နေပြည်တော် ဩဂုတ် ၃
လေးမျက်နှာမြို့နယ် ငဝန်တာ တာမိုင် ၂၅ မိုင် ၃ ဖာလုံနေရာ တာကိုယ်ထည် နိမ့်ကျရေစီးဝင်မှုအပေါ် ကာကွယ်ထိန်းသိမ်းနိုင်ရေး တာအတွင်းဝင်ရောက်နေသော ကွင်းရေများလျော့ကျစေရေးအတွက် ဦးစားပေးအနေဖြင့် တာ၏မြစ်ဘက်ခြမ်းတွင်ရှိသော ကမ်းရင်း (စွန့်ပစ်) တာပေါင်ဟောင်းရှိ အလျားပေ ၃၀ ရေဝင်ပေါက်ပိတ်ခြင်း၊ ရေဝင်ပေါက်အနီး ဘေးနှစ်ဖက်တွင် ရေတိုက်စားမှုသက်သာစေရန် အရေးပေါ်ရေလွှဲတန်းရိုက်ခြင်း၊ ဝါးထရံကာခြင်း၊ သဲအိတ်ချခြင်း၊ Geo Bag (ကမ်းပြိုကာကွယ်ရေးအိတ်) များချခြင်း စသည့်လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပူးပေါင်းဆောင်ရွက်
ထို့ပြင် အကျယ်ပေ ၂၀၀ ခန့်နှင့် အနက်ပေ ၂၀ ခန့်ရှိသော ရေဝင်ပေါက်အားပိတ်ဆို့၍ ရေဝင်ပမာဏလျော့နည်းစေရေး ရေစီးဝင်ရာလမ်းကြောင်းတွင် အတားအဆီးများပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့်သံကိုယ်ထည်အဟောင်းများတွင် သဲကျောက်ဖြည့်နှစ်မြုပ်၍ ရေစီးလမ်းကြောင်း အောက်ခြေပိုင်းအား ထိန်းသိမ်းကာကွယ်တားဆီးရေး၊ Geo Bag အိတ်များ Gabion box ကျောက်ခြင်းများ ချထားဆောင်ရွက်နိုင်ရေးအတွက် တွဲဖက်အသုံးပြုနိုင်မည့် ရေယာဉ်များ၊ လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ အမြန်ဆုံးရောက်ရှိရေး၊ ပန်းတာရေတိုက်စားမှု ပိုမိုမကျယ်ပြန့်စေရေးနှင့် ယခုမိုးရာသီကာလတွင် ပန်းတာကိုပိုမိုတောင့်တင်းစေရန်၊ ရေဘေးကာကွယ်နိုင်ရန် ဆက်လက်ပြုပြင်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငဝန်တာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခြားလိုအပ်သည့် စက်ယန္တရားများကိုလည်း အသင့်စုစည်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်သည့်ပြင်ဆင်မှုများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment