မြင့်စိုး(နတလ)
လွမ်းချင်းအစ
ရီဒမ်းတံတားက
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၏ ၁၅ ရက်မြောက်နေ့ဖြစ်သော ၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပသည့် အစည်းအဝေး၌ ကချင်ပြည်နယ် ခေါင်လန်ဖူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဆင်ဆုန်းက ပူတာအို-မဂွေဇ-ခေါင်လန်ဖူး ကားလမ်းပေါ်ရှိ မေခမြစ်ကူးရီဒမ်းတံတားအား အပြီးသတ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သက်ဆိုင်ရာဝန်ကြီးဌာနအား မေးခွန်းမေးမြန်းခြင်းမှ အစပြုကာ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ပန်နန်းဒင်၊ ခေါင်လန်ဖူးဒေသများဆီသို့ လွမ်းချင်း ဋီကာဖွင့်မိပါတော့သည်။
စာရေးဆရာကြီး မင်းကျော်
ကျွန်တော်တို့ လေးမျက်နှာမြို့လေးဆီသို့ ဆရာမောင်နေဝင်း၊ ဆရာနတ်နွယ်၊ ရုပ်ရှင်သရုပ်ဆောင်
ကိုသုမောင်တို့နှင့်အတူ ၁၉၇၂ ခုနှစ်၌ စာပေဟောပြောပွဲ လာရောက်အပြီး လေးမျက်နှာမြို့နယ်၊
မြို့နယ်လုံးကျွတ် စာတတ်မြောက်ရေးအောင်ပွဲ အထိမ်းအမှတ်မဂ္ဂဇင်းအတွက် စာမူတစ်ပုဒ်ရေးသားပေးပို့ချီးမြှင့်ခဲ့ပါသည်။
စာမူအမည်က “လေးမျက်နှာလွမ်းချင်း” ဟူ၍ဖြစ်သည်။ ဤသို့ အမည်ပေးရေးသားခြင်းကို အလွန်သဘောကျသဖြင့်
ကျွန်တော်ရောက်ခဲ့ဖူးသော နယ်စပ်ဒေသများအကြောင်း ရေးသားတင်ပြသောအခါ ဟိုမိန်းလွမ်းချင်း၊
ကစ္ဆပနဒီလွမ်းချင်း၊ မိုင်းကိုင်လွမ်းချင်းဟူ၍ အမည်များပေးဖြစ်ခဲ့သည်။ ယခုလည်း ခေါင်လန်ဖူးလွမ်းချင်းကို
ကျွန်တော်ရေးဖွဲ့လိုက်ပါပြီ။
ရည်မှန်းဖူးမြော်ကောင်းမှုလုံစေတီတော်
ပူတာအို၊ နောင်မွန်၊
ခေါင်လန်ဖူးဒေသဟု ဆိုလိုက်သည်နှင့် မြစ်မင်းဧရာဝတီအစပြုရာ မေခနှင့် မလိခမြစ်နှစ်မြွှာကို
မေ့ထား၍ မရပေ။ ရဝမ်တိုင်းရင်းသားဘာသာစကားအရ မေခမြစ်ကို ရမေထီဟု ခေါ်ဝေါ်ကြပြီး ရေစီးကြမ်းသောမြစ်ဟု
အဓိပ္ပာယ်ရသည်။ ထို့အတူ မလိခမြစ်ကို မလိထီဟု ခေါ်ဆိုကြပြီး ရေစီးညင်သာသောမြစ်ဟု အဓိပ္ပာယ်ရကြောင်း
လေ့လာသိရှိရသည်။
အထက်တွင် ကောင်းမှုလုံ၊
အလယ်တွင် ရွှေစည်းခုံ၊ အောက်မှာ ရွှေတိဂုံဆိုသည့် ရှေးရိုးစကားစဉ်လာနှင့်အညီ ကောင်းမှုလုံစေတီတော်မြတ်သည်
ပူတာအိုဒေသတွင် ထင်ရှားသည့် စေတီတစ်ဆူဖြစ်ပါသည်။ ပူတာအိုမြို့၏ အရှေ့ဘက် ၁၀ မိုင်၊
မချမ်းဘော့မြို့၏ မြောက်ဘက် ၁၂ မိုင်အကွာ မလိခမြစ်ကမ်းဘေးတွင်တည်ရှိကာ တိုင်းခမ်းတီရှမ်းဘာသာစကားအရ
(စပ်ကောင်းမှုလုန်) ဟု ဘွဲ့မည်ရပြီး ကြီးမြတ်သောစေတီတော်ဟု အဓိပ္ပာယ်ရသည်။
နောက်ထပ်ထင်ရှားသော
စေတီတစ်ဆူမှာ နတ်ကျွန်းစေတီဖြစ်သည်။ ပူတာအိုမြို့မှ ၁၄ မိုင် ကွာဝေးသော မချမ်းဘော့မြို့လေးအနီးရှိ
နောင်ခိုင်ကျေးရွာမှ မလိခမြစ်အတိုင်း စက်လှေဖြင့် မိနစ် ၂၀ ခန့် စုန်ဆင်းလိုက်လျှင်
နတ်ကျွန်းစေတီကို ဖူးတွေ့နိုင်ပါသည်။ မြင့်မားသော ကျောက်ကလပ်ကြီးပေါ်တွင် တည်ထားခြင်းဖြစ်ပြီး
တင့်တယ်သပ္ပာယ်လှပေသည်။ အပြန်ခရီးကမူ မလိခမြစ်ကို ဆန်ရသဖြင့် ၂၅ မိနစ်ခန့်ကြာမြင့်သည်။
ပူတာအိုဒေသတွင်း၌ အခြားထင်ရှားကျော်ကြားသော ဘုရားတစ်ဆူမှာ ကျောက်နဂါးဘုရားဖြစ်သည်။
အိပ်မက်လမ်း
(သို့မဟုတ်) မဂွေဇ-ခေါင်လန်ဖူးကားလမ်း
ဒေသခံတိုင်းရင်းသားအားလုံး၏
အိပ်မက်လမ်း (သို့မဟုတ်) မဂွေဇ-ခေါင်လန်ဖူးကားလမ်း ၆၅/ ၄ မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို
အကြောင်းပြု၍ ထိုဒေသများသို့ ကျွန်တော်ရောက်ခွင့်ကြုံခဲ့ခြင်း ဖြစ်သလို ဖုန်ကန်ရာဇီရေခဲတောင်၏
အလှများ၊ မူလာရှီးဒီကြိုးတံတားနှင့် ပူတာအို၏ အထင်ကရ မီးခွက်ဈေး အရှေ့မှအနောက် ၁၅ မိုင်၊
တောင်မှ မြောက်သို့ ၂၅ မိုင် ကျယ်ဝန်းသော ပူတာအိုလွင်ပြင်ကြီးစသည်တို့ကို မြင်ဖူး တွေ့ဖူးခဲ့ခြင်းဖြစ်သည်။
မဂွေဇ-ခေါင်လန်ဖူးလမ်းကို
ဒေသခံတိုင်းရင်းသားအားလုံး၏ အိပ်မက်လမ်းဟု ကျွန်တော်ညွှန်းဆိုရခြင်းမှာ အဆိုပါလမ်းကြီးပေါ်ပေါက်လာစေရေးအတွက်
ရဝမ်၊ လီဆူတိုင်းရင်းသားအားလုံးက ဆယ်စုနှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ကြရ၍ဖြစ်သည်။
ပူတာအိုမှ ခေါင်လန်ဖူးအထိ ၁၃၂ မိုင် ၄ ဖာလုံ ကွာဝေးသောခရီးကို ရှေးယခင်က ၁၂ ရက်ခန့်
ခြေကျင်လျှောက်ပြီး ပင်ပန်းဆင်းရဲကြီးစွာ သွားလာခဲ့ကြရသည်။ ပင်ပန်းမှုဒဏ်၊ လမ်းခရီးတွင်
ဖျားနာမှုဒဏ်တို့ကြောင့် သွားရင်းလာရင်း အသက်ဆုံးပါးသွားရသော တိုင်းရင်းသားများစွာရှိခဲ့သည်။
မဂွေဇနှင့် ခေါင်လန်ဖူးအကြား၌
အမြင့်ပေ ၇၇၀၀ ရှိ ဆန်းလွတ်ချက်ကျောက်တောင်ကြီး တည်ရှိနေပေရာ လူနှင့်လား၊ မြင်းများ
ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ကြရသည်။ ကျောက်တောင်ကြီးထိပ်ကို ကျော်ပြီးတိုင်း ငါတို့အောင်မြင်စွာ
ကျော်ဖြတ်နိုင်ခဲ့ပြီ၊ ဘေးအန္တရာယ်ကင်းခဲ့ပြီဆိုသည့် အထိမ်းအမှတ်သဘောလားတော့ မသိ၊ ကျောက်တုံး
ကျောက်ခဲအရွယ်အစားအမျိုးမျိုး တစ်လုံးစီကို တောင်ထိပ်မှာချထားခဲ့ကြရာ လမ်းဖောက်ရင်း
တွေ့ခဲ့ရသည်။
ပူတာအိုမှ နောင်မွန်သို့လည်းကောင်း၊
မဂွေဇမှ ခေါင်လန်ဖူးသို့လည်းကောင်း၊ ကားလမ်းမပေါက်မီ အသက်ဆုံးရှုံးသွားရသူများစွာထဲမှ
ကျွန်တော်သိခွင့်ရခဲ့သူအချို့ရှိနေပါသည်။ ပူတာအိုမှ ၄၅ မိုင်အကွာ အူရင်ဂါးကျေးရွာမှ
ဗိုလ်တဲစောင့်ကြီး၏ သမီးလေး၊ ရဝမ်တိုင်းရင်းသူ မဇိန်ဒမ်းနန်ရမ်၊ အသက် ၂၄ နှစ်သည် မီးမဖွားနိုင်သောကြောင့်
၂၀၀၀ ပြည့်နှစ် ဩဂုတ် လ ၁၇ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
ကားလမ်းပေါက်ပြီး
အချိန်မီဆေးရုံပို့နိုင်ခဲ့ပါမူ အူရင်ဂါးကျေးရွာလမ်းဘေးမှာ သူ၏အုတ်ဂူလေးကို ကျွန်တော်တွေ့မြင်ရမည်မဟုတ်ပေ။
နောက်တစ်ဦးက ဆရာမလေးဇယ်နော၊ လညဲဇယ်နော။ ကျောင်းဆရာမအလုပ်ကို ဝါသနာပါလွန်း၍ မြစ်ကြီးနားမှာ
PPTT ဝင်ဖြေသည်။ အောင်မြင်ပြီးနောက် ခေါင်လန် ဖူးမှ မိုင် ၄၀ ဝေးကွာသော ဖန်တုံအလက (ခွဲ)မှာ
တာဝန်ကျသည်။ ၂၀၁၈ ခုနှစ် ဇွန်လ၌ အလုပ်ဝင်ရန် ပူတာအို-ရပ်ဘော့-မဂွေဇ-ခေါင်လန်ဖူး-ဖန်တုံ
ခရီးစဉ်ကို ကားတစ်တန်၊ ဆိုင်ကယ်တစ်တန်၊ ခြေကျင်တစ်တန် ခရီးနှင်ခဲ့သည်။
ဆိုရသော် ခရီးအလွန်ပန်းခဲ့၏။
ရွာကိုရောက်သည့်အခါ ဖျားနာနေသောရွာသူ ရွာသားများကို မိမိပါလာသော ဆေးဝါးများမျှဝေပေးပြီး
သက်သာပျောက်ကင်းစေခဲ့သည်။ သို့သော် သူနေမကောင်းဖြစ်လာသောအခါ သောက်ရန်ဆေးမရှိတော့။ အပြင်းဖျားလာသောကြောင့်
ရွာလူကြီးတွေက မြန်မာ-တရုတ်နယ်စပ်က ရှိန်းခေါင်ကျေးရွာလေးသို့ ပို့ဆောင်ကုသပေးပါသော်ငြားလည်း
ဆရာမလေးဇယ်နောသည် သူမြတ်နိုးသော ကျောင်းဆရာမအလုပ်နှင့် ဖန်တုံအလက(ခွဲ)မှ တပည့်လေးများကို
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နှုတ်ဆက်ခွဲခွာသွားခဲ့သည်။
နောက်တစ်ဦးကတော့
ခေါင်လန်ဖူးမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးပီတာ၏ ဇနီးဖြစ်သူ ဒေါ်ဖုန်ဇီးမေရမ်ဖြစ်သည်။
အသက် ၂၀ မျှသာရှိသေးသော်ငြားလည်း နေမကောင်းဖြစ်၍ ပူတာအိုဆေးရုံသို့ ပို့ဆောင်စဉ် မဂွေဇသို့
မရောက်မီ ၈ မိုင်ခန့်အကွာနေရာ၌ အသက်ဆုံးပါးသွားခဲ့သည်။ ၁၉၉၇ ခုနှစ်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။ အသက်ပေါင်းများစွာ ရှိသေး၏။
အိပ်မက်လမ်းကြီး
စတင်ဖောက်လုပ်
ဤသို့ ခေါင်လန်ဖူးဒေသခံတိုင်းရင်းသားများ၊
ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ရဟန်းရှင်လူပြည်သူအများ နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည့်
ဆင်းရဲဒုက္ခများ ကင်းဝေးစေရန်အတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ
နယ်စပ်ရေးရာဝန်ကြီးဌာနသည် တပ်မတော်၏ အကူအညီကို ရယူပြီး မဂွေဇ-ခေါင်လန်ဖူးကားလမ်း ၆၅/
၄ မိုင်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့သည်။
လွယ်ကူလှသည်တော့
မဟုတ်ပါ။ ယာဉ်/ ယန္တရားများအတွက် လိုအပ်သောစက်သုံးဆီတွေ၊ ကျောက်မိုင်းများခွဲရန်အတွက်
ယမ်းတွေကို လေယာဉ်၊ ရဟတ်ယာဉ်များနှင့်ပင် တပ်မတော်က ကူညီသယ်ယူပို့ဆောင်ပေးခဲ့ရသည်။
အင်ဂျင်နီယာတပ်ဖွဲ့များကိုလည်း လုပ်ငန်းအစမှအဆုံး တွဲဖက်ပေးထားသည်။ လမ်းဖောက်လုပ်ရေးစီမံကိန်းကို
အပိုင်း လေးပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ကြသည်။ မိုင် ၃၀ နှင့် ၃၂ ကြား ဆန်းလွတ်ချက်ကျောက်တောင်ကြီးနေရာကို
အလွန်ခက်ခဲစွာ ဖောက်လုပ်ဖြတ်ကျော်ခဲ့ရသည်။
တစ်နေ့လုံးဖောက်ပါမှ
၁၀ ပေ ရှေ့မရောက်ခဲ့သော နေ့ရက်တွေရှိခဲ့သည်။ ကျောက်မိုင်းခွဲရင်း အညာဒေသ တန့်ဆည်သားလေးများဖြစ်သော
ကိုကျော်သူ ၃၄ နှစ်၊ မောင်ရဲရင့်အောင် ၂၃ နှစ်တို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၌
ကွယ်လွန်ခဲ့ရရှာသည်။ သူတို့၏ အုတ်ဂူလေးနှစ်လုံးကို မဂွေဇရဟတ်ယာဉ်ကွင်းအနီး၌ ယနေ့တိုင်
တွေ့မြင်နိုင်ပါသည်။ သို့သော် တပ်မတော်၊ နယ်စပ်ရေးရာဌာန၊ ဒေသခံပြည်သူများ လက်တွဲညီညီ
ကြိုးပမ်းဆောင်ရွက်မှုကြောင့် မဂွေဇ-ခေါင်လန်ဖူးကားလမ်း ၆၅ မိုင် ၄ ဖာလုံကို ၂၀၂၁ ခုနှစ်
စက်တင်ဘာလ ၃ ရက်နေ့တွင် ခေါင်လန်ဖူးမြို့သို့အရောက် ဖောက်လုပ်နိုင်ခဲ့ပါသည်။ အချိန်ကာလအားဖြင့်
၄ နှစ်နှင့် ၈ လ ကြာမြင့်ခဲ့ပါသည်။
သိမှတ်ဖွယ်ရာ
မြို့ရွာလေးများ
ပူတာအိုမှ ၁၄ မိုင်သာကွာဝေးသော
မချမ်းဘော့မြို့လေးသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၄၀၀ တွင် တည်ရှိပြီး လူဦးရေ ၉၀၀၀
ကျော် မှီတင်းနေထိုင်လျက်ရှိသည်။ မချမ်းဘော့သည် ဂျိမ်းဖောဘာသာစကားအရ မကျန်ဘော့မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း
သိရသည်။ မကျန်ဆိုသည်မှာ မကျန်ချောင်း၏အမည်၊ ဘော့ကမြစ်ဆုံဟု အဓိပ္ပာယ်ရသောကြောင့် မကျန်ချောင်းနှင့်
မလိခမြစ်တို့ ပေါင်းဆုံသောနေရာဟု အဓိပ္ပာယ်ရသည်။
မချမ်းဘော့မြို့လေးရှိ
ဂူဘားရိပ်သာမှာ နာမည်ကျော်ကြားထင်ရှားခဲ့သည်။ နောင်မွန်မြို့လေးကမူ ရဝမ်ဘာသာစကားအရ
လုံမုန်မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ လုံဆိုသည်မှာ ကျောက်ကိုခေါ်ပြီး မုန်က အဖြူရောင်ကို
ဆိုလိုသည်။ အဖြူရောင်ကျောက်များထွက်ရှိရာ အရပ်ဟု အဓိပ္ပာယ်ရပေလိမ့်မည်။ ၁၉၅၈ ခုနှစ်တွင်
မြို့နယ်အဆင့်သတ်မှတ်ခဲ့ပြီး လူဦးရေ ၆၀၀၀ ကျော်နေထိုင်ကြသည်။ နောင်မွန်မြို့၏ အနောက်မြောက်ယွန်းယွန်းတွင်
အမြင့်ပေ ၁၉၂၉၆ ပေရှိ ဆီးနှင်းများ ထာဝစဉ်ဖုံးလွှမ်းနေသော ခါကာဘိုရာဇီတောင်ထွတ်ကြီးရှိနေသည်။
ခါကာဘိုရာဇီကို ရဝမ်ဘာသာစကားဖြင့် အထန်ဘွန်ရာဇီဟုလည်း ခေါ်ကြသည်။ အထန်ဘွန်ဆိုသည်မှာ
အလွန်မြင့်မား၍ အဘက်ဘက်မှ ရှင်းလင်းပြတ်သား စွာမြင်ရသော၊ ဘွန်ဆိုသည်မှာ ဝပ်စင်းနေခြင်း၊
ရာဇီကတောင်ဟု အဓိပ္ပာယ်ရသောကြောင့် အဘက်ဘက်မှ ရှင်းလင်းပြတ်သားစွာ မြင်နေရသည့် မြင့်မားသောတောင်ကြီးဟု ခေါ်ဆိုရပေမည်။
မဂွေဇမှ ရပ်ဘော့ကို
ဖြတ်၍ သွားရသော အမြင့်ပေ ၅၈၀၀ ဝိုင်ဖီတောင်ကြောကြီးကို ဖြတ်ရသော၊ ဝိုင်ဖီတောင်ကြောနားမှာ
လှပစွာတည်ရှိနေသည့် ရေတံခွန်ငယ်များကို ဖြတ်သန်းသွားရသော ပန်နန်းဒင်မြို့လေးကမူ ရပ်ကွက်
၁ ခု၊ အိမ်ခြေ ၂၂ အိမ်၊ အိမ်ထောင်စု ၂၀၊ လူဦးရေ ၁၁၉ ဦးခန့်သာ ရှိနေပါသည်။ မြို့နယ်ခွဲအဆင့်
ဖြစ်ခဲ့ဖူးသည်။ ပတ်ဝန်းကျင်၌မူ ငါ့ဝါ၊ ဒဇွန်ဒမ်း၊ တဆူထု၊ အလီအောင်၊ မခွမ်ကန်ဆိုသည့်
ကျေးရွာအုပ်စု ၅ ခု ဝန်းရံနေပြီး လူဦးရေ ၁၈၀၀ ခန့် နေထိုင်ကြကာ ရဝမ်တိုင်းရင်းသားက အများဆုံးဖြစ်သည်။
မြောက်ဘက်၌ တိဗက်လူမျိုးအနည်းငယ်ရှိသည်။
ပူတာအိုမှ ခရီးစဉ်စမည်ဆိုလျှင်
ပူတာအို-မချမ်းဘော့-အလန်ဂါး-ထန်ဂါး-အူရင်ဂါး-ဘဘော့-မဂွေဇသို့ ၆၇ မိုင်ဖြစ်ပြီး မဂွေဇမှ
ခေါင်လန်ဖူးထိ ၆၅ မိုင် ၄ ဖာလုံ ခရီးတွင်မူ ငါ့လုံဒမ်း-လုံးတုံဗိုလ်တဲ-ဆီဆုံ-ဖုလွမ်းရွာလေးမှတစ်ဆင့်
မေခမြစ်ကူး ရီဒမ်းကြိုးတံတားတည်ရှိရာ ရီဒမ်းကျေးရွာသို့ ရောက်ပါမည်။
ထိုမှ မဂါလ်ထ-လားဝမ်ထု-ဂရုဝမ်ကွေ့-ထလားလော်-ထရီဝမ်ဂေါင်ရွာများကို
ဖြတ်ပြီး ခေါင်လန်ဖူးသို့ ရောက်ပါမည်။
ထိုမှာဘက်ခြမ်းမှာ
ထူးခြားသောနေရာ တစ်ခုရှိနေသေး၏။ ၅၁ မိုင်နေရာမှ လက်ဝဲဘက်သို့ တက်သွားလျှင် ၁၉၆၀ ပြည့်နှစ်
အိမ်စောင့်အစိုးရလက်ထက်က ပူတာအိုနယ်ခြားခရိုင်ဖွဲ့စည်းပြီး နောက်မြို့အဖြစ် သတ်မှတ်ခဲ့သည့်
ခေါ်ဘူဒဲကျေးရွာလေးရှိနေခြင်းပင်။ သို့သော် ခေါင်လန်ဖူးက ပို၍အချက် အချာကျသောကြောင့် ၁၉၉၆ ခုနှစ်တွင်
အစိုးရရုံးများကို ခေါင်လန်ဖူးသို့ ရွှေ့ပြောင်းခဲ့သည်။ ခေါင်လန်ဖူးမြို့လေးသည်လည်း စင်စစ်ကြီးမားလှသည်တော့
မဟုတ်၊ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၂၃ အုပ်စုဖြင့် ဖွဲ့စည်းထားပြီး အိမ်ခြေ ၂၁၈၆ အိမ်၊
အိမ်ထောင်စု ၂၁၈၉ စု၊ လူဦးရေ ၁၄၈၉၁ ဦးခန့် ရှိနေပါသည်။
မေခမြစ်ကူး
ရီဒမ်းကြိုးတံတား
မေခမြစ်ကူးရီဒမ်းကြိုးတံတားကို
ဒေသခံတိုင်းရင်းသားများက ၂၀၀၆ ခုနှစ်တွင် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့ကြသည်။ ၂၀၁၇
ခုနှစ်တွင် ဂျစ်ကားကူးကြိုးတံတားအဆင့် ဖြစ်လာခဲ့သည်။ မဂွေဇ-ခေါင်လန်ဖူးကားလမ်းဖောက်လုပ်မပြီးခင်မှာပင်
ဆောက်လုပ်ရေးဝန်ကြီးဌာနက မဂွေဇအနီးရှိ ကဆန်ခချောင်းကူးတံတားကို တည်ဆောက်ပေးခဲ့သည်။
မေခမြစ်ကူးရီဒမ်းတံတား ပေ ၆၀၀၊ ၃ လွှာ ၁ ထပ်၊ ၂ လမ်းသွား ဘေလီအမျိုးအစားတံတားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ
၁၅ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သော်လည်း ယနေ့ထိ ၅၇ ရာခိုင်နှုန်းသာ ပြီးစီးသေးသည်။ ထိုသို့
ဖြစ်ရခြင်းမှာလည်း ရာသီဥတုဆိုးရွားသဖြင့် လုပ်ငန်းဆောင်ရွက်ချိန် နည်းပါးခြင်း၊ မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်တွင်
မကြာခဏ မြေပြို၍ သွားလာမှုခက်ခဲခြင်း၊ မချမ်းဘော့နှင့် မဂွေဇအကြား အချို့နေရာများတွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းတို့ကြောင့်
နှောင့်နှေးနေခြင်းဖြစ်ကြောင်း သိရသည်။ တစ်ချိန်မှာတော့ ရီဒမ်းတံတားသစ်ကြီးပေါ်ထွန်းလာမည်ဟု
အလေးအနက် ယုံကြည်ပါသည်။
လွမ်းမိပါသည်
ခေါင်လန်ဖူးဒေသဆီ
ခေါင်လန်ဖူးဒေသသို့
၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့၌ တစ်ကြိမ်၊ ထိုနှစ်ဒီဇင်ဘာလမှာ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ
တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ တစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ် ၄ ခေါက် ရောက်ဖူးခဲ့သည်။
ထရီဝမ်ဂေါင်ကျေးရွာက ဆရာ ဆရာမများကို သတိရသည်။ ထို့အတူ ခေါင်လန်ဖူး အထကမှ ဆရာ ဆရာမလေးများကိုလည်းကောင်း၊
ထလားလော်ကျေးရွာ မူလွန်ကျောင်းက ဆရာဦးနန်းထိုက်နှင့် ဆရာ ဆရာမများကို လည်းကောင်း၊ ထလားလော်ကျေးရွာကို
ဖြတ်သွားခိုက် စမ်းချောင်းလေးအနီးရှိ ကျောင်းအုပ်ဆရာကြီး ဦးလယ်မယ်ဆဲတို့ ဖွင့်ထားသော
လက်ဖက်ရည်ဆိုင်လေးမှာ ခဏဝင်ရောက်နားခိုရင်း သောက်ခဲ့ကြသည့် ရဝမ်လက်ဖက်ရည်အရသာကို လည်းကောင်း
မမေ့ခဲ့ပါ။ အမြဲသတိရနေမိသည်။
အရှေ့တောင်အာရှနိုင်ငံများထဲက
ဆီးနှင်းဖုံး ရေခဲတောင်များတည်ရှိသည့် တစ်ခုတည်းသောနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံထဲမှာမှ ပူတာအို ခေါင်လန်ဖူးဒေသသည် ရေခဲတောင်အလှများဖြင့် ထင်ရှားသည်။
ယင်းကဲ့သို့ သဘာဝအလှအခြေခံကောင်းများ တည်ရှိရာ၊ ရှားချီ၊ ရှာကော် ပါကော်ကဲ့သို့သော
ဟင်းခတ်အမွှေးအကြိုင်များ ထွက်ရှိရာ၊ ရှားပါးဆေးဖက်ဝင် သစ်ဥသစ်ဖုများ ပေါများရာ ခေါင်လန်ဖူးဒေသသို့
သတိရ တမ်းတလွမ်းမိပါသည်။
ခေါင်လန်ဖူးရေ……ဖာမရာအေး။

No comments:
Post a Comment