Thursday, August 6, 2026

ဘဝအတွေ့အကြုံမှ သင်ခန်းစာယူ၍ ပြောင်းလဲတိုးတက်ခြင်း

 သိန်းထွန်း (IR)

လူ့ဘဝသက်တမ်းရဲ့တစ်ဝက်ကျော် နေထိုင်လာပြီးတဲ့နောက်မှာ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ဘဝခရီးကို ပြန်တွေးမိတယ်။ ကောင်းတာတွေလည်းပါရဲ့၊ မကောင်းတာတွေလည်းပါရဲ့၊ အောင်မြင်တာ ကျရှုံးတာ၊ အနိမ့်အမြင့်၊ အတက်အကျ၊ အကွေ့အကောက်တွေလည်း ပါတာပေါ့။

ဒီလောကဓံတွေက ဘယ်သူမှ ရှောင်လွှဲလို့မရတဲ့ ဘဝရဲ့ပြဋ္ဌာန်းချက်တစ်ခုပဲလေ။ ဘယ်သူမဆို ဒီပြဋ္ဌာန်းချက်တွေကို အနည်းနဲ့အများတော့ ကြုံဖူး၊ ရင်ဆိုင်ဖူး၊ ဖြတ်သန်းဖူးကြမှာပဲ။ ဘဝခရီးလမ်း ဆိုတာက မျဉ်းဖြောင့်တစ်ကြောင်းလို တစ်သမတ်တည်း ဖြောင့်ဖြောင့်တန်းတန်းသွားဖို့ဆိုတာ ခက်ခဲ သား။ အဲဒီထဲမှာ အချို့သော အနိမ့်အမြင့်၊ အတက်အကျလေးတွေက သေးငယ်တော့ ဘဝတစ်ခုလုံးကို မထိခိုက်နိုင်ဘူး၊ အကျိုးဆက်မများဘူး။

အချို့သော အကောင်း၊ အဆိုးတွေကျတော့ ကြီးမားပြီး သူ့ရဲ့အကျိုးဆက်တွေက ကျယ်ပြန့်ပြီး နက်ရှိုင်းတတ်ကြတယ်။ ရိုက်ခတ်မှုဒဏ်တွေက ကြီးမားတတ်ကြတယ်။ ဗုဒ္ဓဘာသာအမြင်နဲ့ကြည့်ရင် ကံ၊ ကံ၏အကျိုးတွေပေါ့။ ဒါပေမဲ့ ကောင်းလည်း ကိုယ့်ကံ၊ မကောင်းလည်း ကိုယ့်ကံလို့ ကံကိုပုံချပြီး ဆူးပုံနင်းလို့တော့ မရဘူးပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဘဝဆိုတာက ကံတစ်ခုတည်းနဲ့ ရပ်တည် တာမှမဟုတ်တာ။ ဉာဏ်နဲ့ ဝီရိယဆိုတာလည်း ရှိသေးတာကိုး။

ဒီတော့ ဖြတ်သန်းခဲ့ရတဲ့ အကောင်း၊ အဆိုး၊ အကွေ့အကောက်၊ အနိမ့်အမြင့်တွေကို ကိုယ့်ရဲ့ အနာဂတ်ခရီးမှာ ဘယ်လိုအသုံးချနိုင်မလဲဆိုတာက ဘဝကိုပြုပြင်ပြောင်းလဲရာမှာ အရေးပါလာပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့အနာဂတ်ကို ကြိုမမြင်နိုင်ပေမယ့် အတိတ်ကိုတော့ ပြန်ကြည့်လို့ရပါတယ်။ အဲဒါက ကိုယ့်ဘဝရဲ့ ကောက်ကြောင်းတွေပဲ မဟုတ်လား။ ကိုယ့်ဘဝကောက်ကြောင်းတွေကို ကြည့်လိုက်ရင် အမှန်တွေ၊ အမှားတွေ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာ၊ မမေ့နိုင်စရာ၊ မေ့ပစ်ရမယ့်အရာ တွေကို တွေ့နိုင်တယ်။ ဘဝခရီးအတွေ့အကြုံတွေက အတိတ်မှာ ပြီးခဲ့တဲ့အရာတွေဆိုပေမယ့် အဲဒါတွေကပဲ အနာဂတ်ကို လမ်းညွှန်ပြောင်းလဲပေးနိုင်တဲ့ အကောင်းဆုံးသင်ခန်းစာတွေ ဖြစ်နေပါတယ်။

အမှားတစ်ခုကို ထပ်ခါတလဲလဲ ကျူးလွန်နေတော့မှာ

အတွေ့အကြုံကနေ သင်ခန်းစာယူတယ်ဆိုတာက ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝခရီးကနေ ရလာတဲ့ အတွေ့အကြုံတွေကို လေ့လာသင်ယူပြီး ပြုပြင်ပြောင်းလဲရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါက လူတစ်ယောက်အတွက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေမှာ ပဲဖြစ်ဖြစ် အရေးပါတဲ့အခြေခံလုပ်ငန်းစဉ်တစ်ခုပါ။ အဲဒီလိုမှ သင်ခန်းစာမယူမိရင်၊ မယူတတ်ရင် ဒါမှ မဟုတ်ရင် ယူရကောင်းမှန်းမသိခဲ့ရင် အမှားတစ်ခု ကို ထပ်ခါတလဲလဲ ကျူးလွန်နေတော့မှာပေါ့။

ဥပမာ ကိုယ်က ဒေါသကြီးတဲ့သူတစ်ယောက် ဖြစ်တယ်ဆိုပါစို့။ အခြားသူတွေနဲ့ ခိုက်ရန်ဖြစ်တယ်၊ ရန်ဖြစ်လို့ ထိခိုက်ဒဏ်ရာရတယ်ပဲထားပါဦး။ ခိုက်ရန်ဖြစ်လို့ ထိခိုက်ဒဏ်ရာရတယ်ဆိုတာက မပြောပလောက်တဲ့ပြဿနာလို့ဆိုနိုင်ပေမယ့် ခိုက်ရန်ဖြစ်ပွားပြီး အသက်အန္တရာယ်ထိခိုက်သွားရင် ကြီးကျယ်တဲ့ပြဿနာဖြစ်သွားပြီ။ သင်ခန်းစာယူတတ်တဲ့သူက နောက်တစ်ခါ ဒီလိုမဖြစ်ရအောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မယ်၊ ဒေါသကိုထိန်းချုပ်မယ်၊ သင်ခန်းစာယူပြင်လိုက်မယ်ဆိုရင် အလားတူ ရန်ဖြစ်တာမျိုး မရှိတော့ဘူးပေါ့။ အရင်ကလို အမှားမျိုးထပ်မဖြစ်အောင် ရှောင်နိုင်သွားတယ်။

ဒါက ဖြစ်တတ်တဲ့နမူနာလေးပါ။ အမှားဆိုတာက လူတိုင်းနဲ့မကင်းကြပါဘူး။ ဒါပေမဲ့ အတွေ့ အကြုံကို မဆင်ခြင်၊ သင်ခန်းစာမယူတဲ့သူအတွက် ကတော့ မှားပြီးရင်းမှား၊ အမှားတစ်ခုကို ထပ်ကာ တလဲလဲ ကျူးလွန်နေတတ်ကြတယ်။ လူဆိုတာက သေးသေးမွှားမွှားကိစ္စလေးတွေကစလို့ ဘဝအတွက် အရေးပါတဲ့ဆုံးဖြတ်ချက်တွေ၊ အရေးပါတဲ့လုပ်ဆောင်မှုတွေမှာလည်း မှားတာ၊ လွဲတာတွေရှိကြတယ်။

မှန်မှန်ကန်ကန် သင်ခန်းစာယူ

ကိုယ်တစ်ယောက်တည်းနဲ့ဆိုင်တဲ့ အလုပ်အကိုင်၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ နေ့စဉ် သွားလာလုပ်ကိုင်တဲ့အခါ ဆုံးဖြတ်ချက်မှားတာ၊ အပြောအဆို၊ အပြုအမူမှားတာ ဖြစ်တတ်ကြတယ် မဟုတ်လား။ လူဆိုတာ အမှားနဲ့မကင်းနိုင်ကြတာ။ အားလုံးပြီးပြည့်စုံပြီး အလုံးစုံမှန်ကန်နေဖို့ဆိုတာ အတော်အခက်သားပဲ။ ဒီတော့ အမှားတွေ တတ်နိုင်သမျှ နည်းဖို့၊ ကင်းဖို့နဲ့ အရင်ကမှားဖူးတဲ့အမှား မျိုးထပ်မဖြစ်ဖို့ဆိုရင် ကိုယ်ရဲ့အတိတ်က အတွေ့အကြုံတွေ မှန်မှန်ကန်ကန် သင်ခန်းစာယူကြရမှာပါ။

သင်ခန်းစာယူတဲ့အခါ ကိုယ့်ရဲ့အတွေ့အကြုံတွေကနေ ယူရတာရှိသလို အခြားသူတွေရဲ့အတွေ့ အကြုံတွေကနေ သင်ခန်းစာယူရတာတွေလည်း ရှိပါတယ်။ မီး ပူ/မပူ သိရအောင် ကိုယ်ကိုယ်တိုင် ကိုင်ကြည့်ရင် မီးပူလောင်မှာပေါ့။ ဒါကြောင့် အမေရိကန် ဘေ့စ်ဘောသမား ဗာနွန်ဆန်ဒါစ်လော က “အတွေ့အကြုံဆိုတာ ကြမ်းတမ်းတဲ့ဆရာတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ သူက စမ်းသပ်မှုအရင်လုပ်ပြီးမှ အတွေ့အကြုံဆိုတာ နောက်မှရလို့ပါ” တဲ့။ အဲဒီလိုအတွေ့အကြုံရဖို့ အတွက် မီးကို ကိုယ်တိုင်စမ်းကြည့်တာထက် အခြားသူတွေရဲ့အတွေ့အကြုံကို သင်ခန်းစာ ယူလိုက်ရင် ပိုပြီးမကောင်းပေဘူးလား။

အတွေ့အကြုံကို သင်ခန်းစာယူတာက ကိုယ်လိုသူလို တစ်ယောက်ချင်းအတွက် မပြောနဲ့၊ ကမ္ဘာ့အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်တို့မှာ အတွေ့အကြုံကနေ သင်ခန်းစာ ယူဖို့ သီးသန့်အဖွဲ့တွေထားပြီး ပြင်ဆင်ကြတယ်။ Lessons Learned System အကောင်းဆုံးဖြစ်တဲ့ နာဆာအဖွဲ့ကြီးမှာဆို Lessons Learned Information System (LLIS) စနစ် တည်ဆောက်ပြီး လုပ်ကိုင်ပါတယ်။ NATO မှာဆိုရင် Joint Analysis and Lessons Learned Centre (JALLC) အဖွဲ့ ရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် Lessons Learned အမြဲလုပ်ကြတယ်။ Lessons Learned လုပ်တဲ့အတွက် အမှားတွေလျှော့ချနိုင်ပြီး တိုးတက်အောင်လုပ်နိုင်တယ်။ Lessons Learned မလုပ်ဘူးဆိုရင် ငယ်ငယ်က မိဘတွေပြောသလို မမှတ်သေးဘူးလားလို့မေးရမယ်။ သိပ္ပံပညာမှာဆို စမ်းသပ်မှုတွေလုပ်ကြတယ်။

အဲဒီစမ်းသပ်မှုတွေကနေရလာတဲ့ အမှား/ အမှန်တွေကို ပြန်ပြင်ကြတယ်။ အဲဒီလိုပြင်ဆင်ကြ ရင်း တိုးတက်မှုတွေရလာကြတယ်။ လူ့သမိုင်းတစ်လျှောက်မှာ လူသားတွေဟာ “ဥုံဖွ” ဆိုပြီး နတ်ရေကန်ထဲချလိုက်သလို ချက်ချင်းတိုးတက်လာတာ မဟုတ်ပါဘူး။ ရှာဖွေမှုအသစ်တွေ၊ တီထွင် ဖန်တီးတာတွေလုပ်ကြသလို အတိတ်က သင်ခန်းစာတွေ၊ စမ်းသပ်မှုတွေလုပ်ပြီး သင်ယူပြင်ဆင်ရင်း ဆင့်ကဲပြောင်းလဲတိုးတက်လာကြတာပါ။ ကျောက်ခေတ်လူသားတွေအဆင့်ကနေ ပညာခေတ်ရောက်လာတာဟာ စူးစမ်းရှာဖွေမှု၊ တီထွင်ဖန်တီးမှုနဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူပြီး ဆင့်ကဲပြောင်းလဲတိုးတက်လာလို့ပဲဖြစ်ပါတယ်။

အချိန်မီ သင်ခန်းစာယူပြင်နိုင်ခဲ့ရင်

ကျွန်တော်တို့ ဘဝတွေဆိုတာကလည်း ဒီလိုပါပဲ။ အသက်ကြီးလာလို့ ပင်ပင်ပန်းပန်းလုပ်ကိုင် ရှာဖွေရတဲ့အခါ ဪ… ငယ်ငယ်ကသာ စာကြိုးစားခဲ့ရင် အခုလို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လုပ်ကိုင် နေထိုင်ရမှာမဟုတ်ဘူးလို့ တွေးမိတတ်ကြပါတယ်။ ဒီလိုအသိကို စောစောစီးစီးသိခဲ့ရင်၊ အချိန်မီသင်ခန်းစာယူပြင်နိုင်ခဲ့ရင် ဘဝကို တစ်နည်းတစ်ဖုံ ပြောင်းလဲနိုင်မှာပါ။ အခုဆိုလည်း တက္ကသိုလ်ဝင်စာမေးပွဲမှာ ကိုယ်ရည်မှန်းထားတဲ့အမှတ်မရလို့၊ ကိုယ်ရည်မှန်းတဲ့တက္ကသိုလ်မမီလို့ ခံစားနေရတဲ့ ကျောင်းသားလေးတွေ တွေ့ရပါတယ်။

ကျောင်းသားတစ်ယောက်အတွက် ကြီးမားတဲ့ဘဝအတွေ့အကြုံတစ်ခုပါပဲ။ အခုအတွေ့အကြုံကို သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်နိုင်မယ်ဆိုရင် ရှေ့ဆက်ရမယ့်ပညာရေးခရီးတွေမှာ အခုလို ခါးသီးတဲ့ရလဒ်တွေအစား ပိုမိုမြင့်မားတဲ့ ပညာရေးခရီးကို လျှောက်လှမ်းနိုင်မှာပါ။ အခုရရှိလိုက်တဲ့ အတွေ့အကြုံကို သင်ခန်းစာမယူနိုင်ဘူး၊ ကိုယ့် ကိုယ်ကိုယ် မပြင်နိုင်ဘူးဆိုရင်တော့ ဒီလိုခါးသီးတဲ့ ရလဒ်တွေနဲ့ ကြုံတွေ့နေရဦးမှာပါ။ မြန်မာစကားမှာ “လူမိုက် နောင်တ နောင်မှရ” ဆိုတာလို ဘဝရဲ့ မီးစာကုန်ဆီခန်းတဲ့အချိန်ရောက်မှ နောင်တရမယ်ဆိုရင် အရာရာဟာ နောက်ကျသွားပြီး နောက်ကြောင်းပြန်လှည့်လို့မရတော့ပါဘူး၊ ဒီဘဝ ဒီမျှနဲ့ အဆုံးသတ်သွားပါလိမ့်မယ်။ ဒီလိုဖြစ်နေတာကို ကံကြောင့်လို့ပုံချ၊ ဆင်ခြေဆင်လက်တွေပေးနေ တာထက် ဘာကြောင့် ဒီလိုဖြစ်ရသလဲ၊ ဘာတွေမှားနေသလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ သင်ခန်း စာယူတဲ့လုပ်ငန်းစဉ်ကသာ ကိုယ့်ဘဝအတွက် ပိုအကျိုးရှိနိုင်ပါလိမ့်မယ်။

အဖိုးတန်သင်ခန်းစာအဖြစ် မျှဝေအသုံးပြုနိုင်

စီးပွားရေးကုမ္ပဏီတွေမှာဆို အတွေ့အကြုံကနေ သင်ခန်းစာယူပြီး တိုးတက်အောင်လုပ်ကြ ပါတယ်။ လုပ်ငန်းစီမံခန့်ခွဲမှုစနစ်မှာ lesson learned လုပ်ငန်းစဉ်တွေရှိပါတယ်။ လုပ်ငန်းလုပ်နေစဉ် အတွင်းမှာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်တာ၊ ပြောင်းလဲတာတွေရှိသလို လုပ်ငန်းစဉ်တစ်ခုလုံး ပြီးတဲ့နောက် ပြန်လည်သုံးသပ်ဖော်ထုတ်တာတွေ ရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ လုပ်ငန်းတစ်ခုလုံး တိုးတက်နေဖို့အတွက် အရေးပါပါတယ်။ အတွေ့အကြုံကနေ သင်ခန်းစာယူခြင်းအားဖြင့် အမှား တစ်ခုကို ထပ်ကာထပ်ကာဖြစ်ပြီး အမှားသံသရာမဖြစ်စေသလို အခြားသူတွေအတွက်လည်း အဖိုးတန်သင်ခန်းစာအဖြစ် မျှဝေအသုံးပြုနိုင်ပါတယ်။

အတွေ့အကြုံကနေ သင်ခန်းစာယူတာဟာ အမှားပြင်ဆင်ဖို့တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဥပမာအားဖြင့် တွေ့ကြုံခဲ့ရတဲ့အမှားတွေကို ထပ်ပြီးမဖြစ်ဖို့၊ အမှန်တွေကိုရှာဖွေဖို့၊ ရေရှည်တိုးတက်ဖို့နဲ့ မျှဝေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ မှန်ကန်တဲ့အတွေ့အကြုံဆိုရင်လည်း ဒီထက်ပိုကောင်းဖို့၊ ပိုပြီးတိုးတက်ဖို့ ရည်ရွယ်ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ အတိတ်ကအတွေ့အကြုံတွေကို သင်ခန်းစာမယူနိုင်တဲ့အတွက် အခြား သူတွေနဲ့ယှဉ်ရင် တိုးတက်မှုအားနည်းကြပါတယ်။ အမှားသံသရာထဲက ရုန်းမထွက်နိုင်ဘဲ ဒီအမှားတွေကိုပဲ ထပ်ကာထပ်ကာမှားနေကြတာဟာ အတွေ့အကြုံကနေ သင်ခန်းစာယူမပြင်နိုင်တာကြောင့် လည်း ပါပါတယ်။ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ကို သင်ခန်းစာယူပြီး ကမ္ဘာကျော်အောင်မြင်လာတဲ့သူတွေထဲမှာ အော်ပရာဝင်းဖရေး ပါပါတယ်။ အော်ပရာဝင်းဖရေးဟာ ခက်ခဲတဲ့ဘဝကနေလာခဲ့တဲ့သူတစ်ယောက်ပါ။ သူဟာ သတင်းကြေညာသူ အဖြစ် အလုပ်လုပ်တဲ့အခါ ရုပ်မြင်သံကြားလုပ်ငန်းမှာ မသင့်တော်သူလို့ သတ်မှတ်ခံရပြီး အလုပ် ထုတ်ခံခဲ့ရပါတယ်။ အော်ပရာဝင်းဖရေးဟာ ဒါကို စိတ်ဓာတ်ကျမသွားပါဘူး။ အဲဒီအတွေ့အကြုံကနေ သင်ခန်းစာယူပြီး သူ့ရဲ့အားသာချက်ဖြစ်တဲ့ စကားပြောစွမ်းရည်ကို အကောင်းဆုံး အသုံးချခဲ့တဲ့အတွက် ကမ္ဘာကျော်အဖြစ် အောင်မြင်ခဲ့ပါတယ်။

အော်ပရာဝင်းဖရေးလိုပါပဲ။ လူတိုင်းမှာ ဖြတ်သန်းခဲ့တဲ့ဘဝတစ်လျှောက် သင်ခန်းစာယူစရာ အတွေ့အကြုံတွေရှိကြပါတယ်။ ကိုယ်ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံကနေဖြစ်စေ၊ အခြားသူတွေရဲ့ အတွေ့အကြုံကနေဖြစ်စေ သင်ခန်းစာယူပြင်ဆင်နိုင်တဲ့သူတွေဟာ တိုးတက်အောင်မြင်လာကြပြီး အမှားကိုမပြင်နိုင်ဘဲ အဲဒီအမှားတွေကိုပဲ ထပ်ထပ်ကာကာ ပြုလုပ်နေတဲ့သူတွေကတော့ အောင်မြင်ရဖို့ထက် ကျရှုံးခြင်းနဲ့သာ ရင်ဆိုင်နေကြရပါတယ်။

ဒါဆိုရင် အချို့ကတော့ ဘဝအတွေ့အကြုံတွေကနေ သင်ခန်းစာယူ၊ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲ တိုးတက်နိုင်ကြပြီး အချို့ကတော့ အတွေ့အကြုံတွေကို ဘာကြောင့် သင်ခန်းစာမယူနိုင်ကြတာလဲ။

အတွေ့အကြုံကနေ သင်ခန်းစာယူ မပြုပြင်၊ မပြောင်းလဲနိုင်တဲ့သူနဲ့ ပြုပြင်ပြောင်းလဲနိုင်သူတွေမှာ ကွာခြားချက်တွေရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ကွာခြားချက်ကတော့ တစ်ထပ်တည်း မတူညီကြပါဘူး။ ယေဘုယျဖြစ်တတ်တဲ့ အခြေခံအကြောင်းတွေရှိပါတယ်။ အဲဒါတွေထဲမှာ အဖြစ် တတ်ဆုံးက အတွေ့အကြုံကနေ သင်ခန်းစာယူရကောင်းမှန်းမသိတာပါ။ သဘောက ကိုယ့်ကိုယ် ကိုယ် ဆင်ခြင်သုံးသပ်မှု အားနည်းတာ၊ အမှား အမှန် မခွဲခြားနိုင်တာ ဒါမှမဟုတ် ဆင်ခြင်သုံးသပ်မှု မရှိတာပါ။ ဘဝကို ပေပေတေတေနဲ့ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ဆိုတာလို ဘဝကို ရေစုန်မျှောပြီးနေတဲ့ သူတွေမှာ ဖြစ်လေ့ရှိကြပါတယ်။ သူတို့ကတော့ အမှားတွေကို ထပ်ကာထပ်ကာ မှားနေတတ်ကြပါတယ်။

ကိုယ်ယူတတ်မှ အကျိုးဖြစ်မှာပါ

အချို့ကတော့ ကိုယ့်ရဲ့အမှားကို လက်မခံတဲ့သူတွေနဲ့ ကိုယ်မှားလို့ မှားမှန်းမသိတဲ့သူတွေဟာ သင်ခန်းစာယူမပြင်နိုင်ပါဘူး။ အတွေ့အကြုံဟာ အကောင်းဆုံးဆရာလို့ဆိုပေမယ့် ကိုယ်ယူတတ်မှ အကျိုးဖြစ်မှာပါ။ ကိုယ့်ရဲ့အမှားကို လက်မခံနိုင်တဲ့ သူတွေဟာ အများအားဖြင့် အတ္တကြီးခြင်း၊ မာနကြီး ခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခြင်းတွေကြောင့် ကိုယ့်ရဲ့အမှားကို လက်မခံတတ်ကြပါဘူး။

တကယ်လို့ မှားခဲ့ရင်တောင် အဲဒီအမှားကို လက်ခံလိုက်ရင် သူ့ရဲ့ဂုဏ်သိက္ခာနဲ့ မာနကို ထိခိုက် မှာစိုးရိမ်ကြတယ်၊ အခြားသူတွေရဲ့ အထင်သေးမှာ ကို ကြောက်ရွံ့ကြတယ်၊ ဒါကြောင့် သူ့ရဲ့အမှားကို ရိုးသားစွာလက်ခံရမယ့်အစား အခြားသူတွေအပေါ် အပြစ်ပုံချတတ်ကြပါတယ်။ ဒါကြောင့် အမှားဖြစ်ရ တဲ့အကြောင်းရင်းအမှန်ကို မရှာဖွေနိုင်တော့ဘဲ သင်ခန်းစာယူ ပြုပြင်ပြောင်းလဲဖို့ ခက်ခဲစေပါတယ်။ အမှားကို လက်မခံခြင်းဟာ အမှားကို ထပ်ကာ ထပ်ကာ ကျူးလွန်စေဖို့ လမ်းစပါပဲ။

ဥပမာအားဖြင့် စာမေးပွဲမအောင်တာဟာ ကိုယ်စာမကြိုးစားလို့ မအောင်တာမဟုတ်ဘဲ ကံမကောင်းလို့၊ ဆရာတွေမကောင်းလို့စတဲ့ ဆင်ခြေတွေ၊ အကြောင်းပြချက်တွေနဲ့ ဖုံးကွယ်၊ ရှောင်လွှဲ တတ်ကြပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် သင်ခန်းစာယူပြောင်းလဲဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် အမှားနဲ့ အမှန် ခွဲခြားမစဉ်းစားနိုင်ရင်လည်း ဘဝအတွေ့အကြုံကနေ သင်ခန်းစာယူဖို့ခက်ပါတယ်။ အမှား/အမှန် ခွဲခြားဖို့အတွက် မိမိရဲ့စိတ်၊ အတွေး၊ အကြံ၊ အပြော၊ အပြုအမူနဲ့ လုပ်ရပ်တွေကို မှန်မှန် ကန်ကန်ဆင်ခြင်သုံးသပ်မယ်ဆိုရင် အမှား/ အမှန် တွေကိုမြင်နိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ မိမိလိုရာ ကိုသာ အမှန်ပဲလို့ ဘက်လိုက်ဆုံးဖြတ်နေရင် မှန်ကန်တဲ့ ဘဝသင်ခန်းစာ မဖြစ်နိုင်တော့ပါဘူး။

အမှားကို သင်ခန်းစာယူ မပြောင်းလဲနိုင်သူ တွေထဲမှာ မာနကြီးလွန်းတဲ့သူတွေနဲ့ ကိုယ့်ကိုယ် ကိုယ် အထင်ကြီးလွန်းသူတွေပါပါတယ်။ သူတို့ဟာ ကိုယ်လုပ်သမျှ မှန်တယ်လို့ခံယူထားကြတဲ့အတွက် အမှားကနေ သင်ခန်းစာယူဖို့ ဝန်လေးတတ်ကြပါတယ်။ အဲဒီလူတွေက လုပ်ငန်းခွင်ထဲမှာဆို အောင်မြင်လာရင် ငါ့ကြောင့်၊ ဆုံးရှုံးသွားရင် မင်းတို့ကြောင့်လို့ အမှားကို ရှောင်လွှဲတတ်ကြပါတယ်။ မာနကြီးလွန်းတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့သူတွေ ဟာ အခြားသူတွေရဲ့ အကြံပေးတာ၊ ထောက်ပြ ဝေဖန်တာတွေကို လက်ခံလေ့မရှိကြပါဘူး။ ဒါဟာ lessons learned လုပ်ဖို့ခက်ခဲပြီး lessons learned လုပ်ရင်လည်း ဖြစ်စဉ်အမှန်တွေ ဖော်ထုတ်ဖို့ခက်ခဲ ပါတယ်။

သူတို့လိုပဲ စိတ်ခံစားချက်များတဲ့သူတွေဟာ အကျိုးအကြောင်းအပေါ် အခြေခံစဉ်းစားဖို့ထက် ခံစားချက်ကို ပိုဦးစားပေးကြတဲ့အတွက် အတွေ့ အကြုံကနေ သင်ခန်းစာယူဖို့ခက်ပါတယ်။ ဒါကြောင့် ဘဝအတွေ့အကြုံတွေဟာ သူတို့အတွက် အထောက်အကူမဖြစ်စေပါဘူး။ လူတိုင်းမှာ ဘဝအတွေ့အကြုံ တွေရှိကြပေမယ့် လူတိုင်းက ဘဝအတွေ့အကြုံတွေကို အသုံးမချနိုင်ကြပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် အတွေ့အကြုံချင်း တူညီရင်တောင် အကျိုးရှိတာခြင်း မတူညီကြပါဘူး။

ကိုယ့်ရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ပံ့ပိုးပေးနိုင်တဲ့သင်ခန်းစာတွေဖြစ်

ဘဝအတွေ့အကြုံတွေဟာ အတိတ်ကဖြစ်ရပ်တွေ၊ အကျိုးနဲ့ ရလဒ်တွေဖြစ်လို့ ပြုပြင်ပြောင်းလဲလို့ မရတော့ပါဘူး။ ဒါပေမဲ့ ဒီအတွေ့အကြုံတွေကို အသုံးချနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ် အတွက် ပံ့ပိုးပေးနိုင်တဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။

ကိုယ်ကိုယ်တိုင်ရဲ့ ပြန်လည်စဉ်းစားသုံးသပ်မှု၊ သင်ခန်းစာယူမှု၊ သင်ယူလိုစိတ်၊ တိုးတက်လိုတဲ့စိတ် နဲ့ ပြောင်းလဲနိုင်မှုအပေါ်မှာ မူတည်ကြပါတယ်။ တိုးတက်လိုတဲ့စိတ်ရှိမယ်ဆိုရင် ကိုယ့်ပိုင်ဘဝ အတွေ့အကြုံတွေကနေ လေ့လာသင်ခန်းစာယူရုံတင်မကဘဲ အခြားသူတွေရဲ့အတွေ့အကြုံတွေကို လည်း သင်ခန်းစာယူနိုင်ပါတယ်။

ကိုယ့်ရဲ့အတွေ့အကြုံနဲ့ လေ့လာသင်ယူစရာတွေဟာ စာသင်ခန်းထဲမှာ ရှိနေတာမဟုတ်ပါဘူး။ မိမိကိုယ်တိုင်ဆီမှာ ရှိနေတာပါ။ ကိုယ့်ရဲ့အတွေ့အကြုံ၊ အခြားသူတွေရဲ့အတွေ့အကြုံတွေကို သင်ခန်းစာယူ၊ ပြုပြင်ပြောင်းလဲပြီး အသုံးချမယ်ဆိုရင် အပြုသဘောရလဒ်တွေ ရလာပါလိမ့်မယ်။ အခြားတစ်ဖက်ကကြည့်ရင် ဘဝအတွေ့အကြုံတွေကို အသုံးမချနိုင်ဘူးဆိုရင် အမှားသံသရာလည်ပြီး တိုးတက်ဖို့ခက်ခဲနိုင်ပါတယ်။

အထူးသဖြင့် ကိုယ်တစ်ယောက်တည်းအတွက် မှားတဲ့အမှားနဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းကြီးတွေလို အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာ မှားတဲ့အမှားက ပိုပြီးထိခိုက်ဆုံးရှုံးမှုတွေ၊ ရေတိုရေရှည်အကျိုး သက်ရောက်မှုတွေများပါတယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်ချင်းရဲ့ အရေးကိစ္စတွေမှာဖြစ်ဖြစ်၊ အများနဲ့ဆိုင်တဲ့ လုပ်ငန်းနယ်ပယ်တွေမှာဖြစ်ဖြစ် အမှား/အမှန် အတွေ့အကြုံတွေကို လေ့လာသင်ယူ ရမယ့် သင်ခန်းစာတစ်ခုအဖြစ် အသုံးချပြီး ပြောင်းလဲပြုပြင်ခြင်းဖြင့် အမှားနည်းလာပြီး တိုးတက်မှု၊ အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်။ ။

No comments:

Post a Comment