Friday, August 7, 2026

လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု


 

ဝေယံ

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု (Unit Losses) လျော့နည်းရေးက အဓိကအချက်ဖြစ်ပါသည်။ လျှပ်စစ်ဌာန၏ ဝင်ငွေရရှိမှုအရှုံး၊ အမြတ်သည် ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်းပေါ်တွင်လည်း မူတည်နေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဓာတ်အားပျောက်ဆုံးမှုရာခိုင်နှုန်းမြင့်မားမှုတွင် တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် အရေးပါသောအချက်တစ်ခုဖြစ်ပါသည်။




ဓာတ်အားပျောက်ဆုံးမှု

လျှပ်စစ်ဓာတ်အားထုတ်လုပ်သော စက်ရုံ၊ လျှပ်စစ်ဓာတ်အားခွဲရုံက ထုတ်လုပ်ပို့လွှတ်ပေးသော လျှပ်စစ်ဓာတ်အားယူနစ်ပေါင်းနှင့် ဓာတ်အားသုံးစွဲသူများထံမှ တောင်းခံရရှိသော လျှပ်စစ်ယူနစ်ပေါင်းတို့၏ ကွာခြားယူနစ်ပမာဏ၏ ရာခိုင်နှုန်းပင်ဖြစ်ပါသည်။ ပို့လွှတ်ပေးသော ယူနစ်ပေါင်းက ၁၀၀၀၀၀ ယူနစ်ဖြစ်ပြီး ပြန်လည်တောင်းခံရရှိသော ဓာတ်အားယူနစ်ပေါင်းသည် ၈၀၀၀၀ ယူနစ်ဖြစ်ပါက ပျောက်ဆုံးယူနစ် ၂၀၀၀၀ ယူနစ်ဖြစ်ပြီး ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ၂၀ ရာခိုင်နှုန်း ဓာတ်အားပျောက်ဆုံးမှုဖြစ်ပါသည်။ အဆိုပါ ၂၀ ရာခိုင်နှုန်းတွင် တရားမဝင်ဓာတ်အားသုံးစွဲမှုသည် ၁၀ ရာခိုင်နှုန်းကျော် ပါဝင်နိုင်ပါသည်။

ဓာတ်အားပျောက်ဆုံးမှု ဘယ်နှမျိုးခွဲထားလဲ

လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကို အောက်ပါအတိုင်း နှစ်မျိုး ခွဲခြားထားပါသည် -

(က) နည်းပညာပိုင်းဆိုင်ရာ ပျောက်ဆုံးမှု (Technical Losses)။ ဓာတ်အားသုံးစွဲသူထံမရောက်မီ လျှပ်စစ်ဓာတ်အား ဖြတ်သန်းစီးဆင်းခဲ့ရသော ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများ၊ စက်ပစ္စည်းများ၊ လျှပ်စစ်မီတာများ (ရပ်၊ ပျက်၊ နှေး) များကြောင့် ဓာတ်အားဆုံးရှုံးမှုပင်ဖြစ်ပါသည်။ နည်းပညာဆိုင်ရာ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရန်အတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ အရည်အသွေးကောင်းရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ မီတာများစစ်ဆေးခြင်းနှင့် မီတာများအဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။

(ခ) နည်းပညာမဟုတ်သော ပျောက်ဆုံးမှု (Non-Technical Losses)။ အောက်ဖော်ပြပါ အချက်များကြောင့် ဖြစ်ပါသည် -

            (၁) ဓာတ်အားလိုင်းနှင့် သစ်ပင်သစ်ကိုင်းများထိနေခြင်း၊

            (၂) မီတာဖတ်မှုမမှန်ခြင်း၊

            (၃) တရားမဝင်ဓာတ်အားသုံးစွဲခြင်း။

ဓာတ်အားလိုင်းနှင့် သစ်ပင်သစ်ကိုင်းများထိနေခြင်း

ဓာတ်အားလိုင်းကြိုးများနှင့် သစ်ပင်သစ်ကိုင်းများထိနေခြင်းကြောင့် လျှပ်စစ်ဓာတ်အားသည် သစ်ပင်သစ်ကိုင်းမှတစ်ဆင့် မြေကြီးသို့ စီးဝင်မှုဖြစ်ပြီး ဓာတ်အားဆုံးရှုံးမှုဖြစ်စေပါသည်။ လျှပ်စစ်ဌာနအနေဖြင့် ဓာတ်အားလိုင်းနှင့်ထိနေသော သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ Insulated Cover ပါသောလိုင်းကြိုးများ အသုံးပြုခြင်းများ ဆောင်ရွက်ရပါမည်။

မီတာဖတ်မှုမမှန်ခြင်း

မီတာဖတ်မှုမမှန်ခြင်းတွင် အောက်ပါအချက် များကြောင့်ဖြစ်ပါသည် -

(က) မီတာဖတ်ရာတွင် အိမ်ရှင်မရှိ၍ အိမ်အတွင်း၊ ခြံအတွင်း တပ်ထားသောမီတာများ မဖတ်နိုင်ခြင်းဖြစ်ပါသည်။

(ခ)       မီတာဦးရေတိုးလာသော်လည်း ဝန်ထမ်းဖွဲ့စည်းပုံမတိုးခြင်းကြောင့် လျှပ်စစ်ရုံးများတွင် ယာယီနေ့စားဝန်ထမ်းများခန့်ထား၍ မီတာဖတ်ခြင်းများ ဆောင်ရွက်နေရသဖြင့် လုပ်ငန်းဆိုင်ရာအားနည်းမှု၊ စည်းကမ်းဖောက်ဖျက်မှုများကြောင့်ဖြစ်ပါသည်။

(ဂ) မြို့နယ်များတွင် အမျိုးအစားမတူသော မီတာများဖြစ်သည့် မျက်မြင်ဖတ်မီတာများ၊ OMR မီတာ (Remote ဖတ်မီတာ) နှစ်မျိုး၊ သုံးမျိုး ရောနှောတပ်ဆင်ထားခြင်းကြောင့် မီတာဖတ်စဉ်နှင့် Bill ထုတ်စဉ်တွင် မှားယွင်းမှု၊ အချိန်ကြန့်ကြာမှုများဖြစ်စေပါသည်။

တရားမဝင်ဓာတ်အားသုံးစွဲခြင်း

မီးသုံးသူများ၊ လုပ်ငန်းရှင်များက မိမိသုံးစွဲသည့် ဓာတ်အားယူနစ်အတိုင်း ကျသင့်ငွေကို ပေးဆောင်ရန်ဖြစ်ပါသည်။ အချို့မီးသုံးသူများ၊ လုပ်ငန်းရှင်များသည် မိမိအကျိုးအမြတ်ရရှိရေးအတွက် မသမာသောနည်းလမ်းများဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုကို ဆောင်ရွက်နေကြခြင်းကြောင့် နိုင်ငံတော်၏ဝင်ငွေများစွာ ဆုံးရှုံးလျက်ရှိပါသည်။ တရားမဝင်ဓာတ်အားသုံးစွဲမှု ဆောင်ရွက်နေသောနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) မီတာမလည်အောင်၊ မီတာလည်ပတ်မှုနှေးအောင် ဆောင်ရွက်ခြင်း။ (Analog မီတာများတွင် အများဆုံးပြုလုပ်ကြပါသည်။)

(ခ) မီတာမဝင်မီ လိုင်းကြိုးနေရာမှ မီးလိုင်းကိုဖောက်၍ အသုံးပြုခြင်း။

(ဂ) မီတာမရှိဘဲ ဓာတ်အားလိုင်းကြိုးမှချိတ်၍ အသုံးပြုခြင်း။

(ဃ) လမ်းမီးများ မီတာမရှိဘဲ ဓာတ်အားလိုင်းကြိုးမှချိတ်၍ အသုံးပြုခြင်း။ (နေ့ခင်းချိန်ပင် မပိတ်ဘဲထားမှုများရှိနေသည်။)

စစ်ဆေးအရေးယူဆောင်ရွက်ခြင်း

တရားမဝင်ဓာတ်အားသုံးစွဲမှုသည် လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးစဉ်ကာလကတည်းကပင် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးစဉ်က လျှပ်စစ်မီတာများ ရှားပါးမှုကြောင့် မီတာကို အိမ်ခြံအတွင်း၊ အိမ်အတွင်း တပ်ဆင်လာခဲ့ကြရာ ယခုကာလအထိဖြစ်ပါသည်။ လူ့သဘော လူ့သဘာဝအရ “လွယ်လျှင် သူကြွယ်ပင် လက်ဆော့” ဆိုစကားအတိုင်း မသမာသောနည်းများဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများရှိလာပြီး ဌာနကလည်း စစ်ဆေးအရေးယူမှုများလည်း ဆောင်ရွက်ခဲ့ကြပါသည်။ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်တို့က စစ်ဆေးရေးအဖွဲ့များနှင့် စစ်ဆေးခြင်း၊ ရုံးချုပ်ကလည်း အထူးစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကြပြီး ဒဏ်ကြေးနစ်နာကြေးများ တောင်းခံခြင်း၊ တရားစွဲဆိုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ သို့ရာတွင် မီတာကို ခြံတွင်း၊ အိမ်တွင်း တပ်ဆင်ထားခြင်းများတွင် စစ်ဆေးရေးအဖွဲ့များပြန်သွားသည်နှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုကို ပြန်လည်ပြုလုပ်လေ့ရှိကြသည်ကို တွေ့ခဲ့ကြသည်။ လျှပ်စစ်ဌာနက အရှုံးပေါ်၍ ဓာတ်အားခတိုးမြှင့်ကောက်ခံရာတွင် စည်းကမ်းလိုက်နာသော မီးသုံးစွဲသူများကသာ တိုးမြှင့်ပေးဆောင်ကြရပါသည်။

တရားမဝင် ဓာတ်အားသုံးစွဲမှု လျော့နည်းစေရေး ဆောင်ရွက်ရန်

တရားမဝင် ဓာတ်အားသုံးစွဲမှု လျော့နည်းစေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးဌာနများ၊ ကုမ္ပဏီများက အောက်ပါအချက်များကို ဆောင်ရွက်ကြပါသည်-

(က) မီတာတပ်ဆင်မှုစနစ်။ မီတာတပ်ဆင်မှုစနစ်ကောင်းမွန်ပါက တရားမဝင် ဓာတ်အားသုံးစွဲမှုလျော့နည်းပြီး လူအင်အား (Manpower) အသုံးပြုနေရမှုကို များစွာလျှော့ချနိုင်ပါသည်။

(ခ) Seal ခတ်ခြင်း။ မီတာအသစ်တစ်လုံး တပ်ဆင်ရာတွင် တရားမဝင် ဓာတ်အားသုံးစွဲခြင်းမှ ကာကွယ်ရန်အတွက် Meter Seal ၊ Terminal Seal ၊ Box Seal ဟူ၍ သုံးမျိုးခတ်ထားရပြီး Seal များတွင် Code နံပါတ် ၃ လုံးမှ ၅ လုံးအထိ ပါရှိပါသည်။ မီတာနံပါတ်၊ မီးသုံးစွဲသူလယ်ဂျာစာရင်းနှင့်တွဲ၍ Seal နံပါတ်များပါ တွဲမှတ်ထားရပါသည်။ ပုဂ္ဂလိက ထရန်စဖော်မာများ၏ ၄၀၀ ဗို့အထွက် ငုတ် (LT bushing cover) များကိုလည်း Seal ခတ်ရပါသည်။ Seal များကိုလည်း လုံခြုံစိတ်ချရသောနေရာမှ သီးခြားမှာယူတင်သွင်းရပါသည်။ မီတာ Box Cover များမရှိပါက ပြန်လည်တပ်ဆင်ရပါသည်။

(ဂ) ရပ်၊ ပျက်၊ နှေး မီတာများ။ ရပ်၊ ပျက်၊ နှေး မီတာများ ရှိ/ မရှိကို ပုံမှန်စစ်ဆေးပြီး အမြန်ဆုံးလဲလှယ်တပ်ဆင်ပေးရပါမည်။ မီတာလဲရန်မရှိ၍ ပျမ်းမျှနှုန်းဖြင့် ကောက်နေမှုသည်လည်း ဓာတ်အားပျောက်ဆုံးမှုများစေပါသည်။

(ဃ) မီတာပြတ်လပ်မှုမရှိရန်လိုအပ်။ မီတာလျှောက်ထားသူများအတွက် အချိန်ကြန့်ကြာမှုမရှိဘဲ တပ်ဆင်ပေးနိုင်ရန်၊ ရပ်၊ ပျက်၊ နှေး မီတာများ အမြန်ဆုံးလဲလှယ်နိုင်ရန်နှင့် သဘာဝဘေးဒဏ်ကြောင့် မီတာပျက်စီးမှုများကို အမြန်ဆုံးပြုပြင်ပေးနိုင်ရန်အတွက် ဌာနအနေဖြင့် မီတာပြတ်လပ်မှုမရှိအောင် စတိုတွင် အမြဲရှိအောင်ဆောင်ရွက်ထားကြရပါသည်။ ကုန်ပစ္စည်းရောင်းသည့်ကုမ္ပဏီသည် ပစ္စည်းပြတ်လပ်မှုမရှိအောင် ဖြည့်ဆည်းပေးနေရသည့်နည်းတူ မီတာပြတ်လပ်မှုမရှိအောင် မီတာတပ်ဆင်ရငွေများကို သီးခြားစာရင်း (Other Account) ထားရှိပြီး ယင်းရငွေများဖြင့် ထပ်မံဝယ်ယူရပါသည်။ မီတာပြတ်လပ်မှုမရှိ ဖြည့်ဆည်းပေးနိုင်ပါက မသမာသူအချို့၏ တရားမဝင် မီတာဈေးကွက် ဆောင်ရွက်မှု၊ မီတာဖြုတ်ခိုးရောင်းချခြင်းများ ပျောက်သွားမည်ဖြစ်ပါသည်။

(င) မီတာကို အိမ်ခြံအပြင်တွင် တပ်ဆင်ခြင်း။ နိုင်ငံတကာတွင် မီတာများကို အိမ်ခြံဝင်းအပြင်ဘက်တွင် တပ်ဆင်ထားကြပါသည်။ အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူတို့တွင် မီတာများကို ခြံအပြင်တွင် တပ်ဆင်ထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အိမ်ခြံအပြင်တွင် တပ်ဆင်ခြင်းသည် မီတာဖတ်ရန်၊ မီတာစစ်ဆေးပြုပြင်ရန် လွယ်ကူခြင်း (အိမ်ပိတ် ခြံပိတ်မှု)၊ မီးသုံးသူအနေဖြင့် ဝန်ထမ်းအယောင်ဆောင်သူများ၏ ငွေလိမ်လည်မှု၊ လုယက်မှုများနှင့် ရောဂါကူးစက်မှုများ ကင်းရှင်းမှုများမှ ကာကွယ်ပေးနိုင်ပါသည်။

မီတာကို အိမ်ခြံဝင်းအတွင်း ထားရှိခြင်းသည် တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုအတွက် ဆောင်ရွက်ရန်လွယ်ကူမှုရှိပြီး ဖမ်းဆီးရမိရန်ခက်ခဲပါသည်။ စစ်ဆေးရေးအဖွဲ့ အသံကြားသည်နှင့် ခြံတံခါးမဖွင့်ပေးမီ ခြေရာလက်ရာဖျောက်ထားနိုင်ပါသည်။ မီတာများကို ခြံအပြင် အုတ်နံရံ၊ ဓာတ်တိုင်များတွင် တပ်ဆင်ထားခြင်းဖြင့် မီတာမဝင်မီ ဆားဗစ်ကြိုးမှဖောက်၍ တရားမဝင် ဓာတ်အားသုံးစွဲမှုကို မဆောင်ရွက်နိုင်တော့ခြင်း၊ ဆားဗစ်ကြိုး Losses ကိုပါ သက်သာစေပါသည်။ မီတာမဝင်ခင် ဆားဗစ်ကြိုးကဖောက်၍ သီးခြားချိတ်ဆက်အသုံးပြုခြင်းသည် မီတာမတပ်ဘဲ လိုင်းကိုချိတ်၍ အသုံးပြုနေခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် နိုင်ငံတကာတွင် မီတာများကို အိမ်ခြံဝင်းအပြင်တွင် တပ်ဆင်ထားကြခြင်းလည်းဖြစ်ပါသည်။

(စ) ဝန်ထမ်းပိုင်း။ တရားမဝင် ဓာတ်အားသုံးစွဲမှုလျော့နည်းစေရေးတွင် ဝန်ထမ်းများ စည်းကမ်းလိုက်နာမှု၊ တာဝန်သိမှုများရှိရန် လိုအပ်ပါသည်။ ဝန်ထမ်းများကို အသိပညာပေးခြင်း၊ ဝန်ထမ်းသက်သာချောင်ချိရေးများ ဆောင်ရွက်ပေးခြင်းများဖြင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးရပါမည်။ စည်းကမ်းဖောက်ဖျက်သော ဝန်ထမ်းများကိုလည်း အရေးယူအပြစ်ပေးရပါမည်။ ဆုပေး၊ ဒဏ်ပေးကို ဆောင်ရွက်ရပါမည်။

Pilot Project စမ်းသပ်မှု

နေပြည်တော် လယ်ဝေးမြို့၌ ၂၀၁၂ ခုနှစ်က Pilot Project ဖြင့် Analog မီတာအဟောင်းများ နေရာတွင် OMR မီတာ (Off-side Meter Reading) စနစ်ဖြင့် တစ်မြို့လုံးလဲလှယ်ခဲ့ရာတွင် အိမ်ခြံအပြင် ဓာတ်တိုင်များတွင်ပါ တပ်ဆင်ခဲ့ပါသည်။ မီတာတပ်ဆင်ပြီး ဓာတ်အားပျောက်ဆုံးမှုကို နှိုင်းယှဉ်ကြည့်ရာတွင် ယခင်က ၂၅ ရာခိုင်နှုန်းကျော်ရှိရာမှ ရပ်၊ ပျက်၊ နှေး မီတာများမရှိတော့ခြင်း၊ တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိနိုင်တော့ခြင်းတို့ကြောင့် ၁၂ ရာခိုင်နှုန်းသာရှိတော့ကြောင်း တွေ့ရှိခဲ့ရပါသည်။ ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ခြင်းကြောင့် လစဉ်ဝင်ငွေ ၁၃ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ပြီး မြို့တစ်မြို့၏ မီတာအသစ်လဲလှယ်မှု ကုန်ကျစရိတ်ကို တစ်နှစ်အတွင်း ရရှိစေပါသည်။

အဆိုပါလယ်ဝေးမြို့ Pilot Project ပြီးနောက် မြို့ကြီးများတွင် Analog မီတာများနေရာတွင် OMR မီတာများဖြင့် အစားထိုး၍ ဓာတ်တိုင်များပေါ်တွင် တပ်ဆင်ခဲ့ကြခြင်းဖြစ်ပါသည်။ မီးသုံးစွဲသူများကိုလည်း Analog မီတာများနှင့် Digital မီတာများ မီတာတက်ယူနစ်တူညီကြောင်းကို လက်တွေ့စမ်းသပ်ပြခြင်း၊ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရိုးရိုးနာရီနှင့် Quartz နာရီအချိန်မှန်မှု ဥပမာဖြင့် ရှင်းပြရခြင်း၊ Complain များကိုလည်း ကွင်းဆင်းမီတာဖတ်ပြခြင်းဖြင့် ဖြေရှင်းမှုများကို ဆောင်ရွက်ကြရသည်။ မီတာများကို ဖျက်ဆီးမှုမပြုနိုင်ရန်အတွက် တိုင်ပေါ်တွင် တင်ထားရခြင်းဖြစ်ပါသည်။

မီတာကိုမမြင်ရ၍ မီတာဖတ်မှုမမှန်ခြင်း မဟုတ်ပါ။ မီတာဖတ်ဝန်ထမ်းအခက်အခဲ၊ ဝန်ထမ်းစည်းကမ်းဖောက်မှုများကြောင့်သာ မီတာ Bill များ မမှန်ခြင်းဖြစ်ရာ မီတာများ အိမ်ခြံအတွင်း ပြန်လည်တပ်ဆင်ခြင်းဖြင့် မီးသုံးသူအချို့၏ Complain ကို ဖြေရှင်းရာမရောက်ဘဲ ဓာတ်အားပျောက်ဆုံးမှု (Losses) သာ တိုးလာမည်ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် တွင် မီတာလေးမျိုးစနစ် (4 Meter စနစ်) ကို ဆောင်ရွက်ခဲ့ပြီး အမျိုးအစားကွဲ Brand များ ဝယ်ယူကာ မီတာများကို အိမ်ခြံအတွင်း တပ်ဆင်ပေးခဲ့သည့်အတွက် မီတာဖတ်၊ Bill ထုတ်စနစ်များ ရှုပ်ထွေးမှုဖြစ်ကာ မီတာစနစ်ကို နောက်ပြန်ရောက်သွားခဲ့ပါသည်။

ငွေကောက်ခံမှုစနစ် (Billing System)

ငွေကောက်ခံမှုစနစ် ကောင်းမွန်စေရန်အတွက် အောက်ပါအချက်များကို ဆောင်ရွက်ရမည်ဖြစ်ပါသည် -

(က) မျက်မြင်မီတာဖတ်နေရာများတွင် ခေတ်မီမီတာစနစ်များဖြင့် အစားထိုးတပ်ဆင်ဆောင်ရွက်သွားခြင့်ဖြင့် မှန်ကန်မှု၊ မြန်ဆန်မှုရှိခြင်း၊ Billing Software များဖြင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ငန်းအားလုံးကို ဆောင်ရွက်ပေးနိုင်ခြင်းတို့ကို ရရှိပါသည်။ လူအင်အား (Manpower) များစွာလျှော့ချနိုင်မည်ဖြစ်ရာ ဝန်ထမ်းအင်အားအခက်အခဲနှင့် ဝန်ထမ်းစရိတ်များကို သက်သာမှုရရှိစေပါသည်။

(ခ) မီတာခပေးဆောင်ခြင်းကို Online စနစ်၊ ဘဏ်စနစ်တို့ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ရပါမည်။ မီတာ Bill ပေးဆောင်နိုင်သော Online ဆက်သွယ်ထားသော ဆိုင်ငယ်လေးများမှတစ်ဆင့် မီးသုံးသူများ ငွေပေးဆောင်မှုကို လွယ်ကူစေပါမည်။

(ဂ) ခေတ်မီ မီတာဖတ်စနစ်များ အသုံးပြုခြင်းဖြင့် မီတာဖတ်ရသော လူအင်အားကို လျှော့ချနိုင်သော်လည်း Bill ဝေရခြင်းကို ဆောင်ရွက်နေခြင်းကြောင့် လူအင်အားများစွာ ပြန်အသုံးပြုနေရသည်။ ခေတ်မီနည်းပညာဖြင့် မီတာဖတ်နိုင်ခြင်းကြောင့် လူအင်အားများစွာ အသုံးပြုနေရသော Bill ဝေခြင်းကို Online စနစ်၊ လျှပ်စစ်ရုံးသို့ လာရောက်ကြည့်ရှု၍ Bill ဆောင်သောစနစ်ကို ဆောင်ရွက်ကြပါသည်။

အပြစ်ပေး အရေးယူစနစ်

တရားမဝင် ဓာတ်အားသုံးစွဲသူ အရေးယူရာတွင် ဒဏ်ကြေးနစ်နာကြေးတောင်းခံခြင်း၊ မီးဖြတ်ခြင်း၊ မီးသုံးစွဲမှုပိတ်ခြင်းများဖြင့် အရေးယူဆောင်ရွက်ကြပါသည်။ အချို့နိုင်ငံများတွင် ပြစ်မှုမကျူးလွန်ရဲအောင် ဒဏ်ငွေပေးဆောင်မှုအပြင် ထောင်ဒဏ်ပါ ချမှတ်ကြပါသည်။ လျှပ်စစ်ဥပဒေအရ တရားစွဲဆိုမှု၊ ပြစ်ဒဏ်ချမှတ်မှုများကိုလည်း မြန်ဆန်မှုရှိသောစနစ်ဖြင့် ဆောင်ရွက်ကြပါသည်။

ပံ့ပိုးကူညီသူကိုပါ အရေးယူရမည်

တရားမဝင် ဓာတ်အားသုံးစွဲနိုင်အောင် လျှပ်စစ်ကျွမ်းကျင်သူများက ဆောင်ရွက်ပေးကြခြင်းဖြစ်ပါသည်။ ပြင်ပလျှပ်စစ်ကျွမ်းကျင်သူများနှင့် စည်းကမ်းဖောက်ဝန်ထမ်းများလည်း ပါဝင်ပတ်သက်ကြမည်ဖြစ်ပါသည်။ မီတာဖြုတ်ခိုးသူများသည် တစ်နေရာတွင် တပ်ဆင်ပေးခြင်းဖြစ်ရာ ယင်းမီတာနံပါတ်များ စစ်ဆေးတွေ့ရှိနိုင်ပါသည်။ တရားမဝင် ဓာတ်အားသုံးစွဲမှုရအောင် ပူးပေါင်းဆောင်ရွက်ပေးသူကိုပါ ဖော်ထုတ်အရေးယူပါက ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်းသွားနိုင်မည်ဖြစ်ပါသည်။

Smart Meter စနစ်

Smart Meter စနစ်သည် ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွက် အဆင့်မြင့်စနစ်ဖြစ်ပါသည်။ Online ဖြင့် မီတာဖတ်ခြင်း၊ Bill ထုတ်ခြင်း၊ ဘဏ္ဍာရေးစာရင်းများဆောင်ရွက်ခြင်း၊ Online မီတာခပေးချေခြင်း၊ မီးသုံးသူများက Android Phone ဖြင့် မိမိဓာတ်အားသုံးစွဲမှုကို Update ဝင်ကြည့်နိုင်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ၏ ဝန်အားသုံးစွဲမှု၊ ချို့ယွင်းမှုတို့ကို ကြည့်ရှုနိုင်ခြင်းဖြင့် ပြုပြင်ထိန်းသိမ်းမှု (Maintenance) အပိုင်းကိုလည်း များစွာအထောက်အကူဖြစ်စေပါသည်။

Smart Meter စနစ်ဖြင့် တရားမဝင် ဓာတ်အားသုံးစွဲမှုကို Monitor လုပ် ဖော်ထုတ်ပေးခြင်း၊ သံသယဖြစ်သော မီးသုံးသူစာရင်း (Yellow List) ကို ဖော်ပြပေးခြင်း၊ မီတာချို့ယွင်းမှုကိုလည်း ဖော်ထုတ်ပေးခြင်း၊ ဓာတ်တိုင်တက်ရန်မလို Online ဖြင့် ဓာတ်အားဖြတ်တောက်မှု (မီတာကိုပိတ်ခြင်း) ဆောင်ရွက်နိုင်ခြင်းများကြောင့် တရားမဝင် ဓာတ်အားသုံးစွဲမှုကို လျော့နည်းစေရေးတွင် များစွာထိရောက်မှုရှိမည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရပါက တရားမဝင် ဓာတ်အားသုံးစွဲမှုလျှော့ချနိုင်ရန် မြေပြင်အနေအထားအရ ကြိုတင်ကာကွယ်နိုင်မှု၊ ခေတ်မီနည်းပညာဆန်းသစ်မှုတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ မီတာမှန်မှန်ဖတ်နိုင်အောင် ဆောင်ရွက်နိုင်ခြင်းသည် မီးသုံးစွဲသူ၏ယုံကြည်မှုကို ရရှိမည်ဖြစ်ပါသည်။ မီတာများ ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးခြင်းသည် တရားမဝင် မီတာဈေးကွက်ဖြစ်မှု၊ မီတာအခိုးခံရမှုတို့ကို တားဆီးနိုင်ပါမည်။ ဓာတ်အားပျောက်ဆုံးမှုကို လျှော့ချနိုင်ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိလာပြီး ဓာတ်အားထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုကုန်ကျစရိတ်များကို အထောက်အကူဖြစ်လာပါမည်။ ။

No comments:

Post a Comment