Thursday, August 27, 2026

တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ လေ့လာ

 


နေပြည်တော် ဩဂုတ် ၂၆

နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များ နိုင်ငံတော်၏ သမိုင်းနှင့် တပ်မတော်၏သမိုင်းကြောင်းများကိုသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ တပ်မတော်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တပ်မတော်တည်ဆောက်မှုများ၊ တီထွင်ဆန်းသစ်မှုများကို ကြည့်ရှုလေ့လာပြီး အနာဂတ်ရည်မှန်းချက်များ ပေါ်ထွက်လာစေရန်၊ တပ်မတော်အကြီးအကဲများ၏ နိုင်ငံတော်နှင့် တပ်မတော်အပေါ် ထားရှိသောစေတနာနှင့် နိုင်ငံတော်ရှေ့ဆက်သွားမည့် ရည်မှန်းချက်များကိုသိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး အားကျအတုယူလိုသည့် စိတ်များဖြစ်ပေါ်လာစေရန်၊ ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇေယျာသီရိမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) အတွင်းရှိ ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်း ရုပ်ရှင်ကိုကြည့်ရှု၍ ပြတိုက်တာဝန်ရှိသူက ပြတိုက် သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားရာ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ယင်းနောက် တပ်မတော် (ကြည်း) ပြင်ပကွက်တွင် ခင်းကျင်းပြသထားသော ရှေးခေတ်ကြေးသွန်းအမြောက်များ၊ ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့် သံချပ်ကာများ၊ တပ်မတော် (ရေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများနှင့် တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကြသည်။

ထို့အပြင် ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သည့် ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ဆုအဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment