Tuesday, August 18, 2026

အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် နာတာရှည် ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက်တပ်ဆင်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 


နေပြည်တော် ဩဂုတ် ၁၇

ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) တွင် နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံ အလုပ်သမားများအတွက် ကျောက်ကပ်သွေးသန့်စင် ဆေးကြောစက်တပ်ဆင်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဆေးရုံမှ သိရသည်။

ကြည့်ရှုစစ်ဆေး

အဆိုပါဆေးရုံတွင် ကျောက်ကပ်သွေးသန့်စင်ဆေးကြောစက် တပ်ဆင်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်မည့် နေရာနှင့် ဆောင်ရွက်နိုင်မည့်အခြေအနေကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ သွားရောက်စဉ် ဆေးရုံတက်ရောက်ကုသနေသော အာမခံအလုပ်သမားလူနာများကို လှည့်လည်ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။

ထို့အတူ အလုံမြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ ပျက်စီးနေသော လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၊ ကြည့်မြင်တိုင်မြို့နယ် လူမှုဖူလုံရေးဆေးခန်း အဆောက်အအုံဟောင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ရမည့် အဆောက်အအုံများနှင့် အသစ်ထပ်မံတည်ဆောက်ရမည့် အဆောက်အအုံများကို ရေရှည်တည်တံ့နိုင်စေရေး အစီအစဉ် များ ရေးဆွဲဆောင်ရွက်သွားရန် မှာကြားသည်။

ယနေ့နံနက်ပိုင်းကလည်း လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းကျောင်း၌ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအတွက် ဖွင့်လှစ်ခဲ့သည့် သင်တန်း အမှတ်စဉ် (၁၄/၂၀၂၆) သင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်သည်။

ဖွင့်လှစ်ပို့ချ

အဆိုပါသင်တန်းကို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဝင်များ၏ ဘာသာရပ်ဆိုင်ရာအရည်အသွေးတိုးတက်စေရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာစီမံခန့်ခွဲမှု စနစ်တည်ထောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ကော်မတီဝင်များ၏ အသိ အမြင်များ တိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လစဉ်ဖွင့်လှစ်ပို့ချပေးလျက်ရှိကာ လက်ရှိအချိန်ထိ စက်ရုံ ၁၂၈၅ ရုံမှ သင်တန်းသား ၁၃၇၇ ဦးကို သင်တန်းပို့ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment