နေပြည်တော် ဩဂုတ် ၁၉
၂၀၂၆ ခုနှစ် ရုရှား-မြန်မာစီးပွားရေးဖိုရမ်ကို ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စုအစိုးရဘတ်ဂျက်သုံး အဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ရှရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadyevich Reshetnikov ၊ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် Mr. LOBANOV Ivan Vasilyevich ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နာယကနှင့်အဖွဲ့ဝင်များ၊ မြန်မာ-ရုရှားနှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ G.V. Plekhanov စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် Mr. LOBANOV Ivan Vasilyevich ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ရှရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadyevich Reshetnikov တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေရန် ရည်ရွယ်ကျင်းပသည့် ယခုကဲ့သို့ အခမ်းအနားတွင် အမှာစကားပြောကြားခွင့်ရသည့်အတွက် များစွာဝမ်းမြောက်မိကြောင်း၊ ယခုခရီးစဉ်သည် မြန်မာ - ရုရှား နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းခိုင်မာစေပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုကိုလည်း အားပေးမြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း။
မြန်မာ - ရုရှား နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေး
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ၄၅ ရက်အကြာ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်ကပင် မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၈ ခုနှစ်တွင် နှစ်(၈၀) ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီအနေအထားအရ သမုဒ္ဒရာများ၊ တိုက်ကြီးများဖြင့် ခြားထားသော်လည်း နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု၊ မဟာဗျူဟာဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပေါ်အခြေခံ၍ နီးကပ်သော ဆက်ဆံရေးတည်ဆောက်ခဲ့ကြသည်မှာ စိန်ရတုအထိမ်းအမှတ်ကိုပင် ကျော်လွန်ခဲ့ပြီဖြစ်ပါကြောင်း။
ယခုကဲ့သို့ နှစ်ပေါင်းများစွာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ရင်းနှီးချစ်ကြည်မှုတို့ဖြင့် ထိန်းသိမ်းမြှင့်တင်ခဲ့ကြရာ မျက်မှောက်ကာလ နှစ်နိုင်ငံဆက်ဆံရေးသည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးတက်ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်နိုင်ငံ၏ဆက်ဆံရေးသည် နှစ်နိုင်ငံအစိုးရများအကြား ဆက်ဆံရေးသာမက ပြည်သူများနှင့် စီးပွားရေးအသိုက်အဝန်းများအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကိုပါ ပိုမိုတိုးချဲ့ဆောင်ရွက်သွားနိုင်မည့် အလားအလာများစွာရှိနေပါကြောင်း။
ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးသည် Supply Chain ပြောင်းလဲမှုများ၊ နည်းပညာတိုးတက်မှုများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကြောင့် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ရုရှား - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ကမ္ဘာ့ပထဝီစီးပွားရေးစိန်ခေါ်မှုများ မြင့်မားနေသည့် ကာလအတွင်းမှာပင် အပြန်အလှန်နားလည်ယုံကြည်မှုတို့ဖြင့် နိုင်ငံတကာမျက်နှာစာတွင် ခိုင်မာစွာပူးပေါင်းဆောင်ရွက်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကိုအခြေပြုပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်နွှယ်မှုများသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အနာဂတ်မျှော်မှန်းချက်များအတွက် အဓိကကျသည့် အင်အားများဖြစ်ပါကြောင်း။
နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံကထွက်ရှိသည့် သရက်သီးအနှစ်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အဝတ်အထည်များကို ရုရှားနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေသလို၊ ရုရှားနိုင်ငံကစက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို အဓိကတင်သွင်းနေပါကြောင်း၊ ထို့ပြင် မြန်မာ့ထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရေထွက်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကထွက်ရှိသည့် မြန်မာပေါ်ဆန်းသည် ဈေးကွက်ဝင်ထိပ်တန်းဆန်အမျိုးအစား ဖြစ်ပါကြောင်း။
လက်ရှိတွင် ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စက်မှုကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် လယ်ယာကဏ္ဍ၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့တွင် ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် ယုံကြည်ချက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ အချက်အလက်များ
မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးသည့် မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိနေသည့်အတွက် ပထဝီနိုင်ငံရေးအရသာမက စီးပွားရေးအရလည်း အလွန်အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းကို ပထမဦးစွာ မိတ်ဆက်ပေးလိုပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင်တည်ရှိပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ရုရှားနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိပါကြောင်း၊ အုပ်ချုပ်ရေးမြို့တော်အဖြစ် နေပြည်တော်ကို သတ်မှတ်ထားပြီး ပင်လယ်နှင့် ပိုမိုနီးသည့် ရန်ကုန်မြို့သည် စီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည့် စီးပွားရေးမြို့တော်ဖြစ်ပါကြောင်း။
လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍအနေဖြင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သော အသက်အရွယ်အပိုင်းအခြားရှိသည့် လူဦးရေသည် တစ်နိုင်ငံလုံးလူဦးရေ၏ ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိသည့်အတွက် အလုပ်လုပ်နိုင်သည့် လူသားအရင်းအမြစ်များစွာရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ၂၀၀၁ ခုနှစ်ကစတင်ပြီး မြန်မာကျောင်းသား ၇,၀၀၀ ကျော်ကို နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ၊ စီမံခန့်ခွဲမှုစသည့် ပညာရပ်များသင်ကြားပေးခဲ့သည့်အတွက် နိုင်ငံတည်ဆောက်ရေးတွင် လိုအပ်သည့် လူသားအရင်းအမြစ်များရှိနေပါကြောင်း။
မြန်မာနိုင်ငံသည် ပူအိုက်စွတ်စိုသည့် မုတ်သုန်ရာသီရှိသည့် ဒေသဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ၁၂ လ ရာသီပတ်လုံး ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များ အသုံးပြုပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသလို အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြေအောက်သယံဇာတကိုအခြေခံပြီး သန့်စင်ထားသည့် တန်ဖိုးမြှင့်သတ္တုထုတ်ကုန်များကိုလည်း ထုတ်လုပ်နိုင်ပါကြောင်း။
မြန်မာနိုင်ငံတွင် ကြေးနီ၊ ရွှေ၊ ငွေနှင့် အခြားသတ္တုပစ္စည်းများ ထွက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဒေသတချို့တွင်လည်း ကျောက်မီးသွေးထွက်ရှိသည့်အတွက် ကျောက်မီးသွေးကို အခြေခံသည့် လျှပ်စစ်ဓာတ်အားနှင့် မြေဩဇာထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ပါကြောင်း။
အခြေခံအဆောက်အအုံ ပြင်ဆင်ထားရှိမှု
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် ဆောင်ရွက်လျက်ရှိရာ ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့အောင် ပြုပြင်ပြောင်းလဲရန်၊ သင့်တော်သည့် မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အထူးအားပေးဖိတ်ခေါ်လျက်ရှိနေပြီး ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှု ရှိစေရန်အတွက်ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကိုလည်း အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါကြောင်း၊ နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရန်အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပေးနေပါကြောင်း၊ ဥပမာ - လျှပ်စစ်သုံးယာဉ်(EV)များ တိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများကိုလည်း လျှော့ချပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာ မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက်ရှိပါကြောင်း။
ဈေးကွက်အလားအလာ
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှကုန်းမြေတွင် ခိုင်မာသည့် ပြည်တွင်းဈေးကွက်ရှိသည့်အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အာဆီယံနိုင်ငံများ၏ ကြီးမားသည့် နိုင်ငံတကာဈေးကွက်ထဲကို ကုန်းလမ်းကြောင်းသာမက ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမပင်လယ်ကွေ့တစ်လျှောက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများကတစ်ဆင့်လည်း ဝင်ရောက်နိုင်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည့် မဟာဗျူဟာမြောက် တစ်ခုတည်းသော ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဗဟိုချက်/ဆုံချက် (Choke Point)လည်း ဖြစ်ပါကြောင်း။
ကမ္ဘာ့အကြီးဆုံး ဈေးကွက်များဖြစ်သည့် လူဦးရေ ၁ ဒသမ ၄၇ ဘီလီယံရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေ ၁ ဒသမ ၄၁ ဘီလီယံရှိသည့် တရုတ်နိုင်ငံအပြင် လူဦးရေ ၆၆၀ သန်းကျော်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်လျက်ရှိသည့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် အာရှဈေးကွက်နှစ်ခုကို တံတားသဖွယ်ဆက်သွယ်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်ကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံသည် နေပြည်တော်ကို ဗဟိုပြုပြီး ကီလိုမီတာ ၄၀၀၀ အချင်းရှိသည့် စက်ဝိုင်းဆွဲကြည့်ပါက ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ဖြစ်သော ၄ ဘီလီယံခန့်၏ အလယ်တွင် တည်ရှိနေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။
ဒေသတွင်း ဆက်သွယ်မှုလမ်းကြောင်းများဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၊ အာဆီယံအဝေးပြေးလမ်းကွန်ရက်၊ အရှေ့အနောက်စီးပွားရေးစင်္ကြံ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတို့၏ အလယ်ဗဟိုတွင် တည်ရှိနေပါကြောင်း၊ ပထဝီအနေအထားအရ ဒေသတွင်းအရေးပါသည့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် BIMSTEC အဖွဲ့များတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် ဆွေးနွေးဖက်နိုင်ငံအဖြစ်လည်းကောင်း ပါဝင်လျက်ရှိပါကြောင်း။
ကမ္ဘာ့အကြီးဆုံးလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များထဲက တစ်ခုဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) တွင် မြန်မာနိုင်ငံ ပါဝင်နေသည့်အတွက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျစသည့် နိုင်ငံများနှင့် ကုန်သွယ်ရေးချိတ်ဆက်မှု အခွင့်အလမ်းများလည်း ပိုင်ဆိုင်ထားပါကြောင်း။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ဆွေးနွေးလိုပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာများစွာရှိသလို သဘာဝသယံဇာတနှင့် ရေချို၊ ရေငန်သဘာဝအရင်းအမြစ် ပေါကြွယ်ဝပါကြောင်း၊ ထို့အပြင် ကြက်၊ ဝက်၊ အမဲသား ထုတ်လုပ်မှုအတွက် ရေမြေအခြေခံကောင်းများလည်း ရှိနေပါကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို ရုရှားနိုင်ငံသို့တင်ပို့၍ ရသလို အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကိုလည်း တင်ပို့နိုင်ပါကြောင်း။
ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် မူဝါဒချမှတ်အကောင်အထည်ဖော်ရာတွင် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတု၊ တည်နေရာအားသာချက်များကို အခြေပြုပြီး စိုက်ပျိုးမွေးမြူရေးအခြေခံစက်မှုနိုင်ငံအဖြစ် ဦးတည်ဖော်ဆောင်နေပါကြောင်း၊ ထို့ကြောင့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးရေးသုံးစက်ယန္တရားများ၊ မျိုးစေ့ထုတ်လုပ်မှုနည်းပညာနှင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများနှင့် ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်း များစွာရှိနေပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံသည် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဖိတ်ခေါ်နေပါကြောင်း၊ ထို့ကြောင့် ရုရှားနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်း၍ လယ်ယာအခြေခံသွင်းအားစုထုတ်လုပ်ခြင်း၊ စားသုံးဆီ၊ စားသောက်ကုန်၊ ရေထွက်ကုန် ပြုပြင်ထုတ်လုပ်ခြင်းစသည့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှု စက်ရုံများတည်ထောင်ခြင်း၊ စက်ရုံများနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်ယန္တရားများထုတ်လုပ်ခြင်းနှင့် နည်းပညာ အခြေပြုစက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်လိုပါကြောင်း၊ အလားတူ ဆက်စပ်လုပ်ငန်းများဖြစ်သည့် အအေးခန်းသိုလှောင်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ ရှိပါကြောင်း။
အထူးသဖြင့် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ - ရုရှား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အဓိကကျသည့် အစိတ်အပိုင်းအဖြစ်ရှိနေဆဲဖြစ်ပါကြောင်း၊ ရေနံတူးဖော်ထုတ်လုပ်ခြင်း၊ ရေနံသန့်စင်ထုတ်လုပ်ခြင်း၊ ရေနံထွက်ပစ္စည်းများနှင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အထောက်အပံ့ကောင်းများ ရှိနေပါကြောင်း။
ထို့အပြင် ရေအားလျှပ်စစ်ထုတ်ယူမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် အဓိကမြစ်ကြီး ၄ ခု ဖြစ်သည့် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် အပါအဝင် မြစ်ချောင်း ၁,၀၀၀ ကျော်ရှိပြီး နှစ်စဉ် မုတ်သုံမိုးရွာသွန်းမှုသည် မီလီမီတာ ၂,၀၀၀ မှ ၅,၀၀၀ အကြားရှိသည့်အတွက် ရေအားလျှပ်စစ်ထုတ်ယူရန် အလားအလာကောင်းများရှိနေပါကြောင်း၊ သုတေသနပြုချက်များအရ ရေအားလျှပ်စစ်ထုတ်ယူနိုင်မှု အလားအလာအနေဖြင့် ၁၀၀ ဂစ်ဂါဝပ်ရှိပြီး စီးပွားဖြစ်ထုတ်ယူနိုင်မှုအလားအလာအနေဖြင့် ၄၀-၅၀ ဂစ်ဂါဝပ် ဖြစ်ပါကြောင်း။
နေရောင်ခြည်စွမ်းအင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် မြောက်လတ္တီကျု ၉ ဒီဂရီနှင့် ၂၈ ဒီဂရီကြားရှိသည့်အတွက် နေရောင်ခြည်လုံလောက်စွာရရှိသည့် "အပူပိုင်းဒေသ နေရောင်ခြည်ခါးပတ်ကွင်း" အတွင်း ကျရောက်နေသလို နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရန်အတွက် အလားအလာအကောင်းမွန်ဆုံး ဒေသတွင်ရှိနေပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံးပြီး တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ၅၁၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ (TWh/year) အထိ ထုတ်လုပ်နိုင်စွမ်းရှိပါကြောင်း။
အထူးသဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးစသည့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းများသည် ဆိုလာစွမ်းအင်ကို တစ်နှစ်ပတ်လုံး အမြင့်ဆုံးထုတ်ပေးနိုင်သည့် နေရာများဖြစ်ပါကြောင်း၊ ထို့အပြင် ခရီးသွားလုပ်ငန်းသည် မြန်မာ - ရုရှားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့နိုင်မည့် အလားအလာကောင်းသည့် ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တောတောင် ရေမြေ၊ သဘာဝအလှအပ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထူးခြားသည့် ခရီးစဉ်ဒေသများသည် ရုရှားခရီးသွားများကိုသာမက နိုင်ငံတကာမှ ခရီးသွားများကိုပါ ဆွဲဆောင်နိုင်မည်ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းရှိပါကြောင်း။
နေပြည်တော်တွင်ရှိသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ကျောက်စာရုံစေတီများ၊ ရန်ကုန်မြို့တွင်ရှိသည့် ထင်ရှားကျော်ကြားသော ရွှေတိဂုံစေတီတော်၊ ပဲခူးမြို့တွင်ရှိသည့် တောင်ငူခေတ် ကမ္ဘောဇသာဒီနန်းတော်ရာ၊ မန္တလေးမြို့တွင်ရှိသည့် ကုန်းဘောင်ခေတ် မြနန်းစံကျော်ရွှေနန်းတော်ကြီး စသည်ဖြင့် လေ့လာလည်ပတ်စရာ နေရာများစွာရှိနေပါကြောင်း၊ မြန်မာနိုင်ငံတွင် ငပလီ၊ ချောင်းသာ၊ ငွေဆောင် ကမ်းခြေတို့ကဲ့သို့ ထင်ရှားသည့် ပင်လယ်ကမ်းခြေများရှိပြီး ရာသီဥတုမျှတကောင်းမွန်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ကာလများသည် လာရောက်လည်ပတ်အနားယူရန် အကောင်းဆုံးအချိန်များပင် ဖြစ်ပါကြောင်း။
အမျိုးသားအမွေအနှစ်နယ်မြေများဖြစ်သည့် သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး၊ ပုဂံ၊ အင်းဝ စသော ရှေးဟောင်းယဉ်ကျေးမှုနေရာများသည် အေဒီ ၄ ရာစု မှ ၉ ရာစုနှစ်အတွင်း သမိုင်းအစဉ်အလာကြီးမားပြီး စိတ်ဝင်စားဖွယ်ယဉ်ကျေးမှု ဓလေ့များ၊ လှပသည့် ရှုခင်းရှိရာနေရာများဖြစ်သည့်အတွက် လာရောက်လေ့လာနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါကြောင်း။
ပြည်ဝင်ခွင့်နှင့် ပတ်သက်ပြီး ရုရှား-မြန်မာသံတမန်နှင့် အထူး/ ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ရက်ပေါင်း ၉၀ ပြည်ဝင် ဗီဇာကင်းလွတ်ခွင့်ရရှိစေမည့် အပြန်အလှန် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင် စတင်အသက်ဝင်ပြီး အလုပ်လုပ်ကိုင်ရန်၊ စာပေလေ့လာသင်ကြားရန်၊ အမြဲတမ်းနေထိုင်ရန် စသည့် ရည်ရွယ်ချက်များမှအပ ခရီးသွားလည်ပတ်သူများအတွက် ရက်ပေါင်း ၃၀ ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့်ရရှိမည် ဖြစ်ပါကြောင်း။
ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးဝန်းကျင်တွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု အားကောင်းနေပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာတွင် ရင်းနှီးမြှုပ်နှံခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းတွင် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အိုင်စီတီနည်းပညာကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး အိုင်စီတီနည်းပညာဆိုင်ရာ အချက်အချာဒေသတစ်ခုဖြစ်သည့် ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းကို မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပြင်ဦးလွင်မြို့အနီးတွင် ဖွင့်လှစ်ထားကြောင်း ပြောကြားလိုပါကြောင်း။
ပြင်ဦးလွင်မြို့သည် သင့်တင့်မျှတသည့် ရာသီဥတု၊ သာယာလှပသည့် ပတ်ဝန်းကျင်များ ရှိသည့်အတွက် အနားယူအပန်းဖြေစရာ တောင်ပေါ်မြို့တော်ဟု ထင်ရှားသည့်အပြင် စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် မနီးမဝေးရှိပြီး ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းများနှင့် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့် နိုင်ငံတကာအဆင့်မီလေဆိပ်လည်း ဖွင့်လှစ်ပြီးဖြစ်သည့်အတွက်ကြောင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း။
ရတနာပုံဆိုက်ဘာစီးတီးတွင် မြန်မာနိုင်ငံ၏ အဓိကအင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ဗဟိုဌာနတစ်ခုကို Yadanarpon Teleport က တည်ဆောက်ထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် စီမံကိန်းဧရိယာသည် ၄,၀၄၇ ဟက်တာခန့် ကျယ်ဝန်းသည့်အတွက်ကြောင့် အိုင်တီလုပ်ငန်းသစ် (Startups)များနှင့် ဆော့ဖ်ဝဲရေးသားသည့် ကုမ္ပဏီများအတွက် ရုံးခန်းများ၊ လုပ်ငန်းစတင် ပျိုးထောင်ရေးဗဟိုဌာနများ၊ ပညာရေးဇုန်ဖြစ်သည့် နည်းပညာတက္ကသိုလ်များနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများ ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း။
နည်းပညာနှင့် ပတ်သက်သည့်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် High-Tech Zone အဖြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေမည့် နည်းပညာနှင့် ဝန်ဆောင်မှုအခြေပြု ထုတ်လုပ်မှုဇုန်ကိုလည်း ထည့်သွင်းသတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် အစိုးရဝန်ဆောင်မှုများအား ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဉာဏ်ရည်တု Al အသုံးချမှုများ၊ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင်ဖော်ဆောင်ရေးတို့တွင် စိတ်ပါဝင်စားသည့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်း ဖိတ်ခေါ်လိုပါကြောင်း။
အဆွေတော်တို့အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရာတွင် စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များသာမက လယ်ယာပေါင်းစည်းဇုန်များ၊ စက်မှုစီမံကိန်းများလည်း ထူထောင်ဆောင်ရွက်နိုင်ပါကြောင်း၊ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး အဆွေတော်တို့ သိရှိကြသည့်အတိုင်း မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်အနေဖြင့် သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်များရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်သည် လက်ရှိတွင် အအောင်မြင်ဆုံးဖြစ်ပြီး ပင်လယ်ရေကြောင်းရှိသည့်အတွက် ပို့ကုန်ဦးစားပေးလုပ်ငန်းများနှင့် ကုန်ထုတ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်သည် အနာဂတ်တွင် မဟာဗျူဟာမြောက်အရေးပါသည့်နေရာ ဖြစ်လာလိမ့်မည်ဖြစ်ပါကြောင်း၊ အဆိုပါစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြရန် ဖိတ်ခေါ်လိုပါကြောင်း။
