းတွေ၊ ရေရရှိရေးလုပ်ငန်းတွေ၊ မီးရရှိရေးလုပ်ငန်းတွေကို ဘယ်လိုထိန်းမလဲ စဉ်းစားကြရပါတယ်။ ကျေးရွာအဆင့်မှာ ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာတွေကနေပဲ ပြုပြင်ထိန်းသိမ်းရေးအထိ တာဝန်ယူလုပ်ပေးဖို့မဖြစ်နိုင်ပါဘူး။

ကျေးရွာကော်မတီများ၏ အခန်းကဏ္ဍ

အဲဒီမှာ ကျေးရွာတွေရဲ့ အခန်းကဏ္ဍ၊ ကျေးရွာကော်မတီတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးပါလာပါတယ်။ ဥပမာ - လမ်းကော်မတီ၊ ရေကော်မတီ နဲ့ မီးလင်းရေးကော်မတီတွေမှာ ကော်မတီဝင်တွေက အရည်အချင်းရှိမယ်၊ လုပ်တတ်ကိုင်တတ်ရှိမယ်၊ သင်ပြထားတဲ့အတိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်ဆိုရင် ရေရှည်တည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်။

ပြည်သူပူးပေါင်းပါဝင်သော ကျေးလက်မီးလင်းရေး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပဧရိယာတွေမှာ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးပါတယ်။ အိမ်သုံးဆိုလာစနစ်တွေအတွက်ဆိုရင် သုံးစွဲသူပြည်သူက ၁၀ ရာခိုင်နှုန်း ထည့်ဝင်ရသလို အသေးစားဓာတ်အားပေးစနစ်မှာဆိုရင်လည်း ၂၀ ရာခိုင်နှုန်းထည့်ဝင်ရပြီး ကျသင့်မီတာခ ပေးဆောင်ရပါတယ်။ အိမ်သုံးဆိုလာစနစ်အနေနဲ့ အိမ်သုံးဖို့ မီးငါးပွင့် အနည်းဆုံးရပြီး DC တီဗွီ၊ ပန်ကာတွေ သုံးခွင့်ရပါတယ်။

အသေးစားဓာတ်အားပေးစနစ်မှာဆိုရင် လျှပ်စစ်မီးသာမက အသေးစား စက်မှု၊ လက်မှု ကုန်ထုတ်လုပ်ငန်းတွေပါ ဆောင်ရွက်နိုင်ပြီး Grid အရည်အသွေးအတိုင်း သုံးစွဲခွင့်ရပါတယ်။ ပြည်သူကလည်း သူတို့ကိုယ်တိုင် ထည့်ဝင်ထားတဲ့စနစ်တွေဖြစ်လို့ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြပါတယ်။ ဒါ့အပြင် မဟာဓာတ်အားလိုင်း ကျေးလက်မီးလင်းရေးမှာ ရွာတွင်း ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းနဲ့ အိမ်သုံးမီးလိုင်း သွယ်တန်းခြင်းတွေကို ရွာက ကျခံဆောင်ရွက်ကြပါတယ်။ ဒါတွေက မြန်မာ့ကျေးလက်ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ ပူးပေါင်းပါဝင်မှုကနေ ရရှိလာတဲ့ရလဒ်ကောင်းများဖြစ်ပါတယ်။

ပြည်သူပူးပေါင်းပါဝင်သောကျေးလက်ရေရှိရေး

အလားတူ ကျေးလက်ရေပေးရေးမှာလည်း အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေတွင်းတူးတာ၊ ရေကန်တူးတာ၊ အုတ်ရေကန်လုပ်တာတွေကို နိုင်ငံတော်ဘတ်ဂျက်က ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပေးနေသလို ကျေးရွာတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆောင်ရွက်ထားတဲ့ ပုဂ္ဂလိက ရေတွင်းတွေ၊ ရေကန်၊ ရေစင်တွေ အများကြီးရှိပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ကတော့ အခြေခံဝန်ဆောင်မှုအဆင့်ဖြစ်တဲ့ ရေတွင်းရေကန်ကနေ ရေခပ်လို့ရရုံသာမက ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုဖြစ်တဲ့ အချိန်တိုအတွင်း ရေရရှိဖို့၊ ရေပိုက်ဖွင့်ရင် ရေလာဖို့၊ ရေမီတာစနစ်ရှိဖို့အတွက် အမြင့်တင် ရေစင်ပြုလုပ်ပေးပြီး သန့်ရှင်းတဲ့သောက်သုံးရေကို ရေပိုက်လိုင်းတွေကနေတစ်ဆင့် ရေမီတာစနစ်နဲ့ ရေပေးဝေတဲ့ အိမ်သွယ်ရေတိုင်စနစ်တွေ ဆောင်ရွက်ပေးပါတယ်။

အိမ်သွယ်ရေတိုင်စနစ်မှာ အိမ်အတွက် ရေမီတာတပ်ရတဲ့ ကုန်ကျစရိတ်တွေ၊ ရေမီတာဖိုးတွေ၊ Household Connection တွေအတွက်ကို ကျေးရွာက ကျခံဆောင်ရွက်ကြပါတယ်။ ဌာနအနေနဲ့က ပင်မသွယ်တန်းလိုင်းအတွက်နဲ့ နည်းပညာပဲပေးပါတယ်။ ဌာနကရေးဆွဲထားတဲ့ ရေပေးရေးမဟာဗျူဟာမှာ ကျေးရွာတွေအတွက် ရေရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အခါ Better Service ဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ ပြည်သူက ၃၅ ရာခိုင်နှုန်း အချိုးကျထည့်ဝင်ပေးရပြီး ကျန်တာကို နိုင်ငံတကာပူးပေါင်းပါဝင်မှုနဲ့ နိုင်ငံတော်က ကျခံဆောင်ရွက်ပေးပါတယ်။ လုပ်ငန်းလုပ်တဲ့အခါမှာလည်း ဦးစီးဌာနကပိုက်လိုင်းတူးတာ၊ ပိုက်ဆက်တာတွေကအစ နည်းပညာသင်ပေးပြီး ပြည်သူတွေက ရေကော်မတီဖွဲ့ပြီး ရေခွန်ရေခကောက်ခံရရှိငွေတွေနဲ့ ပြင်ဆင်ထိန်းသိမ်းမှုတွေ လုပ်ကြရပါတယ်။

ပြည်သူပူးပေါင်းပါဝင်သော ကျေးလက်လမ်း/ တံတားလုပ်ငန်းများ

ကျေးလက်လမ်းတံတား လုပ်ငန်းတွေမှာလည်း ဒီလိုပါပဲ။ ကျေးလက်လမ်းတွေအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာရေးဆွဲဆောင်ရွက်ပေးနေတာဖြစ်ပေမယ့် ရန်ပုံငွေ အကန့်အသတ်အရ ရာသီမရွေးသွားလာနိုင်တဲ့လမ်းက ၂၀ ရာခိုင်နှုန်း ဝန်းကျင်အထိပဲ ဆောင်ရွက်ပေးနိုင်ပါသေးတယ်။ အဆင့်မြှင့်တင်ပေးဖို့ ၈၀ ရာခိုင်နှုန်းခန့် ကျန်နေပါသေးတယ်။ နိုင်ငံတော်က မဆောင်ရွက်ပေးနိုင်သေးခင်မှာ ပြည်သူတွေက ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားတဲ့လမ်းတွေ၊ တံတားတွေ အများကြီးရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ရွာနဲ့တစ်ရွာ ကူးလူးဆက်သွယ်နိုင်လို့ ကုန်စည်စီးဆင်းရေးကို အများကြီးအထောက်အကူပြုနေတာ တွေ့ရပါတယ်။

လမ်းပန်းဆက်သွယ်ရေးမှာဖြစ်ဖြစ်၊ ကျေးလက်မီးလင်းရေးမှာဖြစ်ဖြစ်၊ ကျေးလက်ရေရရှိရေးမှာဖြစ်ဖြစ် ကျေးလက်နေပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးတဲ့၊ မိမိရပ်ရွာကို ဖွံ့ဖြိုးစေလိုတဲ့ စိတ်ဆန္ဒတွေနဲ့ လုပ်အားလိုလုပ်အား၊ ငွေလိုငွေ ပူးပေါင်းထည့်ဝင်ပြီး ပါဝင်ဆောင်ရွက်နေတာကို အားရဖွယ်တွေ့မြင်ရပါတယ်။ ဒါတွေဟာ ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။

ဒါပေမယ့် ဆောင်ရွက်ပေးထားတာတွေကို မထိန်းသိမ်းနိုင်တဲ့ရွာတွေ၊ ပြုပြင်ထိန်းသိမ်းရေးမလုပ်တဲ့ ရွာတွေ၊ အလေ့အထအမူအကျင့်တွေကိုပါ ပြုပြင်ဖို့လိုအပ်ချက်တွေရှိနေတဲ့ ရွာတွေရှိနေပါသေးတယ်။ ဒီလိုရွာမျိုးတွေကိုလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေရှည်တည်တံ့နေတဲ့ ရွာတွေကို နမူနာကောင်းအနေနဲ့ပြပြီး အလေ့အကျင့်ကောင်းတွေရရှိအောင် လေ့ကျင့်သင်ကြားပေးပြီး ဆောင်ရွက်ပေးရမယ့်လုပ်ငန်းတွေ ရှိနေပါသေးတယ်။

ပြည်သူပူးပေါင်းပါဝင်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်နေတဲ့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေအနေနဲ့ကတော့ အားလုံးနီးပါးမှာ ပြည်သူပူးပေါင်းပါဝင်မှုရှိနေပါတယ်။ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းမှာဆိုရင် နိုင်ငံတော်က ကျပ်သိန်း ၁၅၀ ကျခံပေးပြီး ကျန်တာကိုတော့ ပြည်သူက ထည့်ဝင်ပေးရပါတယ်။ ကျေးလက်ပြည်သူတွေ (လူကြီး၊ လူငယ်၊ အမျိုးသမီး၊ ရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့)တွေ ပါဝင်တဲ့ကော်မတီတွေကနေ ကျေးရွာမှာ ဘာတွေလိုအပ်နေသလဲဆိုတာကို ဖော်ထုတ်တတ်အောင် သင်ပေးပါတယ်။ ကျေးရွာပြည်သူတွေကိုယ်တိုင် လိုအပ်ချက်တွေ၊ ကျေးရွာမှာရှိတဲ့ အရင်းအမြစ်တွေကို စာရွက်မှာ ချရေး၊ လုပ်သင့်တဲ့ ဦးစားပေးလုပ်ငန်းတွေကို ဝိုင်းဝန်းဆွေးနွေး ရွေးချယ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတွေကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ပါတယ်။

ကျေးရွာမှာ လမ်းခင်းကြမယ်ဆိုရင် ဌာနက သိန်း ၁၅၀၊ ကျေးရွာက သိန်း ၁၅၀/ ၃၀၀/ ၅၀၀ စသဖြင့် အချိုးကျထည့်ဝင်ပြီး ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ရပါတယ်။ ဌာနက နည်းပညာအကူအညီပေးပြီး စောင့်ကြည့်ကြီးကြပ်ပေးတာပဲ လုပ်ရပါတယ်။ ပြည်သူက ကိုယ်တိုင်ပါဝင်ခွင့်ရရင်၊ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရရင်၊ ကိုယ်တိုင်လုပ်ဆောင်ခွင့်ရရင် သူတို့ရဲ့ လုပ်အားတွေ၊ ငွေကြေးတွေ ထည့်ဝင်ဆောင်ရွက်ကြရရင် ပိုတန်ဖိုးထားထိန်းသိမ်းကြပြီး ရေရှည်ခံတာကို တွေ့ရပါတယ်။ နိုင်ငံတော်က လုပ်ရမယ့်အလုပ်ကိုတောင် လူထုကို အခြေပြုရင်၊ ပြည်သူကို ဗဟိုပြုရင် ပြည်သူကပါဝင်ကြတယ်၊ ထိန်းသိမ်းကြတယ်ဆိုတာ တွေ့ရပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၁၉၅၉၂ ရွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လုပ်ငန်းပေါင်း ၂၂၄၀၈ ခုမှာ ပြည်သူထည့်ဝင်ငွေကျပ် ၆၀ ဘီလီယံကျော် ရှိခဲ့ပါတယ်။

ပြည်သူပူးပေါင်းပါဝင်သော မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်း

မြစိမ်းရောင်ကျေးရွာစီမံကိန်းမှာလည်း ဒီလိုပါပဲ။ မြစိမ်းရောင်စီမံကိန်း သုံးနှစ်ပြည့်သွားချိန်မှာ အတိုးရငွေတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ကျေးရွာလူမှုစီးပွားဆိုင်ရာ အဆောက်အအုံတွေ ဆောင်ရွက်ခွင့်၊ ပြင်ဆင်ထိန်းသိမ်းခွင့်တွေ ခွင့်ပြုထားပါတယ်။ လမ်းတွေ၊ ရေတွေ၊ မီးတွေ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ကျေးရွာအတိုးရငွေတွေ ထည့်ဝင်ပြီး ရပ်ရွာဖွံ့ဖြိုးရေးကို ဆောင်ရွက်ကြပါတယ်။ တကယ်တော့ စီမံကိန်းအတိုးရငွေက ရွာရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဆက်သုံးလို့ရသလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း သုံးစွဲခွင့်ပြုထားပါတယ်။

 နိုင်ငံတော်အနေနဲ့ ရန်ပုံငွေတွေအမြဲမချပေးနိုင်တာမို့ အတိုးရငွေအပြင် ကျေးရွာပြည်သူတွေက သူတို့ရဲ့လုပ်အားတွေ ငွေကြေးတွေ ပူးပေါင်းထည့်ဝင်ပြီးတော့ ရှေ့မှာဆိုခဲ့သလို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကြတာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် အကောင်အထည်ဖော်တယ်၊ ဌာနက နည်းပညာပေးပြီး ကြီးကြပ်ပေးပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၄၆၃၉ ရွာမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၆၅၂၉ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်သူထည့်ဝင်ငွေကျပ် ၂၂ ဘီလီယံကျော်ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ပြည်သူတွေရဲ့အားက ဘယ်လောက်ကြီးလဲဆိုတာ မြင်သာပါတယ်။ ပြည်သူပူးပေါင်းပါဝင်မှုရှိတဲ့အခါ ဖွံ့ဖြိုးရေးလုပ်ငန်းတွေရဲ့ ထိရောက်အောင်မြင်မှုက ဆပွားဖြစ်ပါလိမ့်မယ်။

လုပ်ငန်းအားလုံးကို ခြုံငုံသုံးသပ်ပြီး ပြည်သူပူးပေါင်းပါဝင်မှုအနေအထားကို ကြည့်မယ်ဆိုရင် ငွေအား၊ လူအား၊ လုပ်အားတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေတာကို အောက်ပါအတိုင်း တွေ့ရှိရ ပါတယ်-



ပြည်သူကို ဗဟိုပြုသည့်အခါဝယ်…

ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ပြည်သူကိုသာ အခြေပြုထား၊ ဗဟိုပြုထားမယ်ဆိုရင် ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှုအားတွေ အများကြီးရပါမယ်။ ဝန်ထမ်းတွေသာ ရွာတွေကိုသွားပြီး ရေခွန်ရေခကောက်ရမယ်၊ ရေပေးရေးစနစ်တွေ ထိန်းသိမ်းရမယ်ဆိုရင် ဝန်ထမ်းတွေ အများကြီးခန့်ထားရမယ်။ နိုင်ငံတော်အနေနဲ့ ကုန်ကျစရိတ်တွေ အများကြီးဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကော်မတီတွေဖွဲ့ပေးပြီး ပြည်သူတွေကို ဗဟိုပြုပြီးတော့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေက ပိုပြီးအောင်မြင်သွားမှာဖြစ်ပါတယ်။

အိမ်တွင်းရေးကို အိမ်သားကသာအသိဆုံး ဆိုသလို မိမိတို့ဒေသရဲ့လိုအပ်ချက်ကို မိမိတို့ပြည်သူကသာ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူကိုယ်တိုင် ပူးပေါင်းပါဝင်ဆုံးဖြတ်ဆောင်ရွက်ခွင့်ရရှိပြီး ရွေးချယ်တဲ့ ဦးစားပေးလုပ်ငန်းတွေက လက်တွေ့ကျပြီး ထိရောက်မှုရှိနိုင်ခြေပိုများပါတယ်။ တကယ်လို့ ထိန်းညှိပေးဖို့ လိုအပ်တဲ့အခါမှာလည်း ပြည်သူကို သိရှိနားလည်သဘောပေါက်အောင်ပြောပြပြီး ထိန်းကျောင်းတည့်မတ်ပေးနိုင်မှာဖြစ်ပါတယ်။

ပြည်သူပူးပေါင်းပါဝင်မှုရဲ့အားသာချက်ကတော့ ဒေသခံပြည်သူရဲ့ တာဝန်ယူ၊ တာဝန်ခံမှုကို တိုးမြင့်လာစေတာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပြည်သူကိုယ်တိုင် ဦးဆောင်စီမံခန့်ခွဲရတဲ့အခါ ပိုမိုဂရုစိုက်ထိန်းသိမ်းလာပြီး အကျိုးခံစားခွင့်တွေတရားမျှတမှုရှိဖို့ ပြည်သူကိုယ်တိုင် စိတ်ပါဝင်စား ကြီးကြပ်လာတဲ့အတွက် အဂတိလိုက်စားမှုကို လျှော့ချပေးပြီး အရင်းအမြစ်တွေကို ပိုမိုပွင့်လင်းမြင်သာစွာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

ဒါ့အပြင် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့ကျင့်သင်ကြားပို့ချပေးမှုတွေက တစ်ဆင့် ဒေသခံတွေက စီမံကိန်းရေးဆွဲခြင်း၊ ငွေစာရင်းထိန်းသိမ်းခြင်း၊ စာရင်းစစ်ဆေးမှုခံယူခြင်း၊ စာရင်းအင်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုတွေ ရရှိလာစေမှာဖြစ်လို့ ကျေးလက်နေပြည်သူတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်တဲ့အပြင် စီမံကိန်းပြီးဆုံးချိန်မှာလည်း နေ့စဉ်လူမှုဘဝမှာ ဆက်လက်အသုံးချနိုင်စေမှာဖြစ်ပါတယ်။

ပြည်သူပူးပေါင်းပါဝင်မှု တိုးမြှင့်လာစေရေး…

ပြည်သူတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အဓိကပါဝင်ဆုံးဖြတ်ခွင့်ရရှိသူ၊ ပင်မအကျိုးခံစားရရှိသူများအဖြစ် ပြောင်းလဲပေးနိုင်မှသာ ကျေးလက်ဒေသတွေဟာ စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်မှု၊ စဉ်ဆက်မပြတ် ရေရှည်တည်တံ့မှု၊ တန်းတူညီမျှမှုနဲ့ အခွင့်အလမ်းသစ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အပြည့်အဝရရှိမှသာ ရေရှည်တည်တံ့တဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မှာဖြစ်လို့ ပြည်သူကိုဗဟိုပြုပြီး ပြည်သူပူးပေါင်းပါဝင်မှုရှိတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်အားပေးဆောင်ရွက်သွားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

No comments:

Post a Comment