Wednesday, August 26, 2026

ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည် တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ

 


နေပြည်တော် ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ မှ ၁၁/၆ + ၃၀၀ နေရာ၌ တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တွင် ယနေ့နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြစ်ကမ်းပါးရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီသွားရောက်ကြည့်ရှုစစ်ဆေးပြီး တာကိုယ်ထည်တိုက်စားမှုဖြစ်ပေါ်ခဲ့သည့် နေရာ၏အနောက်ဘက် ပေ ၂၀၀ ခန့်အကွာတွင် အလျားပေ ၇၀၀၊ အမြင့် ၁၀ ပေ ယာယီတာပတ်ခြင်း (Ring Bund) လုပ်ငန်းများကို စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်ခြင်း၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ သဲအိတ်ဆင့်ခြင်း၊ တာထောက်ခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြစ်ကမ်းပါးရေတိုက်စားမှုဖြစ်ပွားသည့်နေရာတွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း ဩဂုတ် ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် နိုင်လွန်ပိုက်နှင့်ရေရှိန်သတ်နုန်းဖမ်းခြင်းလုပ်ငန်းလေးခုကို ဆောင်ရွက်ခဲ့သော်လည်း ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ မြစ်ကမ်းပါးရေတိုက်စားမှု ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီးရှိ ချောင်းကြီး၊ ဂန်ချောင်း၊ မာယူနှင့် ထုံးဝစသည့်ကျေးရွာများကိုလည်း ရေဘေးလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့နိုင်ရေးအကြောင်းကြားထားပြီး တာပတ်ခြင်းလုပ်ငန်းဆောင်ရွက်သည့်နေရာအနီးရှိ လူနေအိမ်များကိုလည်း ဘေးလွတ်ရာသို့ပြောင်းရွှေ့နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment