နေပြည်တော် ဩဂုတ် ၁၄
ကျောင်းစာကြည့်တိုက်များတွင် အတန်းအဆင့်အလိုက် ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်သည့် စာပေများထားရှိရန်နှင့် စာကြည့်တိုက်ချိန်တွင် ဗဟုသုတတိုးပွားစေမည့် စာပေများကို အမှန်တကယ် ဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်၊ စာကြည့်တိုက်ဆောင်ရွက်ရန် အခက်အခဲရှိသော ကျောင်းများ၏ စာကြည့်တိုက်အချိန်တွင် အတန်းပိုင်ဆရာများက မြန်မာ့သမိုင်းနှင့် မြန်မာတို့၏ အထင်ကရခေါင်းဆောင်ကြီးများအကြောင်း၊ မြန်မာ့ပထဝီဝင်အကြောင်းတို့ကို ဗဟုသုတရအောင်မျှဝေပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ နေပြည်တော်ကောင်စီနယ်မြေ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျောင်းစာကြည့်တိုက်တိုင်းတွင် မြန်မာ့မြေပုံနှင့် ကမ္ဘာ့မြေပုံများထားရှိရေး၊ ကျောင်းများ၏ ကာယချိန်တွင် အားကစားနှင့်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေမည့် သင်ကြားသင်ယူမှုကို အလေးထားဆောင်ရွက်ရေး၊ ကျောင်းများတွင် ဆေးလိပ်အန္တရာယ်ကင်းစင်ရေး၊ ကျောင်းကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို စိတ်ဝင်စားဖွယ်ဟောပြောတတ်သူများအား ဖိတ်ခေါ်ဆောင်ရွက်ရေး၊ ကျောင်းကျန်းမာရေး အာဟာရအတွက် အသိပညာပေးရေး၊ ဘဝတစ်သက်တာသင်ကြားမှု Life skill ကို ခေတ်နှင့်အညီ update ပြုပြင်သင်ကြားရေး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်သော ကတ်ပြား Digitalization ပြုလုပ်ပေးနိုင်ရေးနှင့် Smart School ခြောက်ကျောင်းရွေးချယ်ထားပြီး ဒီဂျစ်တယ်အင်္ဂလိပ်စာ သင်ကြားရေးနှင့် AI အသုံးပြုနည်း သင်ကြားရေးအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရေး၊ Grade-12 အောင်ချက်မြင့်မားရေး၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအနေဖြင့် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများကို ဆိုဆုံးမရာတွင် မေတ္တာတရားဖြင့် ဆုံးမလမ်းညွှန်မှုပေးနိုင်ရေး မှာကြားသည်။
ထို့ပြင် တက်ရောက်လာသူများက တွေ့ကြုံရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရှင်းလင်းဖြေကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment