ရန်ကုန် ဩဂုတ် ၁၈
အကျုံးဝင်အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ကုန်ထုတ်လုပ်ငန်း လည်ပတ်စေနိုင်ရန်အတွက် အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များပါဝင်သော ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် ယနေ့တွင် G & F (Myanmar) Garment Co., Ltd.(CMP) အထည်ချုပ်စက်ရုံရှိ အာမခံအလုပ်သမား ၁၆၈၈ ဦးကို လိုအပ်သောဆေးကုသမှုများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများနှင့် ECG စက်ဖြင့် နှလုံးစစ်ဆေးခြင်းများ၊ မျက်စိစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကုသပေးနေခြင်းကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါစက်ရုံတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တို့နှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးကာ လှည်းကူးမြို့နယ်ရှိ Garment & Process Global Co., Ltd. အထည်ချုပ်စက်ရုံသို့သွားရောက်ပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများ၊ ဌာနကြီးဆေးခန်းများနှင့် စာချုပ်ဆေးခန်းများဖြင့် ဆေးကုသမှုဝန်ဆောင်မှုဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးကွာသော စက်ရုံ၊ အလုပ်ဌာနများ၊ ဆေးရုံ၊ ဆေးခန်းများသို့သွားရောက်ရန် အခက်အခဲရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်ရည်ရွယ်၍ ရွေ့လျားဆေးကုသယာဉ် လေးစီးဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ခရီးစဉ်များရေးဆွဲကာ စက်ရုံ၊ အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်တွင် အာမခံအလုပ်သမားလူနာဦးရေ ၁၃၆၁၃၀ နှင့် ၄/၂၀၂၆ လမှ ၇/၂၀၂၆ လအထိ အာမခံအလုပ်သမားလူနာဦးရေ ၅၈၂၈၅ ဦးတို့အား စက်ရုံ၊ အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment