နေပြည်တော် ဩဂုတ် ၁၉
ရှမ်းပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးနှင့် လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ တောင်ကြီးနှင့်ကလောမြို့နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် ယမန်နေ့က တောင်ကြီးမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြည်နယ်တာဝန်ခံများက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ခဲ့သောလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးခြင်းအပါအဝင် စိုက်ပျိုးမွေးမြူရေးထွက်ကုန် တင်သွင်းတင်ပို့ခြင်းလုပ်ငန်းများအား တည်ဆဲဥပဒေနှင့်အညီဖြစ်စေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်၊ အခြေခံပညာအထက်တန်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးသိပ္ပံကျောင်းများနှင့် အဆင့်မြှင့်တင်ဖွင့်လှစ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးကောလိပ်များတွင် သတ်မှတ်ကျောင်းသား ကျောင်းသူဦးရေပြည့် သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများက အားပေးကူညီရန်၊ ကုန်းမြင့်လယ်ယာမြေများဖော်ထုတ်ရာတွင် စိုက်ပျိုးရန်သေချာသည့်ဒေသကို စနစ်တကျ စိစစ်ရွေးချယ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေး လေလွင့်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မျိုးသန့်ခြံ၌ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံထောပတ်အသင်းတာဝန်ရှိသူက ပြည်ပဈေးကွက်သို့တင်ပို့မှု အဆင်ပြေချောမွေ့စေရေး တင်ပြချက်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ဒေသအတွင်း ရေကြီးရေလျှံမှု လျော့ပါးသက်သာရေး၊ ကော်ဖီစိုက်ပျိုးရေးအတွက် ပံ့ပိုးပေးနိုင်ရေးတို့အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။
ထို့ပြင် ဘန်းယဉ်မျိုးသန့်ခြံအတွင်း စိုက်ပျိုးထားသည့် နေကြာ၊ မြေပဲ၊ ပဲပုပ်၊ ယာစပါးမျိုးစေ့ထုတ်စိုက်ခင်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေနေရာကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ပုဂ္ဂလိကပြောင်းစိုက်ခင်းနှင့် မွေးမြူရေးသုတေသနဦးစီးဌာန၏ သိုးမွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment