နေပြည်တော် ဩဂုတ် ၁၇
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများ ထိခိုက်စေ၍ အများပြည်သူအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုပါ အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ခုအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိရောက်စွာ ရှာဖွေနှိမ်နင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားများကို အခြေချလုပ်ကိုင်ရာတွင် အသုံးပြုခဲ့ကြသည့် တရားမဝင်အဆောက်အအုံများ ပြန်လည်အသုံးပြုနိုင်အောင်ကိုလည်း အပြီးတိုင် စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့
အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်း
မရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက်
တပ်မတော်စစ်ကြောင်းများက တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်
ပူးပေါင်းပါဝင်မှုများနှင့်အတူ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း
နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် အဆိုပါဒေသအတွင်း
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချနေထိုင်လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ
လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၇ ရက်တွင်
အဆိုပါဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်
လူနေအဆောက်အအုံ ၈ လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေကြသူ
အမျိုးသား ၆၅၂ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ စုစုပေါင်း ၇၇၇ ဦးတို့အား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အထက်ပါဖြစ်စဉ်မှ
သိမ်းဆည်းရမိလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်
အသုံးပြုခဲ့သည့် ကွန်ပျူတာ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးနှင့် Star Link ၁
လုံးတို့ကိုလည်း ပြန်လည်အသုံးမပြုနိုင်စေရန်အတွက် ဩဂုတ်လ ၁၂
ရက်တွင် မီးရှို့ဖျက်ဆီးပြီးဖြစ်သည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့်နေရာရှိ
အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် နိုင်ငံတော်မှ ခွင့်ပြုချက်မရှိဘဲ
တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ပြန်လည်အသုံးပြုခြင်းမရှိစေရန်အတွက်
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ဌာနဆိုင်ရာအဖွဲ့များဖြင့်
ဖြိုဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်တွင်
အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် ၂
ထပ်တိုက်လူနေအဆောက်အအုံ ၂ လုံးအားလည်းကောင်း၊ ဩဂုတ်လ ၁၃ ရက်တွင် ၁
ထပ်လူနေအဆောက်အအုံ ၁ လုံးအားလည်းကောင်း၊ ဩဂုတ်လ ၁၄ ရက်တွင် ၁ ထပ် လူနေအဆောက်အအုံ ၁
လုံးအားလည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်တွင် ၁ ထပ်လူနေအဆောက်အအုံ ၁ လုံးအားလည်းကောင်း၊
ဩဂုတ်လ ၁၆ ရက်တွင် ၁ ထပ်လူနေအဆောက်အအုံ ၁ လုံးအားလည်းကောင်း၊ ယနေ့တွင် ၁
ထပ်လူနေအဆောက်အအုံ ၁ လုံးနှင့် ၃ ထပ်လူနေအဆောက်အအုံ ၁ လုံးတို့အားလည်းကောင်း၊
စုစုပေါင်းအဆောက်အအုံ ၈ လုံးကို ယမ်းများဖြင့် စနစ်တကျ
ဖောက်ခွဲဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင်
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါနယ်မြေအတွင်း
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်မှုမရှိစေရေး
နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဩဂုတ် ၂ ရက်မှစ၍ တစ်ဆင့်ပြီးတစ်ဆင့်
သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင်
အထက်ပါဖမ်းဆီးရမိခဲ့သည့်နေရာ၏ အရှေ့တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင်
အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျား ၁၀၀ ပေ၊ အနံ
၄၀ ပေ သွပ်မိုး ၁ ထပ်အဆောက်အအုံ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေ၊ သွပ်မိုး ၁ ထပ်
အဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၄၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊
အလျား ၅၀ ပေ၊ အနံ ၂၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၉၀ ပေ၊ အနံ ၂၀ ပေ
သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ Steel Structure ရေတိုင်ကီအကြီး
၂ လုံးပါ သွပ်မိုးအဆောက်အအုံ ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း
သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့်
နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား
အကာအကွယ်ပေးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး
အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ
သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။











































No comments:
Post a Comment