Monday, August 10, 2026

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ကျိုင်းတုံမြို့၌ ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်

 

နေပြည်တော် ဩဂုတ် ၉

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများသည် ခရိုင်/မြို့နယ်များသို့ အထူးကုဆေးကုသရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(မန္တလေး)တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီး ၁၁ ဦး ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဩဂုတ် ၈ ရက်နှင့် ၉ ရက်များတွင် ရှမ်းပြည်နယ်ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး၌ အဆိုပါဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများက ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကုသမှုပေးရာတွင် အထွေထွေရောဂါလူနာ ၂၂၇ ဦး၊ နှလုံး ရောဂါဆိုင်ရာလူနာ ၁၅၀၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လူနာ ၈၅ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၄၇ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ ၅၁ ဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၄၄ ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါလူနာ ၇၄ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသလူနာ ၁၀၈ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ ၃၇ ဦး၊အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ၂၂၄ ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောရောဂါဆိုင်ရာလူနာ ၃၃ ဦး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ ၁၁၂ ဦး၊ အခြားရောဂါလူနာ ၆၇ ဦး စုစုပေါင်းဒေသခံပြည်သူ ၁၂၅၉ ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

ထို့ပြင် နှလုံးပုံရိပ်ဖော်ရိုက်ကူးခြင်း (Echocardiography) ၁၀၉ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုကုသခြင်း ခြောက်ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်းနှစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း(CT scan) ၁၆ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၂၈ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ၃၁၇ ခု၊ တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound) ဖြင့် ရောဂါရှာဖွေခြင်း ၁၀၈ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၃၀၈ ဦး၊ ကျောက်ကပ် သန့်စင်ခြင်းဆောင်ရွက်နိုင်ရန် လည်ပင်းပင်မသွေးကြောအတွင်း ပိုက်လိုင်းထည့်သွင်းခြင်း (Neck Line Insertion) တစ်ခုတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဆီးချိုနှင့် သွေးတိုးရောဂါ နှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုကိုလည်း ဆောင်ရွက်ခဲ့သည်။

လာရောက်ပြသသော လူနာများတွင် ကျိုင်းတုံမြို့နယ်သာမက ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်မှ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများ၊ "ဝ" အထူးဒေသ၊ မိုင်းလားအထူးဒေသတို့မှ ပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှုဆက်လက် ဆောင်ရွက်ရန်လိုအပ်သောလူနာ ၁၆ ဦးကို သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးနိုင်ခဲ့သည်။

ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၏ အဖွဲ့ဝင်များဖြစ်ကြသော ဦးသန့်ဇင်ထွန်းနှင့် ဦးအောင်မြတ်သာ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့သည် ဩဂုတ် ၈ ရက်တွင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသကုသမှု ခံယူကြသော လူနာများအား အားပေးစကားပြောကြားကာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ဆေးကုသမှုများကို ကြည့်ရှုအားပေးပြီး ကျိုင်းတုံပြည်သူ့ဆေးရုံကြီး ဆေးပဒေသာပင် အတွက် အလှူငွေနှင့်လူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment