သိင်္ဃသူ
(ယမန်နေ့က အဆက်)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ သြဂုတ် ၁၇ ရက်မှ သြဂုတ် ၂၃ ရက်အထိ တစ်ပတ်တာ ခရီးစဉ်ကို မိမိတို့ နိုင်ငံသူနိုင်ငံသားအားလုံး တွေ့မြင်ကြားသိခဲ့ကြရပြီးဖြစ်သည်။ စတင်ထွက်ခွာ ခဲ့သည်မှ အိန္ဒိယနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့ကို ဖြတ်သန်း၍ ဥရောပအရှေ့ပိုင်းရှိ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏ မြို့တော်မော်စကို၊ ယင်းမှသည် ဘယ်လာရုစ်သမ္မတနိုင်ငံ၏ မြို့တော်မင့်စ်နှင့် ထိုမှတစ်ဖန် အာရှတိုက်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗား ပြည်နယ်၏မြို့တော် ကီဇီးလ်၊ ထိုမှသည် နိုင်ငံတော်သို့ အပြန်ခရီး။
ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် တာထွက်ကာလတွင် အရှိန်အဟုန် မြှင့်တင်နေခြင်းဟူ၍ ရှုမြင်မိသည်။ နိုင်ငံတော် သမ္မတအနေဖြင့် အစိုးရသစ်၏ ကနဦးကာလ လအနည်းငယ်အတွင်းမှာပင် အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ယခုရုရှားဖက်ဒရေးရှင်းနှင့် ဘယ်လာရုစ်ဟူ၍ စုစုပေါင်းခြောက်နိုင်ငံသို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ပြီးပြီဖြစ်သည်။ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်များ နှင့်ပတ်သက်၍ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြန်လည်လေ့လာကြည့်ရန် လိုသည်။
“မိမိတို့နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် တိုက်ရိုက်ပေါက်ရောက်ပြီး ပင်လယ်ကမ်းရိုးတန်း ၂၁၃၈ ကီလိုမီတာရှိသလို ဒေသတွင်း အာဆီယံနိုင်ငံများတွင်လည်း ကုန်းမြေဧရိယာ အများဆုံးပိုင်ဆိုင် သည့် နိုင်ငံတစ်ခုလည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပထဝီဝင်အနေအထားအရ အာရှတိုက်၏ အင်အားကြီးနိုင်ငံများအကြား ဗဟိုချက်မတွင် တည်ရှိနေသည့်အတွက် ဒေသတွင်း ကုန်သွယ်မှု တံတားအဖြစ်ဖော်ဆောင်ရေးသည် မိမိတို့အစိုးရအဖွဲ့၏ အရေးကြီးသည့် မဟာဗျူဟာမြောက် ရည်မှန်းချက်တစ်ခု ဖြစ်ပါကြောင်း။
“ထို့ကြောင့် မိမိတို့အနေဖြင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်လမ်းမကြီး စီမံ ကိန်းကို အထူးအလေးထားဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရတာဝန်ယူထားရသည့် ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးမှုရှိရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” (BRI)၏ အဓိကစီမံကိန်း တစ်ခုဖြစ်သည့် မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းသည် မိမိတို့နိုင်ငံ၏ မြောက်ဘက်စီးပွား ရေးတံခါးပေါက်ကို ဖွင့်လှစ်ပေးမည့် အသက်သွေးကြောလည်း ဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုများစွာ အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း” ဟူ၍ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတပြောကြားခဲ့သည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပါအချက်အလက်များအရ အစိုးရ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှု စတင်လိုက်ခြင်းလည်းဖြစ်သည်။
ကမ္ဘာပေါ်တွင် စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံများအဖြစ် တက်လှမ်းလာနေသည့် တရုတ်နှင့် အိန္ဒိယ၊ လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော် ကိုယ်စီ ရှိကြသော ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီးများ ဖြစ်ကြသည့် တရုတ်နှင့်အိန္ဒိယ၊ နိုင်ငံတကာရေးရာ တို့တွင် အရေးပါသောနေရာတွင် ရှိနေသည့် တရုတ်နှင့် အိန္ဒိယ၊ ထိုနိုင်ငံကြီး နှစ်နိုင်ငံက မိမိတို့ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အတူတကွချမှတ်ခဲ့ပြီး ချစ်ကြည်ရင်းနှီးသည့် နိုင်ငံကြီးများ ဖြစ်သကဲ့သို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများလည်းရှိနေသည်။ သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ၏ ပထမဆုံးခရီးစဉ်များသည် အဆိုပါနိုင်ငံကြီး နှစ်နိုင်ငံဖြစ်ခဲ့ပြီး ဆက်လက်၍ အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနှစ်နိုင်ငံဖြစ်ရာ အားလုံးအကျိုးတူ စီးပွားဖက်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည်။
“ဒီနေ့ (သြဂုတ် ၂၃ ရက်) ဆိုရင် နိုင်ငံတော်အစိုးရ သစ်တက်လာတာ ၁၃၆ ရက် ရှိပါပြီ၊ ဒီနေ့မပါဆိုရင် ၁၃၅ ရက်အတွင်းမှာ နိုင်ငံတော်သမ္မတကြီးက နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်လို့ နိုင်ငံပေါင်းခြောက်နိုင်ငံကို သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။ သမ္မတကြီးက ခြောက်နိုင်ငံမှာအားလုံး မိုင်ပေါင်း ၂၀၀၀၀ နီးပါး ခရီးသွားခဲ့ပါတယ်။ ဒီခရီးစဉ်တွေအတွင်း တရုတ်၊ အိန္ဒိယနဲ့ ရုရှားစတဲ့ ကမ္ဘာ့နိုင်ငံကြီး သုံးနိုင်ငံအပါအဝင် ခြောက်နိုင်ငံလုံးက Head of State ၊ Head of Government ၊ လွှတ်တော်၊ Regional Level ၊ Ministerial Level ခေါင်းဆောင် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်တွေက နေ အပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက် နိုင်ခဲ့ပါတယ်။ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်” ဟူ၍ နိုင်ငံတော်သမ္မတ၏ နိုင်ငံတကာဆက်ဆံရေးနှင့် စပ်လျဉ်း၍ မီဒီယာ၏မေးမြန်းမှုကို နိုင်ငံတော်သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
၂၀၂၆ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်တို့ ရှေ့မှောက်၌ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်စုစု ပေါင်း ၁၂ ခုကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြရာ-
(၁) တစ်ဖက်သတ် အကျပ်ကိုင်ဆောင်ရွက် မှုများ (ပိတ်ဆို့အရေးယူမှုများ) ၏ ဆိုးရွားသော သက်ရောက်မှုများကို ပူးပေါင်းတုံ့ပြန်ဖြေရှင်းရန်နှင့် ဆန့်ကျင်ရန် နည်းလမ်းများဆိုင်ရာ ပူးတွဲကြေညာချက်၊
(၂) ယှဉ်ပြိုင်မှု အဖွဲ့အစည်းများအကြား
အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊
(၃) လျှပ်စစ်စွမ်းအင်ကဏ္ဍ
ပူးပေါင်းဆောင် ရွက်ရေး နားလည်မှုစာချွန်လွှာ၊
(၄) ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ
ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊
(၅) ရေဒီယိုအီလက်ထရောနစ်နှင့်
ဒီဂျစ်တယ်နည်းပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊
(၆) သတင်းအချက်အလက်နှင့်
ဆက်သွယ်ရေးနည်းပညာ(ICT) ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊
(၇) ဂြိုဟ်တုလမ်းညွှန်စနစ်များ
(Satellite Navigation System) ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊
(၈) လူသားပါဝင်သော အာကာသပျံသန်းမှုလုပ်ငန်းစဉ်များ
(Manned Spaceflight)
ပူးပေါင်းဆောင်ရွက်ရေး
နားလည်မှုစာချွန်လွှာ၊
(၉) ဂြိုဟ်တုအခြေပြုရှာဖွေရေးနှင့်
ကာကွယ်ရေးစနစ်(COSPAS-SARSAT) ပူးပေါင်း
ဆောင်ရွက်ရေး
နားလည်မှုစာချွန်လွှာ၊
(၁ဝ) ကမ္ဘာ့အနီးပတ်ဝန်းကျင်
အာကာသအတွင်း အန္တရာယ်ရှိသော အခြေအနေများကို အလိုအလျောက် ကြိုတင်သတိ ပေးစနစ်
(ASPOS)ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊
(၁၁) မြန်မာနိုင်ငံ အာကာသအေဂျင်စီ
(Myanmar Space Agency) နှင့် ရုရှားနိုင်ငံ Plekhanov Russian University of
Economics တို့အကြား ပညာရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့်
(၁၂) ယဉ်ကျေးမှုနှင့်
အနုပညာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာတို့ဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံသို့
တရားဝင်ခရီးစဉ်တွင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့သည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်ကိုးခုနှင့်ဆိုပါလျှင်
နိုင်ငံတော်သမ္မတကြီး၏ ရက်သတ္တတစ်ပတ်တာ ခရီးစဉ်အတွင်း စုစုပေါင်း MoU ၂၁ ခု ရေးထိုးခဲ့ခြင်း
ဖြစ်သည်။
လမ်းကြောင်းတစ်ကြောင်းတည်း သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်နှစ်ခုအတွင်း နိုင်ငံနှစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲနှစ်ဦးတို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးခင်မင်မှု၊ အဆင့်မြင့်ဆွေးနွေးမှုများမှ နိုင်ငံအတွက် အကျိုးစီးပွားများစွာဖြစ်ထွန်းလာစေသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ မစ္စတာဗလာဒီမာပူတင်တို့ မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များနှင့် အပြန်အလှန်ပြောကြားချက်များ၌ ရုရှားသမ္မတက မြန်မာနိုင်ငံတွင် သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံ ကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့ တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံကို ရုရှားက LNG တင်ပို့ရန် အလား အလာများစွာရှိကြောင်း၊ အဆိုပါ LNG ကို ပြည်တွင်း အသုံးပြုရေးအပါအဝင် အခြားနိုင်ငံများကိုလည်း တင်ပို့၍ရပါကြောင်း၊ အရင်နှစ်က မြန်မာနိုင်ငံတွင် အဏုမြူဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း စီမံကိန်းအများအပြားဆောင်ရွက်ရန် အလားအလာရှိကြောင်း၊ မြန်မာနိုင်ငံ တောင်ဘက်ပိုင်းတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်မှုစီမံကိန်း ကို ဆွေးနွေးနေကြောင်း စသည့်ပြောကြားချက်များနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ပြောကြားချက်တွင်ပါရှိသည့် မိမိတို့အနေနဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ အာကာသ နည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားကဏ္ဍအပါအဝင် နယ်ပယ်ပေါင်းစုံမှာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အလားအလာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားချက်များမှတစ်ဆင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဖြစ်တည်လာမည့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများကို မျှော်မှန်းကြည့်နိုင်သည်။ ယင်းတို့အနက် ထားဝယ်ရေနက်ဆိပ်ကမ်း၊ အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် အာကာသနည်းပညာကဏ္ဍတို့မှာ ခုန်ပျံကျော်လွှား တိုးတက်မှု များ ဖြစ်ပေါ်လာစေနိုင်သည့် ကဏ္ဍများပင်ဖြစ်သည်။
အာကာသဂြိုဟ်တုနည်းပညာနှင့် ပတ်သက်၍ အများအပြားဆွေးနွေးခဲ့ရာ အဓိကအားဖြင့် လေးခုဖြစ်ကြောင်း၊ ၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသ ယာဉ်မှူးကို အာကာသယာဉ်နှင့် စေလွှတ်နိုင်ရေး၊ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေး station မြန်မာနိုင်ငံတွင် တည်ဆောက်ရေး၊ GNSS Station တည်ဆောက်ရေး၊ အာကာသမှကမ္ဘာမြေအနီးတွင် အာကာသအန္တရာယ် ကျရောက်နိုင်သည့် အရာများကို စောင့်ကြည့်ကာကွယ်ရန် station တည်ဆောက်ရေးတို့ကို MoU ထိုးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက ထိုင်းနိုင်ငံအတွက်လည်း ပို့ကုန်သွင်းကုန်များအတွက် အခြားရွေးချယ်စရာ ကုန်သွယ်ရေးတံခါးပေါက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းသည် မလက္ကာရေလက်ကြားတွင် အကြောင်းကြောင်းကြောင့် ပိတ်ဆို့မှုဖြစ်ပါက ဖြစ်ပေါ်လာနိုင်သည့် ကုန်သွယ်ရေးအန္တရာယ်ကို လျှော့ပေးနိုင်မည့် နေရာလည်းဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်း သည် ထိုင်းနိုင်ငံ ချွန်ဘူရီရှိ လမ်ချဘန် ဆိပ်ကမ်းနှင့် နီးစပ်သဖြင့် ကားလမ်း၊ ရထားလမ်းများဖြင့် အလွယ်တကူချိတ်ဆက်နိုင်ပြီး ထိုင်းနိုင်ငံအား ဒေသတွင်း လော်ဂျစ်စတစ်ဖြစ်လာစေမည့် အခွင့်အလမ်းတစ်ရပ်အဖြစ် ထိုင်းနိုင်ငံက စိတ်ဝင်စားလျက်ရှိသည်ဟုလည်း သတင်းများထွက်ပေါ် လျက်ရှိသည်။
နိုင်ငံတော်သမ္မတကြီး၏ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတကြီးနှင့် နှစ်ကြိမ်တိုင်တိုင် တရင်းတနှီး တွေ့ဆုံဆွေးနွေး ခဲ့သည်။ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် စီးပွားရေး ဖိုရမ်ပြုလုပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမြေ၊ လုပ်သား အင်အားအားသာချက်ရှိကြောင်း၊ ဘယ်လာရုစ်နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးနည်းပညာ၊ ဓာတ်မြေသြဇာ စက်ရုံ၊ ကမ္ဘာကျော် လယ်ယာထုတ်ကုန်ပစ္စည်း ကိရိယာများထုတ်လုပ်မှု အားသာချက်ရှိကြောင်း၊ နှစ်နိုင်ငံအားသာချက်များကို ပူးပေါင်းပြီး farming မှ food Processingအထိ ပူးပေါင်းဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံရန် သဘောတူညီချက်များရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် သမ္မတကြီးက ထားဝယ်ရေနက် ဆိပ်ကမ်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်၊ စက်ရုံများဆောက်ရန်၊ တာယာစက်ရုံ၊ ကုန်တင်ယာဉ် အကြီးစားများ ဆောက်ရန်၊ သီလဝါစီးပွားရေးဇုန်တွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးခဲ့သည်ဟု မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရာတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ဘယ်လာရုစ်နိုင်ငံက အကန့်အသတ်လုံးဝမရှိဘူး။ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆောင်ရွက်သွားမယ်။ နောက်တစ်ခုက မြန်မာနိုင်ငံကို တခြားမိတ်ဆွေ နိုင်ငံတွေနဲ့မတူဘဲ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကို ကျွန်မတို့ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့အထိကို သူတို့ကူညီဆောင်ရွက်သွားမယ်၊ အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမယ်၊ ဈေးကွက်တစ်ခုအနေနဲ့သာ ရှုမြင်တာမဟုတ်ဘဲ ကျွန်မတို့ မိတ်ဆွေရင်းချာနိုင်ငံတွေ အဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး ပြောပါ တယ်” ဟူ၍ မြန်မာ- ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ရာ နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ပုဂ္ဂိုလ်ရေးရင်းနှီးခင်မင်မှုများမှတစ်ဆင့် ဖြစ်တည်လာသည့် နိုင်ငံအချင်းချင်း မိတ်ဆွေရင်းချာ ဆက်ဆံမှုပင်ဖြစ်သည်။
ယနေ့နိုင်ငံတော်အစိုးရသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေးဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို လက်ကိုင်ထား၍ ဘက်စုံကဏ္ဍစုံတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် အရေးကြီးသည့်အချက်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိရေးသည် အခြေခံအကျဆုံးဖြစ်သည်။ ၎င်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက “သစ်အဆွေးနှင့် ပန်းပုထု၍ မရသကဲ့သို့ တိုင်းပြည်မအေးချမ်းလျှင် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အနှောင့်အယှက်မရှိ ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း” ပြောကြားထားသည်။
ထို့အပြင် မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော်သစ်ကို တည်ဆောက်သွားမည်ဖြစ်ပြီး အတွေးအခေါ် နောက်ကျမကျန်ရစ်ခဲ့စေရန် မိမိအနေနှင့် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်သစ် တည်ဆောက်ရေးကို အရှိန်ရအောင် မိမိအနေဖြင့် နှစ်နှစ်အချိန်ယူမည် ဖြစ်ပါကြောင်း၊ အရှိန်အဟုန်ဖြင့် တည်ဆောက်မှုကို သုံးနှစ်အချိန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း မိမိတို့နှင့်အတူ ကဏ္ဍအသီးသီးမှ တက်ကြွစွာ ပါဝင်ကူညီပေးကြရန် အလေးအနက်တိုက်တွန်းပါကြောင်း နိုင်ငံတော် အခြေပြမိန့်ခွန်းတွင်ပြောကြားခဲ့ရာ ပြည်သူနှင့်အစိုးရ ဇွဲလုံ့လဝီရိယများစွာဖြင့် လက်တွဲညီညာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။



No comments:
Post a Comment