ဒေါက်ဇော် (သလ္လာမြေ)
ခိုင်မာသော မူဝါဒများကသာ ခိုင်မာသောပညာရေးကို တည်ဆောက်နိုင်သည်။
နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးရှိသော ပညာရေးစနစ်သည် အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာရေးသည် လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးစေပြီး နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် လူမှုရေးတည်ငြိမ်မှုကို အထောက်အကူပြုသည်။ ထို့ကြောင့် ပညာရေးမူဝါဒများသည် နိုင်ငံ၏ အနာဂတ်ပညာရေးလမ်းကြောင်းကို ပုံဖော်ပေးသည့် မဟာဗျူဟာမြောက် လမ်းညွှန်ချက်များဖြစ်သည်။
ကမ္ဘာကြီး၏ လျင်မြန်စွာ ပြောင်းလဲမှုများနှင့်အတူ
ပညာရေးမူဝါဒများကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြန်လည်သုံးသပ်ပြီး လိုအပ်သလို
ပြင်ဆင်မွမ်းမံရန်လိုအပ်သည်။ ထို့ကြောင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP II) (2021–2030) ၏
ပထမငါးနှစ်ကာလကို ပြန်လည်သုံးသပ်ခြင်းသည် အရေးကြီးသည်။ ဤပထမ ငါးနှစ်ကာလကို
ပြန်လည်သုံးသပ်ရမည့် စီမံကိန်းစစ်တမ်းသည် လုပ်ငန်းများ ၏တိုးတက်မှုနှင့်
အကောင်အထည်ဖော်မှုအခြေအနေများကို သိရှိစေရုံသာမက ရရှိထားသောအတွေ့အကြုံနှင့်
အထောက်အထားများအပေါ် အခြေခံ၍ ရှေ့ဆက်ကာလပညာရေးမူဝါဒများနှင့် လုပ်ငန်းစဉ်များကို ပိုမိုထိရောက်ခိုင်မာစေရန်
လမ်းညွှန်ပေးနိုင်မည့် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေး၏ ခရီးစဉ်
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် နှစ်ပေါင်းများစွာအတွင်း
အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း ၂၁ ရာစု၏ လူမှုစီးပွားအခြေအနေများ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်
နိုင်ငံတကာ ပညာရေးလမ်းကြောင်းများသည် ပညာရေးကဏ္ဍကို ပိုမိုကျယ်ပြန့်သော
ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် လိုအပ်လာသည်။ ထိုသို့
သောအခြေအနေများမှတစ်ဆင့် ပညာရေးပြုပြင်ပြောင်းလဲရေးသည်
သင်ရိုးညွှန်းတမ်းများပြုပြင်မွမ်းမံခြင်းနှင့် အခြေခံအဆောက်အအုံများ
ဖြည့်ဆည်းပေးခြင်းတို့ကို ကျော်လွန်၍ သင်ကြားသင်ယူမှုစနစ် တစ်ခုလုံးပိုမိုကောင်းမွန်တိုးတက်လာစေရေးအတွက်
ဘက်စုံကြိုးပမ်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်။
ပညာရေးစီမံခန့်ခွဲမှု၊ ဆရာအတတ်ပညာ၊ သင်ကြားရေးအရည်
အသွေး၊ အကဲဖြတ်စနစ်၊ သုတေသန၊ နည်းပညာအသုံးချမှုနှင့် အားလုံး အကျုံးဝင်သော
ပညာရေးအခွင့်အလမ်းများကို တစ်ပြိုင်နက်တည်း တိုးတက်အောင် ဆောင်ရွက်နိုင်မည့်
ရေရှည်မဟာဗျူဟာလိုအပ်လာခဲ့သည်။ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်
ပညာရေးဝန်ကြီးဌာနက နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးဦးတည်ချက်များနှင့် ကိုက်ညီသည့်
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယင်းသည်
ပညာရေးကဏ္ဍတစ်ခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုကို သီးခြားကြည့်ရှုထားခြင်းမဟုတ်ဘဲ
ပညာရေးစနစ်တစ်ရပ်လုံးကို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်စေရန် ဦးတည်ထားသော မဟာဗျူဟာမြောက်လမ်းပြမြေပုံဖြစ်သည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP I) (၂၀၁၆–၂၀၂၁)-ပညာရေးပြုပြင်ပြောင်းလဲမှု၏
အခြေခံအုတ်မြစ်
၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း
(NESP I) (၂၀၁၆–၂၀၂၁)
သည် မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ပထမဆုံးရေရှည်
မဟာဗျူဟာစီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ
ပညာရေးကဏ္ဍတစ်ခုလုံးကို စနစ်တကျခေတ်မီတိုးတက်စေရန်၊ အရည်အသွေးမြင့်ပညာရေးကို တိုးချဲ့ပေးရန်နှင့်
လူတိုင်းအတွက် သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန်ဖြစ်သည်။ အဆိုပါစီမံကိန်းတွင်
အခြေခံပညာသင်ရိုးညွှန်းတမ်းများ ပြုပြင်မွမ်းမံခြင်း၊ ဆရာ အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊
ပညာရေးစီမံခန့်ခွဲမှုစနစ်များ တိုးတက်ကောင်းမွန်စေရေး၊ အရည်အသွေးအာမခံရေးယန္တရားများ
ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပညာရေးအခွင့်အလမ်းများ ပိုမိုကျယ်ပြန့်စေရေးတို့ကို
ဆက်တိုက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ချက်များသည် မြန်မာ့ပညာရေးစနစ်ကို
ပိုမိုစနစ်ကျစေပြီး တစ်ဆင့်တိုးဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်တစ်ရပ်ကို တည်ဆောက်ပေးခဲ့သည်။
အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (NESP I) ၏ အောင်မြင်မှုများနှင့်
အတွေ့အကြုံများသည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP II) ကို ပိုမိုကျယ်ပြန့်သော မျှော်မှန်းချက်များဖြင့် ရေးဆွဲနိုင်ရန်
အဖိုးတန်သော သင်ခန်းစာများအဖြစ် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း NESP II (၂၀၂၁–၂၀၃၀) -
အရည်အသွေး၊ တန်းတူညီမျှမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့
စီမံကိန်းအမှတ် (၂) သည် စီမံကိန်းအမှတ် (၁) မှ
ရရှိခဲ့သော အတွေ့အကြုံများနှင့် သင်ခန်းစာများကို အခြေခံ၍ (၂၀၂၁ ခုနှစ်မှ ၂၀၃၀
ပြည့်နှစ်) အထိ ဆယ်နှစ်တာကာလအတွက် ရေးဆွဲထားသော
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းဖြစ်သည်။ ဤစီမံကိန်း၏ ရည်မှန်းချက်မှာ
မြန်မာနိုင်ငံတွင် အရည်အသွေးမြင့်၊ တန်းတူညီမျှ၍ အားလုံးအကျုံးဝင်သော
ပညာရေးစနစ်တစ်ရပ်ကို တည်ဆောက်ရန်ဖြစ်ပြီး ပညာရေးကို နိုင်ငံတော်၏
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၏
အဓိကအင်အားအဖြစ် ပိုမိုခိုင်မာစေရန် ရည်ရွယ်ထားသည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP II) သည် အခြေခံပညာ၊
နည်းပညာနှင့် သက်မွေးပညာ၊ အဆင့်မြင့်ပညာရေး၊ ဆရာအတတ်ပညာဖွံ့ဖြိုးရေး၊ ပညာရေးစီမံခန့်ခွဲမှု၊
ဒီဂျစ်တယ်နည်းပညာအသုံးချမှု၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ အရည်အသွေးအာမခံရေးနှင့်
အားလုံးအကျုံးဝင်သော ပညာရေးတို့ကို တစ်ပြိုင်နက်တည်းမြှင့်တင်နိုင်ရန်
ဦးတည်ထားသည်။
မဟာဗျူဟာစီမံကိန်းတစ်ရပ်၏ အောင်မြင်မှုသည် ရည်မှန်းချက်များ
များပြားခြင်းထက် ဦးစားပေးလုပ်ငန်းများကို မည်မျှတိကျစွာ သတ်မှတ်နိုင်သည်အပေါ်
မူတည်သည်။ ထို့ကြောင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP II) ကို
ရေးဆွဲရာတွင် ပညာရေးကဏ္ဍအသီးသီး၏ လက်ရှိလိုအပ်ချက်များ၊ (NESP I) အကောင်အထည်ဖော်မှုမှ ရရှိခဲ့သောအတွေ့အကြုံများ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ
ဦးစီးဌာနများ၏ အကဲဖြတ်သုံးသပ်ချက်များနှင့် သက်ဆိုင်သူများ၏ အမြင်များကို စနစ်တကျ စုစည်းသုံးသပ်ကာ
ဦးစားပေးလုပ်ငန်းများကို သတ်မှတ်ခဲ့သည်။
ဤသို့ဦးစားပေးလုပ်ငန်းများကို ရေးဆွဲရာတွင် ရည်ရွယ်ချက်တစ်ခုတည်းကိုသာ
မျှော်မှန်းထားခြင်းမဟုတ်ဘဲ ပညာရေးစနစ် တစ်ခုလုံးအပြန်အလှန်ချိတ်ဆက်၍
တိုးတက်စေရန်ကို ဦးတည်ထားသည်။ အရည်အသွေးရှိသော သင်ကြားသင်ယူမှု၊ အရည်အချင်းပြည့်ဝသော
ဆရာ ဆရာမများ၊ ခိုင်မာသောစီမံခန့်ခွဲမှုစနစ်၊ ထိရောက်သော အရည်အသွေးအာမခံရေးယန္တရားနှင့်
ဒီဂျစ်တယ်နည်းပညာအသုံးချမှုတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်အားဖြည့်ပေးသောအစိတ်
အပိုင်းများဖြစ်ကြောင်း အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP II) က
အလေးထားဖော်ပြထားသည်။ ထို့ကြောင့် NESP II သည်
သီးခြားစီမံကိန်းများ စုစည်းထားခြင်းမဟုတ်ဘဲ မြန်မာ့ပညာရေးစနစ်ကို
ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည့် ပေါင်းစည်းထားသော
မဟာဗျူဟာစီမံကိန်းတစ်ရပ်ဖြစ်သည်။
မူဝါဒကောင်းများကို ပိုမိုခိုင်မာစေသည့် NESP II ၏ ပထမငါးနှစ်ကာလ
စီမံကိန်းစစ်တမ်း
အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းတစ်ရပ်ကို
ရေးဆွဲနိုင်ခြင်းသည် အရေးကြီးသကဲ့သို့ ယင်းစီမံကိန်းကို လက်တွေ့အကောင်အထည်
ဖော်နေစဉ်မည်မျှထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို အချိန်နှင့်တစ်ပြေးညီ
ပြန်လည်သုံးသပ်နိုင်ခြင်းသည်လည်း အလွန်အရေးကြီးပါသည်။ အထူးသဖြင့် ဆယ်နှစ်တာကာလကဲ့သို့
ရေရှည်စီမံကိန်းများတွင် စီမံကိန်းပြီးဆုံးချိန်အထိ စောင့်ဆိုင်းပြီးမှ
အကဲဖြတ်ခြင်းထက်စီမံကိန်းတစ်ရပ်၏ အလယ်ကာလ၌ ပြန်လည်သုံးသပ်ခြင်းက ပိုမိုထိရောက်သော
စီမံခန့်ခွဲမှုနည်းလမ်းတစ်ရပ်ဖြစ်သည်။
စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်နေစဉ် ပြင်ပပတ်ဝန်းကျင်၊
လူမှုစီးပွားအခြေအနေ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့အကောင်အထည်ဖော်မှုတို့တွင်
အပြောင်းအလဲများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် မူလရေးဆွဲထားသော
လုပ်ငန်းအစီအစဉ်များကို အခြေအနေ အသစ်များနှင့် ကိုက်ညီအောင် ပြန်လည်သုံးသပ်ရန်
လိုအပ်လာသည်။ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP II) သည်လည်း ပထမငါးနှစ်တာကာလအတွင်း အတွေ့အကြုံများစွာရရှိခဲ့ပြီးဖြစ်ရာ
ယင်းအတွေ့အကြုံများကို စနစ်တကျသုံးသပ်ခြင်းအားဖြင့် မည်သည့်လုပ်ငန်းများကို
ဆက်လက်အရှိန်မြှင့်ရမည်၊ မည်သည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရမည်နှင့်
မည်သည့်မူဝါဒများကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက်သင့်သည်ကို
အထောက်အထားအခြေပြုဆုံးဖြတ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပထမငါးနှစ်ကာလစီမံကိန်းစစ်တမ်းသည် စီမံကိန်းကိုရပ်တန့်၍
ပြန်လည်စတင်ခြင်းမဟုတ်ဘဲ အောင်မြင်မှုများကို ဆက်လက်တိုးချဲ့ပြီး
လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းနိုင်ရန် လမ်းညွှန်ပေးသည့်
ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
ဒေတာစုဆောင်းခြင်းနှင့် ပါဝင်သူများ၏ ပူးပေါင်းပါဝင်မှု
ပညာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း
(NESP II) ပထမငါးနှစ်ကာလသုံးသပ်ချက်လုပ်ငန်းစဉ်၏
အဓိကတာဝန်ယူဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဤတာဝန်မှာ အချက်အလက်များကို
စုဆောင်းပေးရုံမျှမဟုတ်ဘဲ လုပ်ငန်းစဉ်တစ်ခုလုံးကို စနစ်တကျညှိနှိုင်းကွပ်ကဲ၍
အထောက်အထားအခြေပြု မူဝါဒများချမှတ်နိုင်ရေးကို အထောက်အကူပြုခြင်းဖြစ်သည်။
ကြားကာလသုံးသပ်မှုအတွက် အချက်အလက်ကောက်ယူရေး လက်စွဲစာအုပ်ကိုပြုစုခြင်း၊
သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်းညှိနှိုင်းခြင်း၊ အချက်အလက်များကို စနစ်တကျ
စုစည်းသုံးသပ်ခြင်းနှင့် နောက်ဆုံးတွင် ပြည်ထောင်စုအဆင့်သို့
တင်ပြမည့်အစီရင်ခံစာကို ပြုစုနိုင်ရန် ဦးဆောင်ဆောင်ရွက်ခြင်းတို့သည် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၏
အရေးပါသောလုပ်ငန်းစဉ်များဖြစ်သည်။ Monitoring သည် လုပ်ငန်းတိုးတက်မှုကို
ဆက်လက်စောင့်ကြည့်ပေးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး Evaluation သည်
ရရှိလာသော ရလဒ်များနှင့် သက်ရောက်မှုများကို သုံးသပ်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။
ယင်းနှစ်ခုကို ပေါင်းစပ်အသုံးပြုနိုင်မှသာ မူဝါဒများ၏ထိရောက်မှုကို
မှန်ကန်စွာအကဲဖြတ်နိုင်မည်ဖြစ်သည်။
ကောင်းမွန်သောမူဝါဒများသည်
စာရင်းကိန်းဂဏန်းများတစ်ခုတည်းအပေါ် အခြေခံ၍ မပေါ်ပေါက်နိုင်ပါ။ လက်တွေ့အကောင်အထည်ဖော်နေသော
အဖွဲ့အစည်းများ၏ အတွေ့အကြုံများ၊ အခက်အခဲများ၊ အောင်မြင်မှုများနှင့်
အကြံပြုချက်များကို နားထောင်နိုင်မှသာ မူဝါဒများသည် ပိုမိုလက်တွေ့ကျလာမည်ဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့်
ကြားကာလသုံးသပ်မှုအတွက် အချက်အလက်ကောက်ယူရေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ
သက်ဆိုင်ရာပညာရေးအဖွဲ့အစည်းများထံ ကွင်းဆင်းလေ့လာကာ အချက်အလက်များ စုဆောင်းနိုင်ရန်
တွေ့ဆုံမေးမြန်းမှုလမ်းညွှန်များနှင့် အချက်အလက်ကောက်ယူ ခြင်းနည်းလမ်းများကို
စနစ်တကျသတ်မှတ်ပေးထားသည်။ ကွင်းဆင်းလေ့လာမှုများမှ ရရှိလာသောအချက်အလက်များသည် စီမံကိန်း၏
လက်တွေ့အခြေအနေကို ထင်ဟပ်စေပြီး ဒေသအသီးသီး၏ လိုအပ်ချက်များကို နားလည်နိုင်စေသည်။ ယင်းအချက်အလက်များသည်
နောင်လာမည့် မူဝါဒဆုံးဖြတ်ချက်များအတွက် အဖိုးတန်သောအထောက်
အထားများဖြစ်လာမည်ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment