Thursday, August 20, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ထွက်ခွာ၊ ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိ



နေပြည်တော် ဩဂုတ် ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်အပြီးတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ဆက်လက်သွားရောက်ရန်အတွက် ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ ဆက်လက်ထွက်ခွာကြသည်။










နိုင်ငံတော်သမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပို့ဆောင်နှုတ်ဆက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုသို့ဂုဏ်ပြုတပ်ဖွဲ့မှ ပို့ဆောင်နှုတ်ဆက်စဉ် မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံတော်တေးသီချင်းများကို တီးမှုတ်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ဘယ်လာရုစ်နိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankievch နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Sergey Lukashevich နှင့် ဘယ်လာရုစ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

လေဆိပ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇော်နီလျှောက်လမ်း၏ တစ်ဖက်တစ်ချက်တွင် နေရာယူ၍ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မင့်စ်မြို့ရှိ The Victory Monument ရှိ လွမ်းသူပန်းခွေချ အလေးပြုမည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက The Victory Monument ၌ လွမ်းသူပန်းခွေချအလေးပြုရာ ဘယ်လာရုစ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သီချင်းနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတော်သီချင်းတို့အား တီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူပြီး တာဝန် ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါ မင့်စ်မြို့ရှိ The Victory Monument (အောင်ပွဲခံအထိမ်းအမှတ်ကျောက်တိုင်) သည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီကျူးကျော်သူများကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ဆိုဗီယက် တပ်မတော်သားများနှင့် ဘယ်လာရုစ်ပြောက်ကျားရဲဘော်များကို ရည်စူး၍ ၁၉၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော နိုင်ငံ၏ သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်ကြောင်း၊ အမြင့် ၃၈ မီတာရှိသည့် ၎င်းကျောက်တိုင်ခြေရင်းတွင် ကျဆုံးသူများကို အောက်မေ့သတိရသောအားဖြင့် “ထာဝရငြိမ်းချမ်း ရေးမီးတောက်” ကို အမြဲမပြတ်ထွန်းညှိထားရှိပြီး လက်ရှိတွင် နိုင်ငံတကာသံတမန်များနှင့် နိုင်ငံ့ခေါင်းဆောင်များ လာရောက်ဂုဏ်ပြုအလေးပြုရာ နေရာတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment