နေသူရဇော် (စိုက်ပျိုးရေး)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် မှီတင်းနေထိုင်ကြပြီး မိရိုးဖလာလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကအားထား လုပ်ကိုင်နေကြသူများ ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဒဏ်ကို သိသိသာသာခံစားနေရပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် သမားရိုးကျလယ်ယာသီးနှံစိုက်ပျိုးရေးတွင် အရှုံးပေါ်ခြင်း၊ အထွက်နှုန်းကျဆင်းခြင်း စသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။
ထို့အပြင် ဓာတ်မြေဩဇာ၊
ပိုးသတ်ဆေးနှင့် စက်သုံးဆီကဲ့သို့သော စိုက်ပျိုးရေးသွင်းအားစုစရိတ်များ တစ်နှစ်ထက်တစ်နှစ်
သိသိသာသာ ကြီးမြင့်လာခြင်းသည် တောင်သူဦးကြီးများနှင့် ကျေးလက်နေပြည်သူများအတွက် ပုံမှန်နှင့်
တည်ငြိမ်သော ဝင်ငွေရရှိရန် ခက်ခဲလာသည်။
ထိုသို့သော စီးပွားရေးနှင့်
ရာသီဥတုဆိုင်ရာ အကျပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် ရိုးရာစိုက်ပျိုးရေး နည်းစနစ်များအပြင်
အခြားသော တွက်ခြေကိုက်ပြီး အန္တရာယ်နည်းသည့် အစားထိုး စီးပွားရေးလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ရန်
လိုအပ်လာသည်။ ဤနေရာတွင် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးအနည်းငယ်သာ လိုအပ်ပြီး အချိန်တိုအတွင်း
မြင့်မားသောအကျိုးအမြတ်ကို သေချာပေါက် ပေးစွမ်းနိုင်သည့် “မှိုစိုက်ပျိုးရေးလုပ်ငန်း”သည်
ကျေးလက်စီးပွားရေးကို မြှင့်တင်ပေးနိုင်မည့် အလားအလာကောင်းတစ်ခုဖြစ်လာသည်။
မှိုသည် သဘာဝအရသာ
ထူးကဲဆန်းသစ်ပြီး ဟင်းလျာမျိုးစုံတွင် ထည့်သွင်းချက်ပြုတ်နိုင်ရုံမျှမကဘဲ လူသားတို့၏
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် အသားဓာတ် (Protein)၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ
ကြွယ်ဝစွာပါဝင်သည်။ အထူးသဖြင့် အသားဓာတ်ပါဝင်မှုမြင့်မားပြီး ကိုလက်စထရော
(Cholesterol) လုံးဝမပါဝင်သည့်အတွက် ယနေ့ခေတ် ကျန်းမာရေးလိုက်စားသူများအကြားတွင် အထူးရေပန်းစားပြီး
ဈေးကွက်ဝယ်လိုအား မြင့်မားနေသည်။
မှိုစိုက်ပျိုးခြင်း၏
အဓိကထူးခြားချက်မှာ သမားရိုးကျအပင်များကဲ့သို့ ကျယ်ဝန်းလှသော စိုက်ပျိုးမြေ အမြောက်အမြား
မလိုအပ်ခြင်း၊ နေရောင်ခြည် တိုက်ရိုက်ရရှိရန်မလိုဘဲ အမှောင်ခန်း သို့မဟုတ် ပျိုးစင်များဖြင့်
အလွယ်တကူ စိုက်ပျိုးနိုင်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် မှိုစိုက်ပျိုးရေးလုပ်ငန်းသည်
စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးတို့ကို အထောက်အကူပြုရုံတင်မကဘဲ ကျေးလက်နေ အခြေခံလူတန်းစားများအတွက်
နေ့စဉ်ပုံမှန်ဝင်ငွေရရှိစေကာ မြို့ပြနှင့် ကျေးလက်ကြားရှိ ဆင်းရဲချမ်းသာကွာဟမှုကို
လျှော့ချနိုင်သည့် နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပေသည်။
မှိုစိုက်ပျိုးရေးလုပ်ငန်းသည်
သမားရိုးကျ လယ်ယာသီးနှံစိုက်ပျိုးမှုများနှင့်မတူဘဲ ဆန်းသစ်သည့် စီးပွားရေးဆိုင်ရာ
အားသာချက်များစွာရှိနေသည်။ အဓိကအားဖြင့် မြေယာပိုင်ဆိုင်မှုနှင့် အရင်းအနှီးအမြောက်အမြား
မလိုအပ်ဘဲ မိမိတို့အိမ်နောက်ဖေး သို့မဟုတ် အသုံးမပြုသည့် အခန်းကျဉ်းလေးများတွင် စင်ထိုး၍
အလွယ်တကူစတင်နိုင်သည်။ ပိုမိုထူးခြားသည်မှာ စပါး သို့မဟုတ် နှစ်ရှည်ပင်များကဲ့သို့
လနှင့် ချီစောင့်ဆိုင်းရခြင်းမျိုး မဟုတ်ဘဲ ရက်သတ္တပတ် အနည်းငယ်အတွင်း စတင်ဆွတ်ခူးနိုင်သဖြင့်
တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေကို ဖန်တီးပေးနိုင်သည်။
သို့သော် မှိုသည်
အပင်မဟုတ်ဘဲ “မှိုမျှင်အုပ်စုဝင် သက်ရှိ” ဖြစ်သည့်အတွက် ၎င်း၏ ရှင်သန်မှု သဘာဝသည် သမားရိုးကျသီးနှံများနှင့်
လုံးဝကွဲပြားပြီး စိုက်ပျိုးသည့် ပတ်ဝန်းကျင်ထိန်းညှိမှုကို အထူးဂရုစိုက်ရသည်။ အပူချိန်နှင့်
စိုထိုင်းဆကို ၈၀ မှ ၉၀ ရာခိုင်နှုန်းအတွင်း အေးမြစိုစွတ်နေအောင် စနစ်တကျထိန်းသိမ်းပေးရမည့်အပြင်
မှိုပွင့်လာမည့်အချိန်တွင် လုံလောက်သော လေဝင်လေထွက်နှင့် သဘာဝအလင်းမှိန်မှိန်ရှိရန်
လိုအပ်သည်။ အားလုံးထဲတွင် “သန့်ရှင်းမှု” သည် လုပ်ငန်း၏အသက်ဖြစ်ပြီး စိုက်ပျိုးခန်းနှင့်
ကိုင်တွယ်သူ၏ လက်များအထိ စနစ်တကျ ပိုးသတ်ထားခြင်းမရှိပါက အခြားမှိုဆိုးများနှင့် ဗက်တီးရီးယားပိုးများ
ဝင်ရောက်ကာ စိုက်ပျိုးထားသည့် မှိုများအားလုံး ပုပ်ပွပျက်စီးသွားနိုင်သည်။
လက်ရှိ မြန်မာ့ဈေးကွက်အတွင်း
စီးပွားဖြစ်အောင်မြင်နေသော မှိုအမျိုးအစားများကို လေ့လာကြည့်ပါက စိုက်ပျိုးရလွယ်ကူပြီး
ဝယ်လိုအားအကောင်းဆုံးဖြစ်သည့် “ငွေနှင်းမှို”၊ အညာဒေသတွင် ကောက်ရိုးကိုအခြေခံ၍ စိုက်ပျိုးကာ
ဈေးကောင်းရသည့် “ကောက်ရိုးမှို”နှင့် အခြောက်ခံကာ ရေရှည်သိမ်းဆည်းနိုင်၍ အရှုံးပေါ်နိုင်ခြေ
အနည်းဆုံးဖြစ်သည့် “နားရွက်မှို” တို့သည် စတင်လုပ်ကိုင်သူများအတွက် အလားအလာအကောင်းဆုံး
အမျိုးအစားများဖြစ်ကြသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း
အရင်းအနှီးနည်းပါးခြင်း၊ ရာသီမရွေးစိုက်ပျိုးနိုင်ခြင်းနှင့် ရက်တိုတိုအတွင်း ငွေပေါ်လွယ်ခြင်းဟူသော
မှို၏ထူးခြားသည့် သဘာဝဝိသေသများသည် သာမန်စိုက်ပျိုးရေးအဆင့်ထက်ကျော်လွန်၍ ဖွံ့ဖြိုးဆဲနိုင်ငံများ၏
အဓိက လူမှုစီးပွားပြဿနာဖြစ်သော မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဝင်ငွေကွာဟမှုကို
ဖြေရှင်းပေးနိုင်မည့် အဓိကအချက်ဖြစ်လာသည်။ မိရိုးဖလာလယ်ယာလုပ်ငန်းများမှ ဝင်ငွေမမှန်ကန်မှုကြောင့်
ကျေးလက်လူငယ်များသည် မြို့ကြီးများသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြရာမှတစ်ဆင့် ကျေးလက်ဒေသများတွင်
လူသားအရင်းအမြစ်ပြတ်လပ်မှုများ ကြုံတွေ့နေရချိန်တွင် ပြုစုရလွယ်ကူသော မှိုစိုက်ပျိုးရေးလုပ်ငန်းသည်
ကျေးလက်ဒေသများ၌ပင် ရေရှည်တည်တံ့သော စီးပွားရေးအခွင့်အလမ်းများကို အခြေချပေးပြီး ဆင်းရဲချမ်းသာကွာဟမှုကို
ထိရောက်စွာကျဉ်းမြောင်းပေးနိုင်ခြင်းဖြစ်သည်။
ပထမဦးစွာ မှိုစိုက်ပျိုးရေးလုပ်ငန်းသည်
အိမ်တွင်း၌ပင် အလွယ်တကူ လုပ်ကိုင်နိုင်ခြင်းကြောင့် ကျေးလက်ဒေသရှိ အိမ်ရှင်မများ၊ သက်ကြီးရွယ်အိုများနှင့်
လူငယ်များအတွက် မိသားစုကို ပြုစုစောင့်ရှောက်ရင်း ကိုယ်ပိုင်ဝင်ငွေရှာဖွေပေးနိုင်သည့်
အကောင်းဆုံးလမ်းစဖြစ်လာပြီး မြို့ပြသို့ ရွှေ့ပြောင်းလုပ်ကိုင်ရမည့် နှုန်းထားများကို
လျော့ကျသွားစေနိုင်သည်။ ဒုတိယအချက်အနေဖြင့် ကျေးလက်ဒေသများတွင် အလဟဿစွန့်ပစ်ထားလေ့ရှိသည့်
ကောက်ရိုး၊ လွှစာမှုန့်နှင့် ပဲရိုးစသည့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို မှိုစိုက်ပျိုးရာတွင်
အဓိကကုန်ကြမ်းအဖြစ် အသုံးချနိုင်ခြင်းကြောင့် စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် တန်ဖိုးမြှင့်ဝင်ငွေများ
တိုးပွားလာစေသည်။
ထို့ပြင် မြို့ပြဈေးကွက်၏
မြင့်မားသော ဝယ်လိုအားနှင့် စနစ်တကျချိတ်ဆက်နိုင်ခြင်းကြောင့် မြို့ပြမှ ငွေကြေးအင်အားများကို
ကျေးလက်ဒေသများသို့ တိုက်ရိုက်စီးဆင်းသွားစေကာ ဒေသတွင်း ကုန်သွယ်မှုများကိုပါ ပိုမိုသွက်လက်လာစေသည်။
နောက်ဆုံးအနေဖြင့် သမားရိုးကျသီးနှံများကဲ့သို့ စိုက်ပျိုးမြေအများအပြားပိုင်ဆိုင်ရန်မလိုခြင်းကြောင့်
ကျေးလက်ဒေသရှိ အဆင်းရဲဆုံး မြေယာမဲ့မိသားစုများပင် စင်လေးများဆောက်လုပ်၍ တစ်ပိုင်တစ်နိုင်
စိုက်ပျိုးနိုင်သဖြင့် ဆင်းရဲနွမ်းပါးမှု သံသရာမှလွတ်မြောက်ကာ မြို့ပြနှင့်ရင်ပေါင်တန်းနိုင်မည့်
စီးပွားရေးအခြေခံကောင်းကို တည်ဆောက်ပေးနိုင်သည်။
မှိုစိုက်ပျိုးခြင်းသည်
ခက်ခဲနက်နဲသော အလုပ်တစ်ခုမဟုတ်ဘဲ သဘာဝတရား၏ အံ့ဖွယ်ပြောင်းလဲမှုကို မိမိမျက်စိရှေ့မှောက်တွင်
ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရသည့် အနုပညာတစ်ခုနှင့် တူလှပေသည်။ အခြေခံအားဖြင့်
ကောက်ရိုး သို့မဟုတ် လွှစာမှုန့်ကဲ့သို့သော အလွယ်တကူရနိုင်သည့် ဘေးထွက်ပစ္စည်းများကို
ဖွဲနု၊ ထုံးမှုန့်တို့နှင့် ရောစပ်ကာ ရေအနည်းငယ်ဖျန်း၍ အိတ်ငယ်များအတွင်းသို့ ကျစ်ကျစ်လျစ်လျစ်
ထည့်သွင်းခြင်းဖြင့် မှိုတို့၏ အိမ်ကလေးများကို စတင်ဖန်တီးပေးရသည်။ ထိုမှိုအိတ်ကလေးများကို
အခြားသောပိုးမွှားများ ကင်းစင်သွားစေရန်အတွက် အပူရှိန်ဖြင့် စနစ်တကျမှိုင်းတိုက်ပေးရပြီး
အိတ်ကလေးများ လုံးဝအေးမြသွားချိန်တွင်မှ အဆင်သင့်ပြင်ထားသော မှိုမျိုးစေ့များကို သန့်ရှင်းစွာ
ထည့်သွင်းပေးရုံမျှဖြင့် စိုက်ပျိုးခြင်းလုပ်ငန်း၏ တစ်ဝက်ခန့်မှာ ပြီးမြောက်သွားပြီဖြစ်သည်။
ထို့နောက် အိတ်ကလေးများကို
လေဝင်လေထွက်ကောင်းပြီး မှောင်မည်းအေးမြသည့် အခန်းငယ်တစ်ခုအတွင်း၌ စင်ကလေးများဖြင့်
စနစ်တကျ စီရီထားရှိရုံသာဖြစ်သည်။ ဤကာလအတွင်း စိုက်ပျိုးသူအနေဖြင့် ရေဖျန်းပေးရန်ပင်
မလိုဘဲ ရက်ပေါင်း ၃၀ ဝန်းကျင်အတွင်း အဖြူရောင်မှိုမျှင်ကလေးများ တစ်အိတ်လုံးအပြည့်
ယှက်ဖြာပွားများလာသည်ကို အံ့ဩဖွယ်ရာ စောင့်ကြည့်ရုံမျှသာဖြစ်သည်။ မှိုမျှင်များ ပြည့်သွားသည့်အခါ
အိတ်ဝလေးများကို ဖွင့်ပေးပြီး တစ်နေ့လျှင် သုံးကြိမ်ခန့် ရေမှုန်ရေမွှားလေးများ ဖျန်းပေးခြင်းဖြင့်
မှိုပွင့်ကလေးများထွက်လာရန် နှိုးဆွပေးရသည်။ ရက်အနည်းငယ်အတွင်းမှာပင် ဖြူဖွေးလတ်ဆတ်ပြီး
အရသာရှိမည့် မှိုပွင့်ကြီးများအဖြစ် အိတ်ဝမှတိုးထွက်လာကြရာ ၎င်းတို့ကို အသာအယာလှည့်၍
နုတ်ယူဆွတ်ခူးရုံမျှဖြင့် မိသားစုအတွက် ကျန်းမာရေးနှင့် ညီညွတ်သောဟင်းလျာ တစ်ခွက်ကိုဖြစ်စေ၊
စီးပွားဖြစ် ဝင်ငွေတိုးလမ်းကိုဖြစ်စေ လက်တွေ့ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။
မည်သည့်စီးပွားရေးလုပ်ငန်းတွင်မဆို
စိန်ခေါ်မှုရှိစမြဲဖြစ်သော်လည်း မှိုစိုက်ပျိုးရေး၏ ထူးခြားချက်မှာ ကြုံတွေ့ရမည့်အခက်အခဲတိုင်းကို
ကိုယ်တိုင်သတိထားရုံမျှနဲ့ အလွယ်တကူ ထိန်းချုပ်ကျော်လွှားနိုင်ခြင်းပင်ဖြစ်သည်။ ပထမဆုံး
သတိပြုရမည့်အချက်မှာ နည်းစနစ်မကျပါက မှိုထုပ်များအတွင်းသို့ အခြားသောမှိုဆိုးများနှင့်
ကူးစက်ပိုးမွှားများဝင်ရောက်ကာ မှိုထုပ်များ ပုပ်ပွပျက်စီးတတ်ခြင်းဖြစ်သည်။ ဤပြဿနာသည်
လုပ်ငန်းခွင်အတွင်း အနည်းငယ်ပေါ့ဆရုံဖြင့် ဖြစ်ပွားတတ်သော်လည်း စိုက်ပျိုးခန်းကို အမြဲခြောက်သွေ့သန့်ရှင်းအောင်
ထားခြင်း၊ မျိုးမထည့်မီ လက်နှင့်ကိရိယာများကို စနစ်တကျပိုးသတ်ခြင်း စသည့်အခြေခံစည်းကမ်းများကို
တိကျစွာလိုက်နာရုံမျှဖြင့် ပိုးမွှားအန္တရာယ်ကို ရာနှုန်းပြည့် ကြိုတင်ကာကွယ်နိုင်သည်။
နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ
မှိုသည် ရေဓာတ်အလွန်ကြွယ်ဝသည့်အတွက် ဆွတ်ခူးပြီးနောက် ရက်ရှည်အထားမခံဘဲ အလွယ်တကူ ညှိုးနွမ်းပျက်စီးလွယ်ခြင်းဖြစ်သည်။
ဤအခြေအနေအတွက် ဈေးကွက်သို့ လတ်လတ်ဆတ်ဆတ် ချက်ချင်း မပို့ဆောင်နိုင်ပါကလည်း စိုးရိမ်စရာမရှိဘဲ
ဆွတ်ခူးပြီးသား မှိုပွင့်များကို လေလုံအိတ်များ သို့မဟုတ် သင့်တော်သည့် ထုပ်ပိုးမှုများဖြင့်
အအေးခန်း သို့မဟုတ် အေးမြသောနေရာတွင် စနစ်တကျထိန်းသိမ်းခြင်းဖြင့် သက်တမ်းကို ဆွဲဆန့်နိုင်သည်။
ထို့အပြင် နားရွက်မှိုကဲ့သို့သော အမျိုးအစားများကို ရွေးချယ်ပြီး နေလှန်းအခြောက်ခံကာ
ရေရှည်သိုလှောင်ထားခြင်း သို့မဟုတ် မှိုချဉ်၊ မှိုခြောက်မှုန့်ကဲ့သို့သော အိမ်တွင်း
တစ်နိုင်တစ်ပိုင် တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် အသွင်ပြောင်းလဲခြင်းဖြင့် ဈေးကွက်အကန့်အသတ်ကို
အကောင်းဆုံးကျော်လွှားနိုင်မည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့်
အစောပိုင်းတွင် မှိုမျိုးစေ့ အရည်အသွေးမမှန်ကန်ခြင်းကြောင့် အထွက်နှုန်းမတည်ငြိမ်သည့်
အခက်အခဲမျိုး ကြုံရနိုင်သော်လည်း ယင်းကို စိတ်ချရသော စိုက်ပျိုးရေးဓာတ်ခွဲခန်းများနှင့်
အရည်အသွေးအာမခံချက်ရှိသည့် မျိုးထုတ်လုပ်ငန်းများထံမှ စံချိန်မီ မျိုးစေ့များကိုသာ
ရွေးချယ်ဝယ်ယူသည့် အလေ့အထဖြင့် လွယ်ကူစွာဖြေရှင်းနိုင်သည်။ ထို့ကြောင့် မှိုစိုက်ပျိုးရေးတွင်
ကြုံတွေ့ရမည့် စိန်ခေါ်မှုများသည် ကြီးမားသောဆုံးရှုံးမှုများ မဟုတ်ဘဲ စိုက်ပျိုးသူ၏အလေးထားမှု၊
သန့်ရှင်းမှုနှင့် ဖန်တီးတီထွင်မှုတို့ဖြင့် လုပ်ငန်းကို ပိုမိုခိုင်မာအောင် ပံ့ပိုးပေးသည့်
သင်ခန်းစာများသာဖြစ်ပေသည်။
ခြုံငုံသုံးသပ်ရသော်
မှိုစိုက်ပျိုးရေးလုပ်ငန်းသည် သာမန်ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းထက် ပိုမိုဆန်းသစ်ပြီး
ထိရောက်သည့် ဒေသတွင်းစီးပွားရေး တွန်းအားတစ်ခုဖြစ်သည်။ ယင်းသည် နည်းပါးသော ရင်းနှီးမြှုပ်နှံမှုဖြင့်
ကျေးလက်နေပြည်သူများ အထူးသဖြင့် မြေယာမဲ့များနှင့် အမျိုးသမီးများအတွက် ရေရှည်တည်တံ့သော
မိသားစုဝင်ငွေကို ဖန်တီးပေးနိုင်ရုံတင်မကဘဲ ကျေးလက်နှင့် မြို့ပြအကြား ဖြစ်ပေါ်နေသည့်
ဆင်းရဲချမ်းသာ ကွာဟချက်ကိုလည်း သိသိသာသာ ကျဉ်းမြောင်းပေးနိုင်မည့် ရွှေရောင်အခွင့်အလမ်းတစ်ခုဖြစ်သည်။
ယခုအခါတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း
မှိုစိုက်ပျိုးလိုသူ တောင်သူများနှင့် မိသားစုများ လက်တွေ့အောင်မြင်မှု ရရှိစေရန်အတွက်
နည်းပညာဖြန့်ဝေပေးသည့် ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အခြားတစ်ဖက်တွင်လည်း
မြန်မာ့ရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်စေမည့် သုတေသနလုပ်ငန်းများကို
စနစ်တကျလုပ်ဆောင်နေသည့်အပြင် တောင်သူများ ယုံကြည်စိတ်ချစွာ ဝယ်ယူစိုက်ပျိုးနိုင်မည့်
အရည်အသွေးမြင့် စံချိန်မီမှိုမျိုးစေ့ ထုတ်လုပ်ငန်းများကိုပါ စွမ်းစွမ်းတမံ ကူညီပံ့ပိုးပေးလျက်ရှိရာ
မှိုစိုက်ပျိုးရေးလုပ်ငန်းသည် ပိုမိုခိုင်မာအားကောင်းသော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း
မှိုစိုက်ပျိုးထုတ်လုပ်မှုကို ကျေးလက်အခြေပြု အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး
(MSME) လုပ်ငန်းများအဖြစ် အားပေးမြှင့်တင်ရန် မဟာဗျူဟာများချမှတ်ကာ ဘက်စုံကဏ္ဍစုံမှ
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ MSME ကဏ္ဍနှင့် ချိတ်ဆက်လာခြင်းကြောင့် တောင်သူများအနေဖြင့်
တစ်နိုင်တစ်ပိုင် စိုက်ပျိုးရုံမျှမကဘဲ တန်ဖိုးမြှင့် မှိုအခြေခံစားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများအထိ
တိုးချဲ့နိုင်ရန် အတိုးနှုန်းသက်သာသော အထူးချေးငွေများ ထောက်ပံ့ပေးခြင်း၊ ဒေသတွင်းသမဝါယမအသင်းစုများနှင့်
ပူးပေါင်းကာ ကုန်ထုတ်လုပ်မှုကွင်းဆက် (Value Chain) ခိုင်မာစေခြင်း၊ လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့်
ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရန်အတွက် နည်းပညာရပ်ဆိုင်ရာ အခမဲ့သင်တန်းများပေးခြင်း
စသည့်လက်တွေ့ကျသော အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ပြီဖြစ်သည်။
ထို့ကြောင့် မိမိတို့၏ ဘဝတိုးတက်ရေးနှင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် အမှန်တကယ်ပြောင်းလဲလိုသူ မည်သူမဆို နိုင်ငံတော်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့၏ နည်းပညာ၊ ရန်ပုံငွေနှင့် မျိုးစေ့ပံ့ပိုးမှုများနှင့် ထိရောက်စွာ ချိတ်ဆက်ကာ တွက်ခြေကိုက်ပြီး ပျော်ရွှင်စရာကောင်းသော မှိုစိုက်ပျိုးရေးလုပ်ငန်းကို ရဲရဲဝံ့ဝံ့ စမ်းသပ်လုပ်ကိုင်ကြည့်ရင်း မိမိတို့၏အနာဂတ်ဝင်ငွေလမ်းကြောင်းကို စတင်ပုံဖော်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
No comments:
Post a Comment