Tuesday, August 11, 2026

ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုကျော် ဖမ်းဆီးရမိ



နေပြည်တော် ဩဂုတ် ၁၀

ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၁၀၇ (F) လမ်း၊ ၄၈ လမ်း နှင့် ၄၉ လမ်းကြား၌ ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၉ ကီလိုကျော်ကို HIJET မော်တော်ယာဉ် တစ်စီး နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၃ ရက် ည ၈ နာရီခွဲတွင် သတင်းအရ ချမ်းမြ သာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၁၀၇(F)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် မကြည်ကြည်အေး (ခ) မကြည်အေး (ခ) အမိုးနှင့် နန်းမြရင် (ခ) မအေးငြိမ်းတို့ နှစ်ဦး ကို ရောင်စုံပလတ်စတစ်ဆပ်ပြာ ခွက် ၆၆၀၀ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၅၉ ဒသမ ၄ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၄၈၅ ဘီလီယံ) အား HIJET မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူ များကို ချမ်းမြသာစည်မြို့နယ် ၆၁(ဘီ) လမ်းနှင့် ၁၁၁ လမ်းထောင့်တွင် လွှဲပြောင်းပေးခဲ့သူ ကျောက်မဲမြို့နေ စိုင်းနော်ခမ်း (ဖမ်းဆီးရန်ကျန်) နှင့် လားရှိုးမှ မန္တလေးသို့ ပို့ဆောင်ရောင်းချပေးသူမှာ လားရှိုးမြို့နယ်နေ အန်ဇန် (ဖမ်းဆီးရန်ကျန်) တို့ ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ် ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment