Wednesday, August 26, 2026

ဘာသာ၊ သာသနာ၊ စာပေ အဓွန့်ရှည်ရန်ထိန်းသိမ်း

 


ဗုဒ္ဓမြတ်စွာသာသနာ အရှည်တည်တံ့စေရန်နှင့် ဘုရားရှင်ဟောကြားတော်မူခဲ့သည့်တရားတော်များ မပျောက်မပျက်စေရန်၊ သန့်ရှင်းစင်ကြယ်စွာတည်တံ့စေရန်အတွက် ရဟန်းတော်များစုပေါင်း၍ ဘုရားဟောပါဠိပိဋကတ်တော်များကိုနှုတ်ဖြင့်ရွတ်ဆိုအတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်းဟုခေါ်ဆိုသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက် ထေရဝါဒဗုဒ္ဓဘာသာတွင် သင်္ဂါယနာခြောက်ကြိမ်တင်ခဲ့ရာ ပဉ္စမမြောက်နှင့်ဆဋ္ဌမမြောက် နောက်ဆုံးနှစ်ကြိမ်သည် မြန်မာနိုင်ငံတွင်တင်ခဲ့ခြင်းဖြစ်သည်။

ဆဋ္ဌသင်္ဂါယနာကို မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ခုနစ်နှစ်အကြာ သာသနာတော်နှစ် ၂၄၉၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ခရစ်နှစ် ၁၉၅၄ ခုနှစ်၊ မေလ ၁၇ ရက်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီးတွင် ကျင်းပခဲ့သည်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲကျင်းပရာတွင် () မြတ်စွာဘုရားဟောကြားတော်မူအပ်သော နိကာယ်ငါးရပ်ကို အထပ်ထပ်အဆင့်ဆင့်ရေးကူးကြရာ၌ သတိချွတ်ယွင်းရေးမှားမိခြင်းဟုဆိုအပ်သော ပမာဒလေခပါဠိပျက်များကို အထူးသန့်ရှင်းစင်ကြယ်စေလိုခြင်း၊ ()ထိုစင်ကြယ်သော ပိဋကတ်တော်များကို စက်တင်ပုံနှိပ်ပြီးလျှင် ဆဋ္ဌသင်္ဂါယနာတင်၍ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့စေခြင်းအားဖြင့် သာသနာတော်အဓွန့်ရှည်စွာတည်စေလိုခြင်း၊ ()လွတ်လပ်သောမြန်မာနိုင်ငံတော်နှင့်တကွ ဗုဒ္ဓဘာသာနိုင်ငံအားလုံးတို့ကသာသနာတော်ကို စုပေါင်းအားပေးချီးမြှောက်လိုခြင်းဟူသော ရည်ရွယ်ချက်()ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

ဆဋ္ဌသင်္ဂါယနာတင်မဟာဓမ္မသဘင်ကြီးကို တာဝန်ယူကျင်းပရသည့် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့သည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများဖြစ်သော မြန်မာနိုင်ငံအပါအဝင် သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုတို့ရှိ ပိဋကတ်တော်များကို စိစစ်သုတ်သင်တည်းဖြတ်ရေးအဖွဲ့များဖွဲ့စည်းကာ သန့်ရှင်းစင်ကြယ်သော ပိဋကတ်တော်များရရှိရေး ဆောင်ရွက်ခဲ့သည်။ ယင်းသို့ရရှိထားခြင်းကြောင့် ဆဋ္ဌသင်္ဂါယနာတင်နိုင်ရန် ပါဠိတော်များကို သုတ်သင်တည်းဖြတ်ရာတွင် နိုင်ငံစုံမှမူအမျိုးမျိုးတို့ကို နှိုင်းယှဉ်လေ့လာသုံးသပ်ဆုံးဖြတ်နိုင်ခဲ့ကြသည်။ ဆဋ္ဌသင်္ဂါယနာတင်မူ ပါဠိတော်ကျမ်းစာအုပ်များ၏ အောက်ခြေတွင်လည်း ‘‘နာနာပါဌ’’ (Different Version) များ ထည့်သွင်းဖော်ပြနိုင်ခဲ့သည်။ 

ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ထေရဝါဒဗုဒ္ဓဘာသာငါးနိုင်ငံမှ သံဃာတော်အပါး ၂၅၀၀ ပါဝင်တက်ရောက်တော်မူခဲ့ကြပြီး ထေရဝါဒဗုဒ္ဓဘာသာငါးနိုင်ငံမှ သံဃာ့မထေရ်မြတ်ကြီးများဦးစီး၍ ဗုဒ္ဓဒေသနာတော် ပိဋကတ်ကျမ်းစာအုပ်ရေ ၄ဝ ကို သန္နိပါတငါးကြိမ်ဖွဲ့၍ စိစစ်ရွတ်ဆို သင်္ဂါယနာတင်တော်မူခြင်းဖြစ်သည်။ နှစ်နှစ်တိုင်တိုင်ကျင်းပခဲ့ရသည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးသည် သာသနာတော်နှစ် ၂၅၀၀၊ မြန်မာသက္ကရာဇ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ခရစ်နှစ် ၁၉၅၆ ခုနှစ်၊ မေလ၂၄ရက်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ ၎င်းနောက် ဆဋ္ဌသင်္ဂါယနာတင်ဆရာတော်ကြီးများသည် အဋ္ဌကထာသင်္ဂါယနာနှင့်ဋီကာသင်္ဂါယနာတို့ကိုပါ ဆက်လက်ဆောင်ရွက်တော်မူခဲ့ကြရာ ခရစ်နှစ် ၁၉၆၂ ခုနှစ်တွင် အလုံးစုံပြီးမြောက်ခဲ့သည်။

ဆဋ္ဌသင်္ဂါယနာတင်သံဃာ့မထေရ်မြတ်ကြီးများက အကြိမ်ကြိမ်တည်းဖြတ်ထားသည့် ပိဋကတ်ကျမ်းစာများကို အထားအသို၊ ပုဒ်ပါဌ်အက္ခရာအစဉ်တကျဖြင့် ဓမ္မာစရိယဘွဲ့ရ ပါဠိပညာရှင်များက အထူးကြီးကြပ်၍ ဆဋ္ဌသင်္ဂါယနာပုံနှိပ်မူအဖြစ် နောင်အစဉ်အဆက် လက်ကိုင်ပြုနိုင်ရန် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဆဋ္ဌသင်္ဂါယနာမူ ပါဠိပိဋကတ်ကျမ်းစာများသည် ထေရဝါဒဗုဒ္ဓသာသနာဝင် သင်္ဂါယနာခြောက်တန်လုံးက လိုက်နာကျင့်သုံးခဲ့သော ‘‘လိုသည်ဟု ဖြည့်စွက်မှုမပြုခြင်း၊ ပိုသည်ဟုနုတ်ပယ်မှုမပြုခြင်းနှင့် မူလအတိုင်းထားရှိခြင်း’’ ဟူသော ထေရဝါဒမူသုံးရပ်နှင့်ညီညွတ်စွာ မူကွဲမရှိ အထူးစင်ကြယ်စွာတည်ရှိနေခြင်းဖြစ်သည်။

ယခုအခါ  ဆဋ္ဌသင်္ဂါယနာမူပါဠိပိဋကတ်တော်များကို ကွန်ပျူတာစာစီမူအဖြစ်  ပြန်လည်ပုံနှိပ်ဆောင်ရွက်လျက်ရှိရာ ၎င်းနှင့်ပတ်သက်၍ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသက ‘‘ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစာပေများမပျောက်ပျက်အောင် ထိန်းသိမ်းခြင်းလုပ်ငန်းသည် သာသနာရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သဖြင့် ယခုလိုအဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆဋ္ဌမူအတိုင်း ပြင်ဆင်ဖြည့်စွက်နုတ်ပယ်ခြင်းမပြုဘဲ နောက်ဆက်တွဲ(Index)ပါ နာနာပါဌ(Different Version)များ၊ အောက်ခြေမှတ်စု (Footnote) များပါမကျန် ကွန်ပျူတာစာစီမူပြန်လည်ပုံနှိပ်ဆောင်ရွက်ခြင်းသည် အလွန်ပြည့်စုံပြီး အင်မတန်ကောင်းမွန်သောအလုပ်ဖြစ်ပါကြောင်း၊ စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိကထားကြိုးစားရန်တိုက်တွန်းလိုပါကြောင်း’’ သြဝါဒကထာမိန့်ကြားချီးမြှင့်တော်မူခဲ့သည်။

ဆရာတော်ကြီး၏သြဝါဒနှင့်အညီ မိမိတို့၏ ဘာသာ၊ သာသနာ၊ စာပေမပျောက်မပျက် အဓွန့်ရှည်တည်တံ့ရေး တစ်မျိုးသားလုံးကဝိုင်းဝန်းထိန်းသိမ်း မြှင့်တင်ဆောင်ရွက်ကြရပါမည့်အကြောင်း။    

No comments:

Post a Comment