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးစီမံကိန်းအပြင် LNG Terminal ၊ ရေနံချက်စက်ရုံ၊ ဓာတ်အားပေးစက်ရုံများနှင့် သဘာဝဓာတ်ငွေ့ကိုအခြေခံသည့် အဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းများသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက်စီမံကိန်းများ ဖြစ်ပါကြောင်း၊ အလားတူ မြန်မာနိုင်ငံ၏ အရေးပါသည့် သတ္တုသယံဇာတများနှင့် သဘာဝအရင်းအမြစ်များကို ခေတ်မီတူးဖော်ရေးနည်းပညာများ အသုံးပြုထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ပြုပြင် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပြည်တွင်းလုပ်သားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ မြန်မာ - ရုရှား စီးပွားရေးဖက်စပ်လုပ်ငန်းများ ဖော်ဆောင်ခြင်းအားဖြင့် ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်များကို ဖွံ့ဖြိုးတိုးတက်စေနိုင်သလို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ ထုတ်ကုန်များ ပိုမိုတင်ပို့နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း။
ငွေကြေးစီးဆင်းမှုချောမွေ့စေရေးဆောင်ရွက်မှု
ဘဏ်လုပ်ငန်း၊ ငွေကြေးလဲလှယ်မှုနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် မြန်မာနိုင်ငံ၏ အစိုးရဘဏ် ၇ ခုနှင့် ပုဂ္ဂလိကဘဏ် ၂၅ ခုတို့သည် နိုင်ငံတကာဘဏ်များ၊ အဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပငွေကြေးလဲလှယ်မှုများကို ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှား-မြန်မာနှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုစနစ်များ ပိုမိုလွယ်ကူချောမွေ့စေရန် လုပ်ငန်းရှင်များအကြား တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ရုရှားနိုင်ငံ၏ ငွေပေးချေမှုစနစ်ဖြစ်သည့် Mir Card System ကို မြန်မာနိုင်ငံ၏ Myanmar Payment Union (MPU) ကွန်ရက်နှင့် တိုက်ရိုက် Host-to-Host ချိတ်ဆက် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။ ထို့ကြောင့် ရုရှားခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံအတွင်း Mir Card များ အသုံးပြုပြီး ဘဏ်များ၊ ATM စက်များတွင် ငွေထုတ်ယူခြင်း၊ စတိုးဆိုင်နှင့် ဟိုတယ်တို့တွင် လွယ်ကူစွာငွေပေးချေခြင်းတို့ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုကို လွယ်ကူချောမွေ့စေပြီး စီးပွားရေးလုပ်ငန်းများအတွက် ငွေလွှဲပြောင်းမှုကုန်ကျစရိတ်များ လျှော့ချနိုင်ရန် ကျပ်-ရူဘယ် တိုက်ရိုက်အသုံးပြု ငွေပေးချေမှုများ စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ အဆိုပါ စနစ်သည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းရန် အထောက်အကူပြုစေနိုင်မည် ဖြစ်ပါကြောင်း။
ထို့အတူ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရန်အတွက် မြန်မာ - ရုရှား ကုန်သွယ်ရေးရုံးများ တည်ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအနေဖြင့် ရုရှားနှင့်နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ခြင်းအပြင် ဥရောပ - အာရှ စီးပွားရေးသမဂ္ဂ (EAEU)နှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ထုတ်လုပ်မှုကဏ္ဍများအတွက် ဈေးကွက်အသစ်များ ဖော်ဆောင်နိုင်ခြင်းဖြင့် မြန်မာထုတ်ကုန်များ ယူရေးရှားဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း။
ထို့အပြင် မြန်မာနှင့် ရုရှားနှစ်နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်တွင် အသက်ဝင်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကိုလည်း ၂၀၂၆ ခုနှစ် ဇွန် ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့အတူပင် မြန်မာနိုင်ငံအတွင်း ပြည်တွင်း ထုတ်ကုန်များနှင့် ရင်းနှီးမြှုပ်နှံမှုများကို မူပိုင်ခွင့်ဥပဒေ (၄) ရပ်နှင့် အညီလည်း အကာအကွယ်ပေးနေပြီ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် နည်းပညာလွှဲပြောင်းရယူခြင်း၊ အရည်အသွေးမြင့် အလုပ်အကိုင်များဖန်တီးခြင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းကို အလေးထားပြီး အခြားတစ်ဖက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကိုလည်း မူဝါဒနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား လိုပါကြောင်း။
အောင်မြင်နိုင်မည့်အလားအလာ
မိမိတို့ မြန်မာနိုင်ငံသည် လုပ်သားအင်အား အများအပြားရှိပြီး စိုက်ပျိုးမြေ ဧက ၃၃ သန်းကျော် ရှိပါကြောင်း၊ ထို့အပြင် ကောင်းမွန်သည့် မြေဆီလွှာ၊ မျှတသည့်ရာသီဥတုကိုလည်း ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်သည့်အတွက်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖြစ်ထွန်းသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားခြင်းကြောင့် ရေချို၊ ရေငန် မွေးမြူရေးများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး ဒေသတွင်းနိုင်ငံများနှင့် အိမ်နီးချင်း ဈေးကွက်များကို တင်ပို့ရောင်းချနိုင်ပါကြောင်း။
ထို့အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများလည်းထွက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ စက်မှုနည်းပညာထွန်းကားသည့် နိုင်ငံဖြစ်ပြီး နည်းပညာကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ဓာတ်သတ္တုတူးဖော်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ နည်းပညာဆိုင်ရာ ကဏ္ဍတွင်လည်း ခေတ်နှင့်အညီ တိုးတက်နေသည်ကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှု၊ မဟာဗျူဟာကျသောတည်နေရာနှင့် ရုရှားနိုင်ငံ၏ နည်းပညာ၊ အတွေ့အကြုံတို့ ပေါင်းစပ်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး အပြန်အလှန် အကျိုးပြုသော စီးပွားရေးအောင်မြင်မှုများရရှိနိုင်မည့် အလားအလာကြီးမားကြောင်း မိမိအနေဖြင့် အလေးအနက်ယုံကြည်မိပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံကို ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းတွင် ယုံကြည်စိတ်ချရသော မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား “ယုံကြည်မှုကို အခြေခံတဲ့ မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသော အနာဂတ်” ကို အတူတကွတည်ဆောက်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာကုမ္ပဏီများအား မြန်မာနိုင်ငံကို လာရောက်ပြီး ရင်းနှီးမြှုပ်နှံရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များအဖြစ် လက်တွဲဆောင်ရွက်ကြရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော၊ ခိုင်မာအားကောင်းသော၊ အပြန်အလှန်အကျိုးပြုသော စီးပွားရေးဖွံ့ဖြိုးမှုကို လက်တွဲဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က G.V. Plekhanov စီးပွားရေးတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ဆုတံဆိပ်(Medal of Merit) အားချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား တက္ကသိုလ် Situation Center ၌ တက္ကသိုလ်အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ လူဦးရေနှင့် GDP ဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးရသုံး ငွေစာရင်းအချက်အလက်များ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများစသည်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုများ၊ ဈေးကွက်အနိမ့်အမြင့်များကို သတင်းအချက်အလက် လေ့လာဆန်းစစ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံမှရရှိသည့် အချက်အလက်များကို အခြေခံ၍ မြန်မာနိုင်ငံ၏ လူဦးရေ၊ ပထဝီဝင်အနေအထားနှင့် ဒေသအလိုက်ဝင်ငွေ ထွက်ငွေများကိုခန့်မှန်း တွက်ချက်ဆောင်ရွက်နိုင်မှု၊ တက္ကသိုလ်မှ ထုတ်လုပ်ထားရှိသည့် အနိမ့်ပျံဂြိုဟ်တုများ၏ စက်အစိတ်အပိုင်းများနှင့် ပင်လယ်ရေကြောင်းသွားလာမှုများကို ဒေသအလိုက်တိုက်ရိုက်ကြည်ရှုနိုင်မှုနှင့် သိပ္ပံနှင့်နည်းပညာများဖွံ့ဖြိုးတိုးတက်ရေးနှင့် သင်ကြားရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ IT နည်းပညာနှင့်ပတ်သက်၍ တက္ကသိုလ်များအလိုက် ဖွံ့ဖြိုးတိုးတက်မှုများကိုဆန်းစစ်ခြင်း နည်းပညာများနှင့်ပတ်သက်၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များမေးမြန်ဆွေးနွေးသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် G.V. Plekhanov စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ထံ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ပြန်လည်ထွက်ခွာရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်





No comments:
Post a Comment