Tuesday, August 25, 2026

တာဝန်ကျေ နိုင်ငံ့သားကောင်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းတို့ စီမံပေးနေ

 


ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခဲ့ပြီး သတ်မှတ်ကာလပြည့်မြောက်သဖြင့် နေရပ်အသီးသီးသို့ ပြန်ကြမည့် နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရန် ‘‘စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ’’ က စီမံဆောင်ရွက်ပေးလျက်ရှိသည်။ 

၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ခဲ့ပြီးနောက်၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)ကို တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် စတင်ဖွင့်လှစ်ခဲ့ချိန်မှစကာ ယခုချိန်အထိ သင်တန်းအမှတ်စဉ်အသီးသီးမှ သင်တန်းဆင်းလာခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများအနက်မှ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြုလက်မှတ်များ ရရှိခဲ့သူများရာနှင့်ချီ၍ပင် ရှိနေပြီဖြစ်သည်။ 

တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တာဝန်များကိုထမ်းဆောင် လျက်ရှိရာတွင် ဒေသအချို့၌ ယာယီစိုးမိုးပြီး အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်နေကြသည့် လက်နက်ကိုင်သောင်းကျန်းသူများကို အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter - Terrorism Operation) များဆင်နွှဲ၍ မြို့ရွာများနှင့် အရေးကြီးသည့် ဆက်သွယ်သွားလာရေး လမ်းကြောင်းများကို ပြန်လည်သိမ်းပိုက်နေသည်။ ယင်းသို့ စစ်ဆင်ရေးများဆင်နွှဲရာတွင် ပြည်သူ့စစ်မှုထမ်းစစ်သည်များသည် မိမိတို့၏တာဝန်များကို တပ်မတော်နှင့်တစ်သားတည်း ကျေပွန်စွာထမ်းဆောင်ကာ သတ်မှတ်ကာလ ပြည့်မြောက်သူများအနေဖြင့် မိမိတို့နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိနေကြသည်။

ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသူ နိုင်ငံ့သားကောင်းများအား တာဝန်ပြီးဆုံးကြောင်း အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး အလုပ်အကိုင်များရရှိနိုင်ရေးအတွက် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီက စီမံဆောင်ရွက်ပေးလျက်ရှိရာတွင် အခွင့်အလမ်း(၄)ရပ်ရှိရာပထမ အခွင့်အလမ်းမှာ တပ်မတော်သားဘဝကို မြတ်နိုးစွာဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လိုသူများအတွက် အမြဲတမ်းစစ်မှုထမ်းအဖြစ် ပြောင်းလဲတာ၀န်ထမ်းဆောင်ခွင့် ပြုခြင်းဖြစ်သည်။ ကာယကံရှင်၏ဆန္ဒအရ တပ်မတော်သားဘဝကို အမှန်တကယ် ချစ်မြတ်နိုးပြီး တပ်မတော်တွင် တာဝန်ဆက်လက်ထမ်းဆောင်လိုသူများကိုသာ လက်ခံပေးခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်ကို စစ်မှုထမ်းသက်အဖြစ် အသိအမှတ်ပြုပေးခြင်း၊ အရည်အချင်းအလိုက် သင့်တော်သည့်ရာထူးအဆင့်ဆင့်ကို တိုးမြှင့်ပေးခြင်း၊ အရည်အချင်းကိုက်ညီသူများ ဗိုလ်သင်တန်းသို့ ဝင်ရောက်ဖြေဆိုခွင့် ပြုခြင်းတို့ အခွင့်အရေးအဖြစ်ရရှိမည်ဖြစ်သည်။

ဒုတိယအခွင့်အလမ်းမှာ ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးဆုံးပြီး နောက်သတ်မှတ် အရည်အချင်းကိုက်ညီသူများကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ပေးခြင်းဖြစ်သည်။ ယင်းသို့ခန့်အပ်ရာတွင် မူလအသက်သတ်မှတ်ချက်အား သုံးနှစ်အထိ တိုးမြှင့်လက်ခံပေးသွားမည် ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းထဲမှ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်သူများအတွက်လည်း မူလဌာနတွင် မူလတာဝန်အတိုင်းပြန်လည် ခန့်အပ်ပြီး စစ်မှုထမ်းကာလနှစ်နှစ်ကို လုပ်သက်တွင် ထည့်သွင်းတွက်ချက်ပေးသွားမည်ဖြစ်သည်။

တတိယအခွင့်အလမ်းမှာ ပြည်တွင်းပြည်ပ ပုဂ္ဂလိကအလုပ် အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်လိုသူ တာဝန်ကျေပြည်သူ့စစ် မှုထမ်းများအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီတို့ ပူးပေါင်း၍ပြည်တွင်းပြည်ပ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် အထူးဦးစားပေး ခန့်အပ်စေလွှတ် ပေးနေခြင်းဖြစ်သည်။

စတုတ္ထအခွင့်အလမ်းမှာ မိမိနေရင်းဒေသမှာပင် ကိုယ်ပိုင်လုပ်ငန်းလုပ်လိုသူများအတွက် လိုအပ်မည့်အရင်းအနှီးနှင့် ချေးငွေများထုတ်ချေးပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် နည်းပညာပံ့ပိုးပေးခြင်းအစီအစဉ်ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်ပြီးသူများမှာ ရိုးသားနိုးကြား ကြိုးစားမှုဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ကြရန်ဖြစ်သည်။

သို့ဖြစ်ရာ တာဝန်ကျေပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် မိမိတို့၏ သတ်မှတ်ကာလပြည့်မီစွာ တာဝန်ထမ်းဆောင်ပြီး သည့်နောက် အလုပ်အကိုင်အခွင့်အလမ်းများ အခက်အခဲဖြစ်ပေါ်နေပါက ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရေးချုပ်ရုံးနှင့် အလုပ်သမား ဝန်ကြီးဌာနတို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းကာ အလုပ်အကိုင်များရရှိရေး ဆောင်ရွက်နိုင်ကြပါသည့်အကြောင်း။ ။

No comments:

Post a Comment