Friday, July 31, 2026

မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်း အသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအတွက် စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ် အသိပေးထုတ်ပြန်ခြင်း

 

၁။      မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားသူများက မသမာသောနည်းလမ်းအသုံးပြု၍ စက်သုံးဆီဝယ်ယူခြင်းခံရသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများသို့ စက်သုံးဆီဝယ်ယူခွင့် QR Code အသစ်ထုတ်ပေးနိုင်ရေး အောက်ဖော်ပြပါ အထောက်အထားများနှင့်အတူ လျှောက်ထားရမည်ဖြစ်ပါသည်-

(က)    မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက် မူရင်း၊                          

(ခ)     မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်မိတ္တူ (Colour)၊

(ဂ)     ယာဉ်ပိုင်ရှင်၏မှတ်ပုံတင်မိတ္တူ (Colour)၊

(ဃ)    ယာဉ်ပိုင်ရှင်၏နေရပ်လိပ်စာ (မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်)နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊

(င)     မိမိပိုင်ယာဉ်နံပါတ်ဖြင့် အခြားဆိုင်များတွင် စက်သုံးဆီဝယ်ယူခဲ့မှု အထောက်အထား (ရက်စွဲ၊ အချိန်၊ ဆိုင်အမည်စသည်)

၂။       ယင်းအချက်အလက်များနှင့်လျှောက်ထားလာပါက တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများမှ စိစစ်တင်ပြမှုဆောင်ရွက်ပြီးနောက် QR Code အသစ်ထုတ်ပေးမည်ဖြစ်ပါသည်။

၃။      QR Code အသစ်ထုတ်ပေးပြီးနောက် အဆိုပါယာဉ်အတွက် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်တွင်ပါရှိသည့် Barcode သို့မဟုတ် အရောင်းဆိုင်မှထုတ်ပေးခဲ့သည့် QR Code ဖြင့် စက်သုံးဆီ ဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ အသစ်ထုတ်ပေးသည့် QR Code ဖြင့်သာ စက်သုံးဆီ ဝယ်ယူခွင့်ရရှိမည် ဖြစ်ပါသည်။

၄။      ယာဉ်ပိုင်ရှင်အနေဖြင့် အသစ်ထပ်မံထုတ်ယူသော QR Code ပျက်စီးပျောက်ဆုံးမှုမရှိစေရေး တာဝန်ယူထိန်းသိမ်းထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

No comments:

Post a Comment