Tuesday, August 25, 2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော် ဩဂုတ် ၂၄

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပိုက်ကျော်ခြင်း အားကစားသမားများတွေ့ဆုံယှဉ်ပြိုင်စေခြင်းဖြင့် အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ယနေ့စတင်ကျင်းပသည်။


အဆိုပါ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၂ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၁၀ ရက်ကြာ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၃၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကာပြောကြားပြီး ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်၍ပြိုင်ပွဲတွင် ပါဝင်ကူညီအားပေးဖြည့်ပေးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေကျပ်သုံးသိန်း ပေးအပ်ချီးမြှင့်သည်။

ယနေ့ ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ အမျိုးသမီးနှစ်ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment