နေပြည်တော် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်/ ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားလျက်ရှိရာ လေးမျက်နှာမြို့နယ်အတွင်း
ဩဂုတ် ၁၄ ရက်တွင် ငဝန်မြစ်ရေသည် ခုနစ်ပေ ကိုးလက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ရာမှ
ယနေ့တွင် ငါးပေနှစ်လက်မခန့်သာ ကျန်ရှိတော့သဖြင့် နှစ်ပေခြောက်လက်မခန့်
ကျဆင်းသွားခဲ့ကြောင်း၊ ရေကြည်မြို့နယ်၌ ဩဂုတ် ၂၄ ရက်တွင် ၁၁ ပေ နှစ်လက်မခန့်ထိ
အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ကိုးပေရှစ်လက်မခန့်သာ ကျန်ရှိတော့သဖြင့် တစ်ပေနှစ်လက်မခန့်
ကျဆင်းသွားခဲ့ကြောင်းနှင့် ငသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၃
ရက်တွင် ၁၀ ပေ ကိုးလက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ကိုးပေ ၁၁
လက်မခန့်သာ ကျန်ရှိသဖြင့် ၁၀ လက်မခန့်ကျဆင်းသွားခဲ့ကြောင်း သိရသည်။
ရေပြန်လည်ကျဆင်းသွားသည့် လေးမျက်နှာ-ဟင်္သာတသွား
ကားလမ်းမကြီးနှင့် အချို့နေရာများအား အများပြည်သူနှင့် မော်တော်ယာဉ်များ
အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ
စုပေါင်း၍ ကားလမ်းမကြီးပေါ်၌ တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်သရိုက်များအား
ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ငဝန်ပန်းတာရေဝင်ရောက်မှုကို
ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် Geobags သဲအိတ် ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း
သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့်
ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို စက်ယန္တရားများနှင့်
လုပ်အားစုများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှုတားဆီးကာကွယ်ရေး
လုပ်ငန်းဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက
သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment