သိင်္ဃသူ
(ယမန်နေ့မှအဆက်)
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် Economy of Russia တို့၏ အချက်အလက်များအရ ရုရှားနိုင်ငံသည် Nominal GDP တွင် ကမ္ဘာ့အဆင့် ၉ နေရာ၌ ရှိနေပြီး ဝယ်ယူနိုင်စွမ်းအား ကွာဟနှုန်း GDP (PPP)အရ ကမ္ဘာ့အဆင့် ၄ နေရာတွင် ရပ်တည်နေသော စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည်။ ရုရှားက ၎င်း၏ အဓိကပို့ကုန်များဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ရွှေ၊ ဂျုံ၊ ဓာတ်မြေဩဇာစသည်တို့ကို ဥရောပစျေးကွက်သို့ တင်ပို့လျက်ရှိရာ ရုရှား၏စီးပွားရေး ပြိုလဲစေရန် အတွက် အနောက်အုပ်စုက ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် ရုရှားက ဥရောပဈေးကွက်ကို လက်လွှတ်ကာ အာရှစျေးကွက်သို့ ပြောင်းလဲ၍ တင်ပို့ပြီး စီးပွားရေးအနေအထားတစ်ရပ် ပြန်လည် ရရှိလာအောင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာနှင့်ရုရှား ကုန်သွယ်ရေးတွင် လည်း စိုက်ပျိုးရေး၊ ဆန်၊ ပဲ၊ ရေထွက်ကုန်နှင့် စွမ်းအင်ကဏ္ဍများတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တစ်ဘီလီယံအထိ ရောက်ရှိစေရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင် လျက်ရှိသည်။
‘‘ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးသည် Supply Chain ပြောင်းလဲမှုများ၊ နည်းပညာတိုးတက်မှုများနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကြောင့် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လျက်ရှိပါကြောင်း၊ ရုရှား- မြန်မာနှစ်နိုင်ငံဆက်ဆံရေးသည် ကမ္ဘာ့ပထဝီစီးပွားရေးစိန်ခေါ်မှုများ မြင့်မားနေသည့် ကာလအတွင်းမှာပင် အပြန်အလှန် နားလည်ယုံကြည်မှုတို့ဖြင့် နိုင်ငံတကာမျက်နှာစာတွင် ခိုင်မာ စွာ ပူးပေါင်းဆောင်ရွက်နေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို အခြေပြုပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်နွှယ်မှုများသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အနာဂတ်မျှော်မှန်းချက်များအတွက် အဓိကကျသည့် အင်အားများဖြစ်ပါကြောင်း’’ သြဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ကျင်းပ သည့် ၂၀၂၆ ခုနှစ် ရုရှား - မြန်မာစီးပွားရေးဖိုရမ်၌ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားကျင်းပရာနေရာသည် ရုရှား နိုင်ငံ မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စုအစိုးရဘတ်ဂျက်သုံး အဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်ဖြစ်သည်။ရုရှားနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ
တက်ရောက်ကြသည့် အဆိုပါစီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတက လက်ရှိနှစ်နိုင်ငံကုန်သွယ်မှုအခြေအနေကို
ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ နိုင်ငံဆိုင်ရာ သိကောင်းစရာအချက်အလက်များကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များ
သိရှိအောင် ပြည့်ပြည့်စုံစုံရှင်းပြခဲ့ရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက်
စိတ်ပါဝင်စားမှုရှိသည့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များအဖို့ သိရှိရန်လိုအပ်သည့်
အချက်အလက်များပင် ဖြစ်သည်။
နိုင်ငံတော်သမ္မတပြောကြားခဲ့သည့် အချက်အလက်များတွင်
မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးသည့် မဟာဗျူဟာကျသည့်နေရာတွင်
တည်ရှိ နေသည့်အတွက် ပထဝီနိုင်ငံရေးအရသာမက စီးပွားရေးအရလည်း အလွန်အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊
လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍအနေဖြင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သော အသက်အရွယ်အပိုင်းအခြားရှိသည့်
လူဦးရေသည် တစ်နိုင်ငံ လုံး လူဦးရေ၏ ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိသည့်အတွက် အလုပ်လုပ်နိုင်သည့်
လူသားအရင်းအမြစ်များစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ပူအိုက်စွတ်စိုသည့်
မုတ်သုံရာသီရှိသည့် ဒေသဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ၁၂
လ ရာသီပတ်လုံး ဆောင်ရွက်
နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကြေးနီ၊ ရွှေ၊ ငွေနှင့် အခြားသတ္တုပစ္စည်းများ ထွက်ရှိပါကြောင်း၊
မြန်မာနိုင်ငံဒေသအချို့တွင်လည်း ကျောက်မီးသွေးထွက်ရှိသည့်အတွက် ကျောက်မီးသွေးကို အခြေခံ
သည့် လျှပ်စစ်ဓာတ်အားနှင့် မြေသြဇာထုတ်လုပ်သည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ပါ
ကြောင်း စသည်တို့မှာ လုပ်ငန်းရှင်တို့အဖို့ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နိုင်သည့်
အခွင့်အလမ်းများ ကို မြင်တွေ့နိုင်စေသည်။
ဆက်လက်၍ ‘‘ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် ဆောင်ရွက် လျက်ရှိရာ ပိုမိုရှင်းလင်းခိုင်မာပြီး
ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေး ရန်၊ လုပ်ထုံးလုပ်နည်းများကို
လွယ်ကူချောမွေ့အောင် ပြုပြင်ပြောင်းလဲရန်၊ သင့်တော်သည့် မူဝါဒ ဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန်
အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ အနေဖြင့် အရည်အသွေးပြည့်ဝပြီး
တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို အထူးအားပေး ဖိတ်ခေါ်လျက်ရှိနေပြီး ရေရှည်တည်တံ့မည့်
ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှုရှိစေရန်အတွက် ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း’’
ထည့်သွင်းပြောကြားခဲ့ရာ စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူတိုင်း မဖြစ်မနေ သိရှိလိုကြသည့်
အချက်များပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမည်ဆိုပါက ဈေးကွက်အလားအလာကောင်းမွန်ခြင်းနှင့် စပ်လျဉ်း ၍လည်း ကမ္ဘာ့အကြီးဆုံးဈေးကွက်များဖြစ်သည့်
လူဦးရေ ၁ ဒသမ ၄၇ ဘီလီယံရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေ ၁ ဒသမ ၄၁ ဘီလီယံရှိသည့်
တရုတ် နိုင်ငံအပြင် လူဦးရေ သန်း ၆၆၀ ကျော်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်လျက်ရှိသည့်
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် အာရှ ဈေးကွက်နှစ်ခုကို တံတားသဖွယ် ဆက်သွယ်ထားသည့်
နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ကို ပြောကြားလို ပါကြောင်း၊ မြန်မာနိုင်ငံသည် နေပြည်တော်ကို
ဗဟိုပြုပြီး ကီလိုမီတာ ၄၀၀၀ အချင်းရှိသည့် စက်ဝိုင်းဆွဲကြည့်ပါက ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ဖြစ်သော
၄ ဘီလီယံခန့်၏ အလယ်တွင် တည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များထဲက
တစ်ခုဖြစ်သည့် Regional Comprehensive Economic Partnership (RCEP) တွင် မြန်မာနိုင်ငံ
ပါဝင်နေသည့်အတွက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျစသည့် နိုင်ငံများနှင့် ကုန်သွယ်ရေးချိတ်ဆက်မှု
အခွင့်အလမ်းများလည်း ပိုင်ဆိုင်ထားပါကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်
အခွင့်အလမ်းများကို ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေး
ရေခံမြေခံကောင်းများ ပေါကြွယ်ဝမှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး စိုက်ပျိုး ရေးသုံး စက်ယန္တရားများ၊
မျိုးစေ့ထုတ်လုပ်မှုနည်းပညာနှင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊
တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ နည်းပညာအခြေပြု စက်မှုလုပ်ငန်း များတွင်
ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
ဆက်လက်၍ စွမ်းအင်ကဏ္ဍတွင်
ရေနံတူးဖော် ထုတ်လုပ်ခြင်း၊ ရေနံသန့်စင်ထုတ်လုပ်ခြင်း၊ ရေနံ ထွက်ပစ္စည်းများနှင့် ဓာတ်မြေသြဇာထုတ်လုပ်ခြင်း၊
သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ခြင်း၊
ခရီးသွားလုပ်ငန်းနှင့် ဒီဂျစ်တယ်နည်းပညာတို့တွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ စက်မှုဇုန်များ၊
အထူးစီးပွားရေးဇုန်များ၊ လယ်ယာပေါင်းစည်းဇုန်များ၊ စက်မှုစီမံကိန်းများ ထူထောင်ဆောင်ရွက်နိုင်ရေးတို့ကို
ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ အရေးပါသည့် သတ္တုသယံဇာတများနှင့် သဘာဝအရင်းအမြစ်များကို
ခေတ်မီတူးဖော်ရေးနည်းပညာများ အသုံးပြုထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ပြုပြင်ထုတ်လုပ်ခြင်း
လုပ်ငန်းများတွင် ပြည်တွင်းလုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို
ကြိုဆိုပါ ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည်
ရေ၊ မြေ၊ ရာသီဥတု၊ သယံ ဇာတ၊ လုပ်အား၊ ဈေးကွက်စသည်တို့ ပြည့်စုံသည့် တိုင် နည်းပညာ၊
ရင်းနှီးမြှုပ်နှံမှု၊ အတွေ့အကြုံတို့ လိုအပ်နေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ သယံ
ဇာတကြွယ်ဝမှု၊ မဟာဗျူဟာကျသော တည်နေရာ နှင့် ရုရှားနိုင်ငံ၏ နည်းပညာ၊ အတွေ့အကြုံတို့
ပေါင်းစပ်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး အပြန်အလှန်အကျိုးပြုသော
စီးပွားရေးအောင်မြင်မှုများရရှိနိုင်မည့် အလားအလာက ကြီးမားသည်။
အမှာစကားပြောကြားမှုအပြီးတွင်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က
G.V. Plek-hanov စီးပွားရေးတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ဆုတံဆိပ် (Medal of Merit) အား
ချီးမြှင့်ပေးအပ်သည်။
၂၀၂၆ ခုနှစ် ရုရှား- မြန်မာ စီးပွားရေးဖိုရမ် ကျင်းပသည့်
G.V. Plekhanov စီးပွားရေးတက္ကသိုလ် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင်
တည်ရှိပြီး ဖက်ဒရယ်ပြည်ထောင်စု အစိုးရဘတ်ဂျက် အသုံးပြုသည့် အဆင့်မြင့်ပညာရေးဌာနဖြစ်သည်။
အဆိုပါတက္ကသိုလ်သည် စီးပွားရေးပညာရပ်များ သာမက သိပ္ပံနှင့်နည်းပညာဘာသာရပ်များ၊ ဒီဂျစ်တယ်နည်းပညာနှင့်
အေအိုင်နည်းပညာများပါ သင်ကြားပေးလျက်ရှိသည်။ တက္ကသိုလ်တည်ထောင်မှုသက်တမ်း နှစ်ပေါင်း
၁၁၉ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံမှ နိုင်ငံတကာ ကျောင်းသားများအပါအဝင်
ကျောင်းသား ကျောင်းသူပေါင်း ၁၄၀၀၀ ကျော်ကို မွေးထုတ်ပေးခဲ့သော ထင်ရှားကျော်ကြားသည့်
တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာနှင့် ပညာရပ်ဆိုင်ရာ ချိတ်ဆက်မှုများ ခိုင်မာအားကောင်းစေရန်
စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ထင်ရှားသည့် ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ၊
ပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခဲ့ရုံမျှမက ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်များကို
မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ်ကြီးလည်းဖြစ်သည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်အား G.V. Plekhanov စီးပွားရေးတက္ကသိုလ်က ဂုဏ်ထူး ဆောင် ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းအခမ်းအနားကို
သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများ၊
မြန်မာ့အာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့် တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့်အဆင့်မြင့်နည်းပညာ
ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ G.V. Plekhanov စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ
ပါမောက္ခချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစီအစဉ်အရ
G.V. Plekhanov စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား
ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းနှင့်ပတ်သက်၍ ဘုတ်အဖွဲ့ ၏ သဘောထားဆန္ဒကိုရယူပြီး
အခမ်းအနားဖွင့်လှစ် ကြောင်း ကြေညာသည်။
ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ
သိပ္ပံ နှင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က ဆွေးနွေးတင်ပြသည်။ ၎င်း၏ တင်ပြချက်တွင်
‘‘ယနေ့ဘွဲ့နှင်းအခမ်းအနားတွင် ဘွဲ့အပ်နှင်းခြင်း ဆိုင်ရာ ဘုတ်အဖွဲ့အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ်
အပ်နှင်းခြင်းအပေါ် ဘုတ်အဖွဲ့အနေဖြင့် တညီတညွတ်တည်း ထောက်ခံခဲ့ခြင်းသည် ကောင်းမွန်သည့်
ဆောင်ရွက်ချက်တစ်ခုပင် ဖြစ်ပါကြောင်း၊ ထိုသို့ထောက်ခံဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား
စီးပွားရေးနှင့် ပညာရေးကဏ္ဍအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်အောင်
ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း’’ တို့ကို ထည့်သွင်းပြောကြားခဲ့ရာ မြန်မာနှင့် ရုရှားတို့၏
ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများတွင် စီးပွားရေးနှင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာ
မကြာတော့သည့် အနာဂတ်ကာလအတွင်း အရှိန်အဟုန်နှင့် ဖြစ်ထွန်းလာမည့် ပဏာမနိဒါန်းဟု ဆိုရမည်ဖြစ်သည်။
အဆိုပါအခမ်းအနားတွင်
တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းရန်အတွက်
ဘုတ်အဖွဲ့၏ အဆုံးအဖြတ်ကိုရယူပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဖက်ဒရယ်ပြည်ထောင်စုအစိုးရဘတ်ဂျက်သုံး
အဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို
အပ်နှင်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတက
ကျေးဇူးတင်စကားပြောကြားရာတွင် ‘‘ပလက်ဟာနော့ဗ် တက္ကသိုလ်က ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို
ပေးအပ်ချီးမြှင့်ခြင်းသည် မိမိတစ်ဦးတည်းကို ဂုဏ်ပြုခြင်းမျှသာမဟုတ်ဘဲ မြန်မာနိုင်ငံနှင့်
မြန်မာပြည်သူလူထုတစ်ရပ်လုံးကိုပါ ဂုဏ်ပြုခြင်း ဖြစ်သည်ဟု မှတ်ယူပါကြောင်း’’ ပြောကြားခဲ့ပြီး
ဆက်လက်၍ ယခုဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ သည် တစ်ဦးတစ်ယောက်၏ အသိအမှတ်ပြုခံရမှု မျှသာမဟုတ်ဘဲ
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား ပညာရေး၊ သုတေသနနှင့် အနာဂတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
မဟာဗျူဟာ မြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားကြရန်အတွက်
တွန်းအားတစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ မြှင့်တင်မှုများနှင့်
စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သလို နှစ်နိုင်ငံကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုများ
ယခုထက် ပိုမို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်းကိုလည်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ
မော်စကိုမြို့တွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos နိုင်ငံပိုင် ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်
Mr. Dmitry V. Bakanov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က သြဂုတ် ၁၉ ရက် ဒေသစံတော်ချိန်
မွန်းလွဲ ၁၂ နာရီခွဲတွင် တည်းခိုရာဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
နှစ်ဖက်တွေ့ဆုံ
ဆွေးနွေးမှုများအတွင်း နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်တွင် မြန်မာ အာကာသအေဂျင်စီနှင့်
Roscosmos တို့အကြား အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ ဂြိုဟ်တု အခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ်
(COSPAS- SARSAT)၊ ဂြိုဟ်တုလမ်းညွှန်မှုစနစ် တိုင်းတာရေး စခန်း (One Way Station) နှင့်
ကမ္ဘာအနီး အာကာသအန္တရာယ်
အလိုလျောက်သတိပေးစနစ် (ASPOS) တို့ကို လက်တွေ့ ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက် နားလည်မှုစာချွန်လွှာများ၊
စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံမှ အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊
မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တု အခြေပြုကာကွယ်ရေးစနစ် (COPAD-SARSAT)၊
ဂြိုဟ်တုလမ်းညွှန်မှုစနစ် တိုင်းတာရေးစခန်း (One Way Station)၊ ကမ္ဘာအနီး အာကာသအန္တရာယ်
အလိုအလျောက် သတိပေးစနစ် (ASPOS)၊ Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တုစနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များ၊
နာနို ဂြိုဟ်တု တည်ဆောက်လွှတ်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ အာကာသနည်းပညာ
ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ကဏ္ဍစုံဖွံ့ဖြိုး
တိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား အာကာသကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမည့်
အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြရာ မြန်မာ နိုင်ငံ၏ အာကာသနည်းပညာမှာ
အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် စွမ်းဆောင်ကြိုးပမ်းမှုများပင်ဖြစ်သည်။
နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ သြဂုတ် ၁၉ ရက်
ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် မော်စကိုမြို့ရှိ Memorial Museum of Cosmonautics
(အာကာသမှတ်တမ်းပြတိုက်) ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း
မြစ်တွင်းသွား ရှုခင်းကြည့်သင်္ဘောဖြင့် မော်စကိုမြစ်တစ်လျှောက် လိုက်ပါ စီးနင်း ကြည့်ရှုခဲ့သည်။
ဒေသစံတော်ချိန်
ညနေ ၅ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံး မိသားစုများအား
တွေ့ဆုံအမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတက အမှာစကားပြောကြား ရာတွင် နိုင်ငံတကာဆက်ဆံရေးများ
ကောင်းမွန်စေရေး၊ လုပ်ငန်းခွင်များတွင် ဆက်ဆံရေးများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်၊
နိုင်ငံ့အရေး ဆောင်ရွက်ရာတွင် ကောင်းမွန်သည့်စိတ်များဖြင့် ဆောင်ရွက်လိုသည့် စိတ်များမွေးရန်၊
နိုင်ငံတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများနှင့်
အခြေအနေမှန်ကို မသိရှိသည့် နိုင်ငံတကာမှ ကျောင်းသားများ သိရှိအောင် ဆောင်ရွက်ကြရန်၊
မြန်မာဆိုသည့်စိတ်ဖြင့် နေထိုင်ကြရန်၊ ပညာတော်သင်တစ်ဦးချင်း၏ ကြိုးစား အားထုတ်မှုများသည်
နိုင်ငံ့အကျိုးအတွက် အထောက်အကူပြုနိုင်ရန်၊ ဘာသာစကား၊ စာပေများနှင့် နည်းပညာများကို
မျက်ခြည်မပြတ် လေ့လာနေရန်၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင် ကြရန်တို့ကို မှာကြားသည်။
နိုင်ငံတော်အကြီးအကဲများ
ပြည်ပသို့ ရောက်ရှိခိုက် မိမိနိုင်ငံသံရုံး၊ စစ်သံရုံး၊ ပညာတော်သင်များ နှင့် မိမိနိုင်ငံသား
အသိုက်အဝန်းများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခြင်း၊ အမှာစကားပြောကြားခြင်းတို့က
အဆုံးအမနှင့် လုပ်ငန်းလမ်းညွှန်သဖွယ်ဖြစ်သကဲ့သို့ တစ်ပြည်တစ်ရွာတွင် ရောက်ရှိနေခိုက်ဖြစ်၍
စိတ်ဓာတ်ခွန်အားကိုလည်း ဖြစ်စေသည်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment