Saturday, August 15, 2026

ရန်ကုန်မြို့၌ သန့်ရှင်းသောသောက်သုံးရေ ရရှိရေး Chlorine Booster dosing လုပ်ငန်း ၂၁ နေရာဆောင်ရွက်ပေးနေ

 

နေပြည်တော် ဩဂုတ် ၁၄

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)က ရန်ကုန်မြို့တော်နေ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသောသောက်သုံးရေများ နေ့စဉ် ဖြန့်ဖြူးပေးနေမှုများနှင့်ပတ်သက်၍ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဒုတိယဌာနမှူး (ညွှန်ကြားရေးမှူး) ဒေါ်သွဲ့နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။

မေး။     ။           ရန်ကုန်မြို့နေ ပြည်သူတွေကျန်းမာရေးနဲ့ ညီညွတ်ပြီးသန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့အတွက် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေကို ရှင်းပြပေးစေချင်ပါတယ်။ 

ဖြေ။     ။           ရန်ကုန်မြို့နေ ပြည်သူတွေကို သန့်ရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်သုံးရေပေးဝေနိုင်ဖို့အတွက် ရေသန့်စင်စက်ရုံကြီးတွေရဲ့ ရေသန့်စင်စနစ်တွေမှာ ကလိုရင်းဆေးခတ်ပိုးသတ် ခြင်းလုပ်ငန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်စံချိန်စံညွှန်းတွေအတိုင်း ပုံမှန်ဆောင်ရွက်နေတဲ့အပြင် မိုးရာသီမှာဖြစ်ပွားလေ့ရှိတဲ့ ဝမ်းရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက်လည်း အရေးပေါ်အခြေအနေမှာ ရေဖြန့်ဖြူးပေးဝေတဲ့ မြို့နယ်တွေရဲ့ ရေပေးဝေရေး ကွန်ရက်အတွင်း ရေထဲမှာပိုးသတ်နိုင်စွမ်းရှိတဲ့ ကလိုရင်းကျန်ရှိမှု (Residual Chlorine) သတ်မှတ်ပမာဏရှိစေဖို့အတွက် Chlorine Booster dosing (Superchlorination) ဆေးခတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေပါတယ်။

မေး။     ။           အခုရန်ကုန်မြို့ရဲ့မြို့နယ်အချို့မှာ ဖြစ်ပွားနေတဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးစေလိုပါတယ်။ 

ဖြေ       ။           ။           အခုရန်ကုန်မြို့မှာ ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်)၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကော်မတီဝင်တွေ၊ ဌာနမှူးတွေ၊ တိုင်းကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖြန့်ဖြူးပေးဝေနေတဲ့ မြို့နယ်တွေကို ကွင်းဆင်းပြီးရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်အတွင်း Chlorine Booster dosing ခတ်မှုအခြေအနေကိုလည်း နေ့စဉ်လိုက်လံ ကြည့်ရှုစစ်ဆေးနေပါတယ်။ 

လက်ရှိ ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်အတွင်း Chlorine Booster dosing (Superchlorina-tion) လုပ်ငန်းကို လသာမြို့နယ်မှာ ရှစ်နေရာ၊ လမ်းမတော်မြို့နယ်မှာ ငါးနေရာ၊ အလုံမြို့နယ်မှာ တစ်နေရာ၊ ပုဇွန်တောင်မြို့နယ်မှာ တစ်နေရာ၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ တစ်နေရာ၊ ကျောက်တံတား မြို့နယ်မှာ နှစ်နေရာ၊ ပန်းဘဲတန်းမြို့နယ်မှာ နှစ်နေရာနှင့် ဒဂုံမြို့နယ်မှာ တစ်နေရာ စုစုပေါင်း ၂၁ နေရာမှာ ဆောင်ရွက်နေပါ တယ်။

မေး။     ။           အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)က ရန်ကုန်မြို့အတွင်း ဖြန့်ဖြူးပေးနေတဲ့ သောက်သုံးရေလေ့လာ ဆန်းစစ်မှုကဏ္ဍနဲ့ ပတ်သက်ပြီး သိချင်ပါ တယ်။ 

ဖြေ။     ။           Chlorine Booster dosing (Superchlorination) ဆောင်ရွက်မှုကြောင့် ရေဖြန့်ဖြူးပေးဝေရေးကွန်ရက် အတွင်း Residual Chlorine ပါဝင်မှုကို လေ့လာဆန်းစစ်နိုင်ဖို့အတွက် ရေနမူနာရယူပြီး ရေအရည်အသွေးတိုင်းတာကာ စောင့်ကြည့်လေ့လာမှုတွေ ဆောင်ရွက် နေတာမှာ မူလကလည်း Residual Chlorine အထိုက်အလျောက်ရှိလို့ ထွက်ပေါ်လာတဲ့အဖြေအရ သင့်လျော်မှုရှိတာ ကို တွေ့ရပါတယ်။

မေး။     ။           ရန်ကုန် မြို့တော်သူ / မြို့တော် သားတွေကို အကြံပြုစရာရှိရင် လည်း ဖြည့်စွက်ပြောပေးပါ။

ဖြေ။                ရေသုံးစွဲသူ မိဘပြည်သူတွေအနေနဲ့ သောက်သုံးရေကို သန့်ရှင်းစွာထိန်းသိမ်းထားသိုပြီး စနစ်တကျအသုံးပြုခြင်း၊ ကျန်းမာရေးအသိ၊ သတိနဲ့နေထိုင် စားသောက်ခြင်းဖြင့် ရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်သင့်ပါကြောင်း အကြံပြုပြောကြားလိုပါတယ်။

သတင်းအဖွဲ့ 

No comments:

Post a Comment