နေပြည်တော် ဩဂုတ် ၃
သမဝါယမစနစ်အခြေပြုကျေးလက်ဖွံ့ဖြိုးရေး (Cooperative based Rural Development - CBRD) အတွက်ပြုလုပ်သည့် သမဝါယမစနစ်စီးပွားရေး ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် အစုအဖွဲ့စနစ်ဖြင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ စာတမ်းရှင်ခုနစ်ဦးက ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် စာတမ်းခေါင်းစဉ်အလိုက် ဦးစီးဌာနများက ဆွေးနွေးကြပြီး ဆွေးနွေးချက်ရလဒ်များအရ စနစ်ကျသော စိုက်ပျိုးရေးစနစ်ဖြစ်ရန်၊ သမဝါယမစနစ် ပီပြင်စွာဖြစ်ပေါ်လာရန်၊ သမဝါယမစနစ်ကိုအခြေခံသည့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန်လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခြင်းနှင့် Action Plan များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တက်ရောက်အမှာစကား ပြောကြားသည်။
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာအုပ်စု ဇောင်ချမ်းကုန်းကျေးရွာခန်းမ၌ သမဝါယမအသင်းသား တောင်သူများ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာလူထု၏ စည်းလုံးညီညွတ်မှုအားဖြင့် ကျေးရွာဘက်စုံဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်ကျသောလုပ်ငန်းများဖြစ်စေရေးနှင့် အသင်းသားတောင်သူများ စိုက်ပျိုးသည့် သီးနှံအလိုက် လိုအပ်သည့်သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကလည်း အသင်းသားတောင်သူများ၏ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပံ့ပိုးပေးလျက်ရှိသဖြင့် သီးထပ်သီးညှပ်ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။
ထို့ပြင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဝက်မွေးမြူရေးလုပ်ငန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း RBF စီမံကိန်းရန်ပုံငွေဖြင့် အစုအဖွဲ့စနစ် ကျွဲမွေးမြူရေးလုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သည့် စက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသော ခိုင်မာစက်ချုပ်လုပ်ငန်းတို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment