မန္တလေး ဩဂုတ် ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့အတွင်းရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးနှင့်အဖွဲ့သည်
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)သို့ရောက်ရှိကြပြီး
တက္ကသိုလ်အတွင်းရှိ အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက တက္ကသိုလ်၏
နောက်ခံသမိုင်းအကျဉ်း၊ မူဝါဒ၊ ဦးတည်ချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊
သင်ကြားလေ့ကျင့်ပေးလျက်ရှိသည့် ဘာသာရပ်များနှင့် ပညာသင်ကာလ စသည်ဖြင့်
တက္ကသိုလ်ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းပြချက်များအပေါ် ဒုတိယသမ္မတက
သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ
ဤတက္ကသိုလ်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို
ထိန်းသိမ်းမြှင့်တင်ပြီး အနုပညာရှင်မျိုးဆက်သစ်များ မွေးထုတ်ပေးရာတွင်
အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ဆရာဆရာမများအနေဖြင့် ခေတ်နှင့်အညီ
သင်ကြားရေးနည်းစနစ်များ တိုးတက်ကောင်းမွန်လာစေရေးနှင့် ကျောင်းသား၊ကျောင်းသူများ၏
ဖန်တီးနိုင်စွမ်းများ ပိုမိုမြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ရန်၊
မြန်မာ့ရိုးရာအနုပညာများ မပျောက်ပျက်စေရေးအတွက် ရိုးရာအနုပညာရပ်များကို
စနစ်တကျထိန်းသိမ်းလေ့လာသင်ယူပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်ရေးဆောင်ရွက်ရန်၊
နိုင်ငံတကာအဆင့်မီအနုပညာရှင်များ ပေါ်ထွက်လာစေရေးအတွက်
အရည်အသွေးရှိသောအနုပညာဆိုင်ရာ ပညာရေးကို အလေးထားဖော်ဆောင်ရန်နှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို
စနစ်တကျအသုံးပြုထိန်းသိမ်းထားရှိရန် မှာကြားသည်။
ထို့နောက် ရုပ်ရှင်နှင့်ပြဇာတ်ဌာန၌
ကျောင်းဆင်းစွမ်းရည်ပြပွဲတွင် ကပြဖျော်ဖြေရန် ကျောင်းသား ကျောင်းသူများ၏
ပြဇာတ်လေ့ကျင့်နေမှုနှင့် ဇာတ်ကားတည်းဖြတ်နေမှုတို့ကို ကြည့်ရှုအားပေးပြီး
ပန်းချီပညာဌာန၌ ကျောင်းဆင်းစွမ်းရည်ပြပွဲတွင်ပြသရန် ကျောင်းသားကျောင်းသူများ
ရေးဆွဲနေသည့် ပန်းချီကားများကိုလှည့်လည်ကြည့်ရှုရာ ကျောင်းသားကျောင်းသူများက
ပန်းချီကားများ၏ ခေါင်းစဉ်နှင့်အကြောင်းအရာများကို ရှင်းလင်းပြသကြသည်။
ယင်းနောက် တက္ကသိုလ်စာကြည့်တိုက်အတွင်းရှိ
ရည်ညွှန်းစာဖတ်ခန်းနှင့် E-library
ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဂီတပညာဌာန၌
ကျောင်းဆင်းစွမ်းရည်ပြပွဲတွင် ဖျော်ဖြေမည့် ကျောင်းဆင်းဂုဏ်ပြုတေးသီချင်း
သီဆိုလေ့ကျင့်နေမှုကို ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ဆက်လက်၍ သဘင်ပညာဌာန၌ ဆရာ၊ ဆရာမများနှင့်
ကျောင်းသားကျောင်းသူများ၏ နှစ်ပါးသွားအက လေ့ကျင့်နေမှုကိုလည်းကောင်း၊
ပန်းပုပညာဌာန၌ ကျောင်းသားကျောင်းသူများက သစ်သားပန်းပု၊ ရွှံ့ပန်းပု
ထုဆစ်နေမှုနှင့် ပန်းပုပြခန်း တို့ကိုလည်းကောင်း၊ ပန်းချီပြခန်း၌ အသုံးချ
ဒီဂျစ်တယ်အနုပညာဒီပလိုမာသင်တန်းမှ ကျောင်းသားကျောင်းသူများ ရိုက်ကူးထားသည့်ဓာတ်ပုံများနှင့်
ကျောင်းသားကျောင်းသူများရေးဆွဲထားသည့် ပန်းချီကားများကိုလည်းကောင်း၊ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို
တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ကို
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းပြီး တိုးတက်ထွန်းကားပြန့်ပွားအောင်ဆောင်ရွက်ရန်၊
ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထူးချွန်သောမျိုးဆက်သစ်
အနုပညာရှင်များပေါ်ထွန်းရေးအတွက် သုတေသနနှင့် လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊
ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံများကို
ဖော်ထုတ်မြှင့်တင်၍ သင်ကြားပို့ချနိုင်ရေးဆောင်ရွက်ရန်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့်
မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် စေရေး အနုပညာစွမ်းအားဖြင့် အထောက်အကူပြု ဆောင်ရွက်ရန်နှင့်
မြန်မာ့ရိုးရာအနုပညာရပ်များ ခေတ်နှင့်အညီတိုးတက်ပြန့်ပွားရေးအတွက်
ပြည်ပနိုင်ငံများရှိ အနုပညာတက္ကသိုလ်များနှင့်ချိတ်ဆက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်စသည့်
ရည်မှန်းချက်များဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုပညာသင်နှစ်တွင်
ဘာသာရပ်အလိုက် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၆၅
ဦးရှိကြောင်းသိရသည်။









No comments:
Post a Comment