K ဇင်သစ် (မန်းတက္ကသိုလ်)
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်မှာ ကျေးလက်နေပြည်သူများဖြစ်ကြပြီး အများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးများ လုပ်ကိုင်နေကြပါသည်။ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်များမှတစ်ဆင့် MSME လုပ်ငန်းများဖွံ့ဖြိုးရေးကို အထောက်အကူပြုနေသကဲ့သို့ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေးကိုလည်း ဆောင်ကြဉ်းပေးလျက်ရှိပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်မှုဖြင့်
စနစ်တကျဆောင်ရွက်စေ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး အလေးထား ဦးစားပေးဆောင်ရွက်ပေးရန်
လိုအပ်နေသည်မှာ ငြင်းဖွယ်မရှိပေ။ ကျေးလက်နေတောင်သူအများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးကို
အဓိကလုပ်ကိုင်နေသူများဖြစ်ကြပြီး တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား မြင့်မားလာစေရေး မောင်းနှင်အားသဖွယ်ရှိနေသည်
ကလည်း ပကတိအမှန်တရား ဖြစ်ပါသည်။
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးကူညီ ထောက်ပံ့ပေးခြင်းအား ပို၍ပို၍ လုပ်ဆောင်ပေးရမည်ဖြစ်ပေသည်။ ကုန်ထုတ်စွမ်းအားမြှင့်တင်ပေးခြင်းနှင့် ပြည်သူများ၏ လူမှုစီးပွားမြင့်မားလာအောင် ဆောင်ကြဉ်းပေးလျက်ရှိရာ ကဏ္ဍအသီးသီးက ဟန်ချက်ညီညီ စနစ်တကျ လုပ်ဆောင်နေကြခြင်းကို တွေ့နေရပါသည်။
သမဝါယမဆိုရာဝယ်
သမဝါယမကဏ္ဍကလည်း ကျေးလက်နေစိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသူများအား ၎င်းတို့၏ဆန္ဒနှင့်အညီ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာရေး ဆောင်ကြဉ်းပေးလျက်ရှိပါသည်။ သမဝါယမဆိုရာဝယ် အများအကျိုးအတွက် တစ်ဦးချင်းစီက ပူးပေါင်းပါဝင်ပြီး အများ၏စီမံခန့်ခွဲမှုဖြင့် လူမှုစီးပွားဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်ကြကာ ရရှိလာသောအကျိုးအမြတ်ကို ခံစားကြရသည့် စုပေါင်းဆောင်ရွက်သော စနစ်တစ်ခုဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ၌ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးသည့်အပိုင်းတွင် သမဝါယမများက အောင်မြင်အောင်လုပ်ဆောင်လျက်ရှိခြင်း၊ ဒိန်းမတ်၊ နော်ဝေ၊ ဂျပန် စသည့် ကမ္ဘာ့နိုင်ငံများတွင်လည်း သမဝါယမစီးပွားရေးလုပ်ငန်းများ၏ အသီးအပွင့်ကို ပြည်သူများခံစားနေကြရသည်က တစ်နေ့တခြား ပိုတိုးလာနေသည်ဟု သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံတွင် သမဝါယမအသင်းများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ များစွာရရှိ နေကြပါသည်။ ကိုရီးယားနိုင်ငံတွင် အသေးစားငွေကြေးလုပ်ငန်းများမှာ သမဝါယမများက ဆောင်ရွက်နေကြပြီး ကျေးရွာသစ်လှုပ်ရှားမှုမှာလည်း သမဝါယမစနစ်ကို အခြေခံလုပ်ဆောင်နေခြင်းကြောင့် အောင်မြင်မှုများ ရရှိနေကြပါသည်။ ထိုင်းနိုင်ငံတွင် စိုက်ပျိုးရေးသမဝါယမအသင်းများ၏ ထုတ်ကုန်များမှာ ပြည်တွင်းသုံးစွဲမှုများအပြင် ပြည်ပသို့ တင်ပို့နေကြသည်ကို လေ့လာတွေ့ရှိရပါသည်။
ကျေးလက်ပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ စိုက်ပျိုးမွေးမြူနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ထွက်ရှိလာနိုင်ရေး တစ်ဆက်တစ်စပ်တည်း လယ်ယာမြေများတွင် စိုက်ပျိုးချိန်တူ၊ သွင်းအားစုကိုတူညီစွာထည့်သွင်း၊ တစ်ပြိုင်နက်တည်း ရိတ်သိမ်းချိန်တူညီအောင် စုပေါင်းလုပ်ဆောင်ခြင်းဖြင့် သီးနှံအရည်အသွေးကောင်းမွန်မှုနှင့် လေလွင့်ဆုံးရှုံးမှု နည်းပါးခြင်းတို့ဖြစ်တည်လာနိုင်ရေး သမဝါယမစနစ်ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အကျိုးကိုယ်စီ ရရှိလာနိုင်မည်ဖြစ်ပေသည်။
၂၀၂၃-၂၀၂၄ ခုနှစ်မှစ၍ နွေစပါး၊ မိုးစပါးစိုက်ပျိုးသူအသင်းသားတောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုမြေဩဇာများကို သမဝါယမအသင်းများမှတစ်ဆင့် ပံ့ပိုးဆောင်ရွက်ခဲ့ ကြပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါး၊ ဝါသီးနှံ နှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ စိုက်ပျိုးကြသည့် အသင်းသားတောင်သူများအား စိုက်ပျိုးသည့် သီးနှံအလိုက် အထွက်နှုန်းတိုးမျိုး၊ သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် တောင်သူများ ဝင်ငွေပိုမိုရရှိသကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးမြှင့်မှုတွင်လည်း ကျရာအခန်းမှ ပုံဖော်ပေးနိုင်ခဲ့ပါသည်။
သမဝါယမစနစ်ကို အရင်းခံသည့်စိတ်နေသဘောထား
ကျေးလက်တောင်သူများအနေဖြင့် အများနှင့် စုပေါင်းဆောင်ရွက်ကြသည့် အလေ့အကျင့်ကောင်းများ ရှိနေခြင်းကလည်း သမဝါယမစနစ်ကို အရင်းခံသည့် စိတ်နေသဘောထားများ ရှိနေကြသည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။
သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ စနစ်တကျ စိုက်ပျိုးမွေးမြူခြင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်ပြီး MSME ကဏ္ဍဖွံ့ဖြိုးမှုကို ဦးတည်ဆောင်ရွက်နိုင်ပါက ပြည်သူများ ဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ရာ ၂၀၂၆-၂၀၂၇ ခုနှစ် တွင် မိုးစပါး၊ နွေစပါး၊ ဝါသီးနှံနှင့် မြေပဲတို့ကို သမဝါယမစိုက်ပျိုးရေး စီမံကိန်းသီးနှံများအဖြစ် သတ်မှတ်၍ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီနိုင်ရေး စီမံဆောင်ရွက်နေမှုများကလည်း တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား မြှင့်တင်ရေးအပိုင်းတွင် ကျရာအခန်းမှ ပါဝင်အကောင်အထည်ဖော်နေကြောင်း တွေ့ရှိရပါသည်။
သက်တန့်ရောင်စီမံကိန်း
အလားတူ သမဝါယမမွေးမြူရေးကဏ္ဍတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ငွေ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေ အသင်းသားနှင့် အသင်းပိုင်ငွေတို့ဖြင့် နို့စားနွား/ဒေသနွား၊ ကြက်၊ ဝက်၊ ဆိတ်အပါအဝင် ဘဲ၊ ငါးမွေး မြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေ ခြင်းကြောင့် အသားကဏ္ဍ ပိုမိုထုတ်လုပ်နိုင်ခဲ့ခြင်းနှင့် ပြည်သူများ၏ စားရေရိက္ခာဖူလုံမှုကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ခဲ့ပါသည်။
ဆန်စက်၊ ဆီစက်၊ ဝါကြိတ်စက်နှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု လုပ်ငန်းများအတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နိုင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဒေသထွက်နွားချေး၊ ကြက်ချေး၊ နှမ်းရိုး၊ ဗေဒါဆွေး၊ လင်းနို့ချေး၊ စပါးခွံဖွဲပြာ စသည့်ကုန်ကြမ်းများကို အခြေပြု၍ သဘာဝမြေဩဇာ ထုတ်လုပ်လျက်ရှိသော သမဝါယမအသင်းများကိုလည်း တွေ့နေရပါသည်။
အသင်းသားတောင်သူများအနေဖြင့် ဝီရိယစိုက်၍ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ကြရမည် လည်းဖြစ်ပါသည်။ အသင်းသားများက တစ်ကွင်း တစ်ဆက်တည်းရှိသော လယ်စိုက်ကွင်းများတွင် အထွက်နှုန်းမြင့်မားသည့် မျိုးကောင်းမျိုးသန့် တူညီစွာစိုက်ပျိုးရေး၊ ထွန်ယက်ချိန်၊ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များတူညီစေရေး စုပေါင်းဆောင်ရွက်ကြရမည်လည်း ဖြစ်ပါသည်။ လိုအပ်သောသွင်းအားစုများအား စုပေါင်းဝယ်ယူခြင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက်ခိုင်မာမှုရှိရေးနှင့် ဒေသပေါက်ဈေးနှုန်းရရှိနိုင်အောင် စုပေါင်းရောင်းချ သည့်အခြေအနေမျိုးဖြစ်အောင် အသင်းဒါရိုက်တာ အဖွဲ့များက ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ကြားခံဈေးကစားသူများကြောင့် စားသုံးသူလည်း ဈေးနှုန်းမြင့်၊ ရောင်းချတောင်သူလည်း အနှိမ်ခံရသည့်ဘဝမျိုးကို ကျော်လွှားနိုင်အောင် ပုံဖော်ဖန်တီး ဆောင်ရွက်ပေးခြင်းသည်လည်း သမဝါယမစနစ်၏ ဆောင်ကြဉ်းပေးရမည့်အသွင် သဏ္ဌာန်တစ်ခုလည်း ဖြစ်ပါသည်။
သမဝါယမ ပညာပေးရေးစနစ်ကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး မြေပြင်ထိတွေ့ကွင်းဆင်း၍ တောင်သူများလိုအပ်ချက်ကို တစ်ဆင့်ချင်းအလိုက် ကူညီထောက်ပံ့ပေးပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ သီးနှံများရာသီအလိုက် အချိန်မီစိုက်ပျိုးနိုင်ရေး၊ လိုအပ်သောသွင်းအားစုများ စိုက်ပျိုးကာလ သတ်မှတ်ချိန်အလိုက် အပြည့်အဝထည့်ကျွေးနိုင်ရေး၊ ရိတ်သိမ်းကာလအချိန်မီရေးနှင့် အလေအလွင့်နည်းပါးရေးတို့ကိုလည်း လယ်ယာဝန်ဆောင်မှု သမဝါယမများက မြေယာပြုပြင်ခြင်းအပါအဝင် ရိတ်ခြွေခြင်းများဖြင့် ဆောင်ရွက်နေမှုအပေါ် တိုးချဲ့လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။
နိုင်ငံတစ်ဝန်း စိုက်ပျိုးလျက်ရှိသော သီးနှံအလိုက်ရာသီချိန်အမီ စိုက်ပျိုးကြရာတွင် စနစ်တကျစိုက်ပျိုးနိုင်ရေးကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် ကုန်ထုတ်စွမ်းအား တိုးမြှင့်လာနိုင် မည်ဖြစ်ပါသည်။
သမဝါယမစနစ်ကိုမဏ္ဍိုင်ပြု၍ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေပိုမိုရရှိရေးကို အလေးထားဦးစားပေးဆောင်ရွက်လျက်ရှိသည့် နွေစပါး၊ မိုးစပါး၊ မြေပဲ၊ ဝါသီးနှံတို့ စိုက်ပျိုးသည့်ဧက ၄၅၀၀၀၀ ဝန်းကျင်ခန့်မှ ပန်းတိုင်အထွက်နှုန်း ကိုယ်စီထွက်ရှိလာနိုင်ရေးနှင့် ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ခိုင်မာအောင် ချိတ်ဆက်ဖော်ဆောင်ပေးခြင်းနည်းတူ နို့စားနွား၊ ဒေသနွား၊ ကြက်၊ ဝက်၊ ငါး စသည်တို့ မွေးမြူလျက်ရှိသော မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းများ၊ လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများနှင့် သဘာဝမြေဩဇာထုတ်လုပ်သည့် သမဝါယမအသင်းကိုလည်း နိုင်ငံတော်က ရည်မှန်းဆောင်ရွက်လျက်ရှိသည့် ကုန်ထုတ်စွမ်းအားမြှင့်တင်ရေး ကြိုးပမ်းနေမှုများတွင် စနစ်တကျ စိုက်ပျိုးမွေးမြူနိုင်ရေး သမဝါယမကဏ္ဍမှ ပုံဖော်ဖန်တီးနေပေဦးမည်ဟု ယုံကြည်နေမိပါတော့သည်။ ။
No comments:
Post a Comment