Sunday, August 30, 2026

ပဲခူးမြို့ကို သန့်ရှင်းစိမ်းလန်းပြီး လှပသောမြို့တော်တစ်ခုဖြစ်စေရေး ဘက်ပေါင်းစုံမှဆောင်ရွက်နေ



ပဲခူး ဩဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့ကို တစ်ပြိုင်တည်းဖော်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့နှင့်အနီးဝန်းကျင်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ရှိ ဈေးရုံအမှတ်(A) အသစ်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ ဈေးရုံအဟောင်းများကို နှစ်အလိုက် အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များတွက်ချက်တင်ပြရေးနှင့် စည်ပင်သာယာဈေးများကို အဆင့်မြင့်ဈေးရုံများအဖြစ် ပြန်လည်တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ကလိကျေးရွာရှိ ထီးတော်ကျတံတား ပျက်စီးနေမှုကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် သံဘောင်တံတားတစ်စင်း အမြန်ဆုံးတည်ဆောက်ပေးရေး လမ်းညွှန်မှာကြားခဲ့ပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်သို့ရောက်ရှိကာ နန်းတော်အဆောက်အဦများနှင့် ဆက်စပ်လုပ်ငန်းများ အဆင့်မြှင့်တင်နေမှုကို စစ်ဆေးခဲ့သည်။ သမိုင်းဝင်အဆောက်အဦများ၊ အသုံးအဆောင်ပစ္စည်းများနှင့် တူးဖော်ရရှိသည့် ကုန်းများမှ သမိုင်းဆိုင်ရာအထောက်အထားများကို စနစ်တကျထိန်းသိမ်းထားရှိရေး၊ နန်းတော်ပန်းခြံအတွင်း သန့်ရှင်းသပ်ရပ်ပြီး အမှိုက်ကင်းစင်စေရေးနှင့် ရာသီအလိုက် ပန်းရောင်စုံဖူးပွင့်စေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသကြက်ကောင်ရေ (၁၀,၀၀၀) စံပြမွေးမြူရေးခြံ တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးကာ ဒေသခံမွေးမြူရေးဝါသနာရှင်များ လာရောက်လေ့လာနိုင်မည့် စံပြမွေးမြူရေးခြံတစ်ခုဖြစ်စေရေးနှင့် ဒေသမျိုးကြက်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပဲခူးစက်မှုဇုန်အဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းဘေးဝဲယာရှိ အရိပ်ရအပင်များ ရှင်သန်ကြီးထွားစေရေးနှင့် လမ်းပိုင်းအလိုက် ပျက်စီးမှုများကို “ချက်ချင်းပြင်၊ချက်ချင်းကောင်း” စနစ်ဖြင့် ထိန်းသိမ်းပြုပြင်ရေး မှာကြားခဲ့သည်။

ယင်းနောက် ပဲခူးမြစ်ကမ်းဘေးရှိ ဇိုင်းဂနိုင်းမြောက်ပိုင်း ပန်းခြံတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ပန်းခြံအတွင်း စိုက်ပျိုးထားသည့်အပင်များကို စနစ်တကျထိန်းသိမ်းပြီး လှပညီညာစွာ ရုပ်လုံးပေါ်စေရေး၊ ကလေးကစားကွင်းနှင့် ကိုယ်လက်လှုပ်ရှား ကျန်းမာရေးပစ္စည်းများ ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့အပြင် ပဲခူးမြစ်ဘေးရှိ ပန်းလှိုင်ပန်းခြံတည်ဆောက်နေမှု၊ ပန်းလှိုင်တာ ကြံ့ခိုင်မှုနှင့် တာပေါ်သို့အတက်အဆင်းလမ်းများ ကောင်းမွန်မှုရှိစေရေးတို့ကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုများသည် ပဲခူးမြို့၏သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြည်ရေး၊ အများပြည်သူအပန်းဖြေနေရာများ ကောင်းမွန်ရေးနှင့် မြို့ပြအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေးတို့ကို တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအနက် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)

No comments:

Post a Comment