Thursday, July 16, 2026

မော်တော်ယာဉ် (ဝယ်ယူ/ရောင်းချ) ခြင်းအပေါ် အလိုအလျောက် တန်ဖိုးစိစစ် အခွန်တွက်ချက်ပေးဆောင်နိုင်မည့် VAVS စနစ်

 



ပြည့်ဖြိုးအောင် (ပြည်တွင်းအခွန်များဦးစီးဌာန)

ပြည်တွင်းအခွန်များဦးစီးဌာနသည် အများပြည်သူ နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဝန်ဆောင်မှုပေးရာတွင် ယခင်ကထက် ပိုမိုလွယ်ကူလျင်မြန်၍ အဆင်ပြေချောမွေ့စွာ အီလက်ထရောနစ်နည်းလမ်းဖြင့် အခွန်ဆိုင်ရာဝန်ဆောင်မှု ပေးနိုင်မည့်စနစ်များကို လေ့လာ၍ စီမံချက်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက်ပေးဆောင်မှုစနစ် (Vehicle Automatic Valuation System- VAVS) ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက် နေ့မှစ၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မော်တော်ယာဉ်များဝယ်ယူ/ ရောင်းချမှုအပေါ် နိုင်ငံတော်သို့ အခွန်ပေးဆောင်ခြင်း

မိမိတို့နိုင်ငံအတွင်းရှိ မော်တော်ယာဉ်များအား ဝယ်ယူခြင်း/ ရောင်းချခြင်းများ လုပ်ဆောင်ခြင်းအတွက် သက်ဆိုင်ရာအခွန်ရုံးများသို့ သွားရောက်၍ အခွန်ဆိုင်ရာကိစ္စရပ်များ စိစစ်မှုခံယူ၍ နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိကြပါသည်။ ထိုကဲ့သို့ စည်းကြပ်မှုကိစ္စရပ်များဆောင်ရွက်၍ နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ပြီးမှသာ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်၍ အမည်ပြောင်းလဲခြင်း၊ မော်တော်ယာဉ်သက်တမ်း တိုးမြှင့်ခြင်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကြရပါသည်။

သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာအခွန်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ရခြင်း၊ မော်တော်ယာဉ်နှင့်သက်ဆိုင်သည့် သတ်မှတ်စာရွက်စာတမ်းများကို ပြင်ဆင်ရခြင်း၊ လိုအပ်သည့် အခွန်စည်းကြပ်မှုဆိုင်ရာကိစ္စရပ်များကို အချိန်ယူဆောင်ရွက်ရခြင်းတို့အတွက် အဆိုပါလုပ်ငန်းစဉ် ပြီးဆုံးအောင် လုပ်ဆောင်နိုင်ရေး ရက်အနည်းငယ် အချိန်ပေးဆောင်ရွက်ကြရပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းမိဘပြည်သူများ အခွန်ရုံးများသို့ လူကိုယ်တိုင် သွားရောက်လုပ်ဆောင်ရသည့် အခွန်ပေးဆောင်မှု အဆင့်ဆင့်အပေါ် အချိန်ကြာမြင့်မှုကို လျှော့ချနိုင်စေရေး၊ မလိုလားအပ်သည့်ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး၊ နိုင်ငံတော်သို့ ကျသင့်အခွန်ပေးဆောင်ရာတွင် လျော့နည်းပေးဆောင်မှုများမရှိစေရေး၊ ကျသင့်အခွန်ကို ကိုယ်တိုင်တွက်ချက်၍ ပိုမိုလွယ်ကူစွာ နိုင်ငံတော်သို့ အခွန်ငွေပေးဆောင်နိုင်ရေး အစရှိသည့် ရည်ရွယ်ချက်ကောင်းများစွာဖြင့် VAVS စနစ်ကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

မော်တော်ယာဉ် (ဝယ်ယူ/ ရောင်းချ) ခြင်းအပေါ် အလိုအလျောက် စိစစ်အခွန်တွက်ချက်ပေးဆောင်မှုစနစ် (VAVS-Vehicle Automatic Valuation System) ဆိုသည်မှာ

VAVS စနစ်အား အလွယ်တကူနားလည်စေရန် ရှင်းလင်းတင်ပြရမည်ဆိုပါက မော်တော်ယာဉ်တစ်စီးအပေါ် တန်ဖိုးဖြတ်ခြင်းလုပ်ငန်းစဉ်ကို အလိုအလျောက်စိစစ်တွက်ချက် လုပ်ဆောင်ပေးသည့်စနစ်တစ်ခုဟု သဘောပေါက်နားလည်နိုင်ပါသည်။ အခွန်ထမ်းပြည်သူများအနေဖြင့် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များ၊ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော မော်တော်ယာဉ်များ၊ ပြည်တွင်း၌ ဝယ်ယူရောင်းချခြင်းများပြုလုပ်သည့် မော်တော်ယာဉ်များအတွက် အခွန်စည်းကြပ်မှုခံယူရာတွင် VAVS စနစ်အတွင်းသို့ ဝင်ရောက်တွက်ချက်၍ သတ်မှတ်တန်ဖိုးအတိုင်း ကျသင့်အခွန်ငွေကို e-Payment ဖြင့် နိုင်ငံတော်သို့ တိုက်ရိုက်အခွန် ပေးဆောင်နိုင်မည့်စနစ်ဖြစ်ပါသည်။

မော်တော်ယာဉ်နှင့်သက်ဆိုင်သည့် အချက်အလက်များ၊ အရောင်း/ အဝယ်ပြုလုပ်သည့် အချက်အလက်များ၊ ယာဉ်ပိုင်ရှင်၏ သက်ဆိုင်ရာအချက်အလက်များ အစရှိသည်တို့ကို အွန်လိုင်းမှတစ်ဆင့် VAVS စနစ်တွင် မှန်မှန်ကန်ကန် ဝင်ရောက်ဖြည့်စွက်၍ အလိုအလျောက် တန်ဖိုးစိစစ်တွက်ချက်ခြင်းနှင့် ချိတ်ဆက်ထားသော Online Payment များအနက် မိမိတို့ကြိုက်နှစ်သက်ရာ Online ငွေပေးချေမှု စနစ်တစ်ခုခုကို ရွေးချယ်ပေးဆောင်စေခြင်းတို့ကို One Stop Service လုပ်ဆောင်နိုင်မည့်စနစ်တစ်ခုလည်းဖြစ်ပါသည်။

သို့မှသာ အွန်လိုင်းမှတစ်ဆင့် နိုင်ငံတော်သို့ တိုက်ရိုက်ကျသင့်အခွန်ငွေပေးဆောင်ပြီးသည့်အခါ အခွန်ထမ်းမိဘပြည်သူအနေဖြင့် မိမိဖြည့်စွက်ခဲ့သည့် မိုဘိုင်းလက်ကိုင်ဖုန်းနံပါတ်သို့ VAVS စနစ်မှ အခွန်ပေးဆောင်မှုလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်ကြောင်း SMS တစ်စောင်ရောက်ရှိလာမည် ဖြစ်ပါသည်။ ထို့အပြင်လက်ရှိလုပ်ဆောင်နေရသည့် အခွန်စိစစ်ပြီးကြောင်းထောက်ခံချက် QR ပုံစံကို စနစ်အတွင်းမှ အလွယ်တကူထုတ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါ QR ပုံစံကို ကြည်လင်ပြတ်သားစွာ ထုတ်ယူ၍ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် တင်ပြပြီး မော်တော်ယာဉ်မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ အမည်ပြောင်းလဲခြင်းလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

VAVS စနစ်အကောင်အထည်ဖော်ဆောင်ခြင်းကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများ

စနစ်စတင်ပြီးပါက အကျိုးကျေးဇူးများစွာ ရရှိလာနိုင်မည်ဖြစ်ပါသည်။ မော်တော်ယာဉ်တစ်စီး ရောင်းချခြင်း/ ဝယ်ယူခြင်းလုပ်ဆောင်ပြီးနောက် ကျသင့်အခွန်ပေးဆောင်ရန် ပြင်ဆင်သည့်အခါ အခွန်ထမ်းမိဘပြည်သူတစ်ဦးအနေဖြင့် မြို့နယ်အခွန်ရုံးများသို့ လူကိုယ်တိုင်သွားရောက်၍ အခွန်စိစစ်ခြင်းကိစ္စရပ်များဆောင်ရွက်ရန် မလိုအပ်တော့ပါ။ အဆိုပါစနစ်ကို နိုင်ငံအတွင်း အင်တာနက်ရရှိသည့် မည်သည့်နေရာဒေသကမဆို ဝင်ရောက်အသုံးပြုခြင်းအားဖြင့် မိမိ၏မော်တော်ယာဉ်တန်ဖိုးအပေါ် ဘက်လိုက်မှုမရှိသော တိကျသည့်တန်ဖိုးသတ်မှတ်မှုတစ်ခုကို ရရှိစေမည်ဖြစ်ပါသည်။

ထို့အပြင် စက္ကန့်ပိုင်းအတွင်း မိမိ၏မော်တော်ယာဉ်တန်ဖိုးကို စနစ်ကသတ်မှတ်ထားသည်နှင့်အညီ ကိုယ်တိုင်စိစစ်တွက်ချက်သတ်မှတ်နိုင်သောကြောင့် ယခင်က ရက်အတော်ကြာအောင် အချိန်ပေးဆောင်ရွက်ရသည့် အချိန်နှင့် လုပ်အားကုန်ကျမှုကို လျှော့ချပေးနိုင်ခြင်းဟူသည့် အကျိုးကျေးဇူးကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် အဆိုပါ VAVS စနစ်စတင်ပြီးသည့်နောက် နိုင်ငံတော်အစိုးရအနေဖြင့် အခွန်စိစစ်ပြီးကြောင်းထောက်ခံချက် QR ပုံစံအတွက် ကျခံကုန်ကျရသည့် နိုင်ငံတော်ဘဏ္ဍာငွေများ သက်သာသွားမည်ဖြစ်သည့်အပြင် မိဘပြည်သူများအနေဖြင့် မော်တော်ယာဉ်အပေါ် အလိုအလျောက် တန်ဖိုးစိစစ်တွက်ချက်သတ်မှတ်ပေးသည့် VAVS စနစ်ကြောင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စွာဖြင့် လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်းနှင့် အခွန်ဆိုင်ရာ အသိပညာပြည့်ဝစွာဖြင့် မိမိတို့နိုင်ငံအတွက် အခွန်တာဝန်ကျေပွန်သည့် နိုင်ငံကြီးသားများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုရင်း မကြာခင်စတင်တော့မည့် အခွန်ဆိုင်ရာ ဝန်ဆောင်မှုစနစ်တစ်ခုဖြစ်သည့် VAVS စနစ်အကြောင်း အနည်းငယ် တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment