Thursday, August 13, 2026

နိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး ငြိမ်းချမ်းရေးအကောင်အထည်ဖော်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ် သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားညီညွတ်ရေးအဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပလောင်လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ ယနေ့အချိန်အထိ လက်နက်ကိုင်ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ ခေတ်အဆက်ဆက်အစိုးရများနှင့် တပ်မတော်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယနေ့နိုင်ငံတော် အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ခိုင်မာသောသန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို ဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်လျက်ရှိရာ ယခုအစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတော်၏အနာဂတ်အတွက် ကောင်းမွန်သည့် တိုးတက်ဖြစ်ထွန်းမှုများ ရရှိလာခဲ့သည်။

နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဦးတည်လျှောက်လှမ်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိ ပြည်တွင်းပဋိပက္ခများဖြစ်ပွားခဲ့သော နိုင်ငံများကို လေ့လာကြည့်မည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာဝပြော နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် လက်နက်ကိုင်ပဋိပက္ခများ အရှည်ကြာဆုံးနိုင်ငံအဖြစ် တွေ့ရမည်ဖြစ်ပြီး တိုင်းပြည်တိုးတက်ရေးအတွက် ရှေ့မတိုးသာအခြေအနေဖြစ်ပေါ်နေသည်မှာ လက်နက်ကိုင်ပဋိပက္ခများကြောင့်ပင်ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရာတွင် မိမိတို့၏ ဖြစ်လိုသည်များထက် ပြည်ထောင်စုကြီးအတွက် ဖြစ်သင့်သည်များကို ဦးစားပေးဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခု ဆွေးနွေးညှိနှိုင်းခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရေးကို အမှန်တကယ်လိုလားလက်ခံကြသည်မှာ ပေါ်လွင်နေသည်။ နိုင်ငံတော်ကို မိဘကဲ့သို့ သဘောထားပြီး မိဘဖြစ်သည့်နိုင်ငံတော်၏ အရိပ်အာဝါသအောက်တွင် တိုင်းရင်းသားပြည်သူများက မိမိဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ခံယူထားကြသူများဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် မကြာခဏတွေ့ဆုံဆွေးနွေးခဲ့ပြီး ပိုမိုရင်းနှီးသည့်ဆက်ဆံရေးမှ နှစ်ဖက်ယုံကြည်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဟု လက်ခံထားကြသည်။ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေးလမ်းညွှန်မှုများကို ဒေသခံပြည်သူများအား ချပြဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသတည်ငြိမ်ရေးအတွက် အလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဟု သဘောတူထားကြသည်။

နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေး အလားအလာကောင်းများနှင့် နိုင်ငံရေးဆွေးနွေးမှုရလဒ်များသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် များစွာအထောက်အကူပြုပြီး ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် များနှင့် နှစ်ဖက်တိုက်ရိုက်ဆက်ဆံရေးခိုင်မာစေသည့် တင်ပြဆွေးနွေးချက်များကို နိုင်ငံတော်အကြီးအကဲထံ ဆက်လက်တင်ပြပြီး ညွှန်ကြားချက်မူဝါဒများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများပပျောက်ရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ပြီး ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment